ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းရွာ အနီး တပ်မတော် စစ်ကြောင်းတကြောင်း ယမန် နေ့ မွန်းလွဲပိုင်းက မိုင်းခွဲ တိုက်ခိုက်ခံရသဖြင့် စစ်ကြောင်းနှင့် အတူ လမ်းပြအဖြစ် ခေါ်ဆောင်လာသည့် ဒေသခံအမျိုးသားတဦး မိုင်းထိ သေဆုံးသွားသည်။
လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူမှာ အပေါက်ဝစံပြကျေးရွာမှ ဦးထွန်းအေးမြ(၄၂ နှစ်) ဖြစ်ပြီး ရွာဦး ဘုရားအနီးတွင် နွားများကို အစာကျွေးနေစဉ် တပ်မတော် စစ်ကြောင်း၏ ခေါ်ဆောင်ခြင်းကို ခံရခြင်း ဖြစ်ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့သူ အပေါက်ဝ ကျေးရွာဒေသခံ ဦးမောင်သိန်းဦးက ပြောသည်။
ဦးမောင်သိန်းဦးက “စစ်ကြောင်းက နေပူခံရွာဘက်ကနေ လာပါတယ်။ ကျနော်နဲ့ ထွန်းအေးမြက ဘုရားဝင်းထဲမှာ အတူ ထိုင်နေကြပါတယ်။ ကျနော်တို့ ၂ ယောက်ကို ခေါ်ပြီးတော့ ထိုင်ခိုင်းပြီး တပ်မတော်စစ်ကြောင်းက နားပြီး ထမင်းစားပါတယ်။ ထမင်းစားပြီးတာနဲ့ ကျနော်တို့ကို ခေါ်သွားတယ်။ ကျနော်က ကပ္ပိယ ါဆိုပြီး ပြောလို့ ကျနော်ကို အသက်လည်း ကြီးနေတော့ ထားခဲ့တယ်။ ထွန်းအေးမြကို ခေါ်သွားပါတယ်။ သူတို့ ၃ ဖာလုံကျော်အရောက်မှာ လက်နက်ပစ်သံတွေကြားလို့ ကျနော် မိသားစုဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
လမ်းပြ ခေါ်ဆောင်ခြင်းခံရခြင်းနှင့် ပတ်သက်ပြီး မိသားစုဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အပေါက်ဝ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ကြောင်း သေဆုံးသူ၏ အစ်ကို ဖြစ်သူ ဦးဦးသောင်းညွန့်က ပြောသည်။
သေဆုံးသူ ဦးထွန်းအေးမြ၏ အစ်ကို ဦးဦးသောင်းညွန့်က “ကျနော်တို့ ရဲစခန်းကို သွားတိုင်တော့ သေဆုံးသွားပြီလို့ ပြောတယ်။ ကျနော်တို့ အလောင်းကောက်ဖို့ သွားတော့ ကျနော့်ညီ ရွံ့တွေလူးပြီး သေနေတာကို တွေ့ပါတယ်။ လည်ပင်းမှာလည်း ဒဏ်ရာတွေ တွေ့ပါတယ်။ ခြေတွေ လက်တွေလည်း ကျိုးနေသလို ဖြစ်နေပါတယ် ။ တပ်မတော်က ဒီလို လုပ်တာတွေကို လူကြီးတွေက သက်ဆိုင်သူတွေကို အရေးယူ ပေးစေချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တပ်မတော်စစ်ကြောင်းက ပြိန်းချောင်း ကျေးရွာအနီးမှ ချောင်းလက်တက် တခုဖြတ်ကူးစဉ် မိုင်းခွဲ တိုက်ခိုက်ခံရပြီး ထိုအချိန်တွင် ရွာသား ၁ ဦးလည်း ဖြတ်လာသည့်အချိန် ဖြစ်နေသဖြင့် ထိမှန်သွားခြင်း ဖြစ်ကြောင်း ငြင်းဆို သည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “လမ်းပြခေါ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ကျနော်တို့ စစ်ကြောင်းက အပေါက်ဝ ရွာကိုမှ မဝင်တာ၊ အဲဒီအပေါက်ဝရဲ့ ဒီဘက် လယ်ကွင်းကို ဖြတ်လာတာ၊ ပြိန်းချောင်းကျေးရွာ အနီးအရောက် ချောင်းလက် တက် တခုကို ကူးနေချိန် အဲဒီက ရွာသား ၁ ဦးက ဖြတ်လာတော့ အဲဒီမှာ မိုင်း ၂ လုံးကွဲတယ်။ သူက မိုင်းကွဲတဲ့ နေရာနဲ့ အနီးဆုံးနေရာမှာ ရှိတဲ့အတွက် ခေါင်းမှန်ပြီး ဆုံးသွားတာ။ လမ်းပြခေါ်တယ်ဆိုတာ မဟုတ်ဘူး ။ အပေါက်ဝတို့ ကျောက်တော်တို့ဆိုတာ ကျနော်တို့ နယ်မြေ ကျွမ်းကျင်ပြီးသား မရောက်ဘူးတဲ့ တောတောင်တွေလည်း မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်ဖြစ်ပွားသည့် အပေါက်ဝ ရွာဦးဘုရာနှင့် ပြိန်းချောင်းကျေးရွာတို့မှာ ၁ မိုင်ကျော် ဝေးကွာပြီး ကားလမ်းမရှိသည့် အတွက် လယ်ကွင်းများကို ဖြတ်သွားရကြောင်းလည်း ဒေသခံများ ပြောပြချက် အရ သိရသည်။
သေဆုံးသူ ဦးထွန်းအေးမြ၏ မိသားစုဝင်များကမူ တပ်မတော်၏ ပြောကြားချက်ပေါ် လက်မခံဘဲ မတရားသဖြင့် လမ်းပြခေါ်ဆောင်ခဲ့သည့် တပ်မတော်သားများကို အရေးယူပေးစေချင်ကြောင်း ဇနီးဖြစ်သူ ဒေါ်မသန်းလှက ပြောသည်။
ဦးထွန်းအေးမြ၏ ဇနီးဒေါ်မသန်းလှက “သူတို့ လမ်းပြခေါ်သွားတယ် ဆိုတာကို သိလို့ ကျမတို့က ရဲစခန်းသွား တိုင်ပါတယ်။ ရဲစခန်းရောက်တော့ သေပြီတဲ့၊ ကျမတို့ အလောင်းသွားယူတဲ့အခါ စခန်းမှူးလည်း ပါတယ်။ အုပ်ချုပ်ရေးမှူး လည်း ပါပါတယ်။ ရွံတွေပေပြီးတော့ ခြေတွေ၊ လက်တွေ ကျိုးပြီး သေနေပါတယ်၊ စစ်သားတွေနဲ့ သေနတ်တွေနဲ့ ရှိ နေပါတယ်။ ကျမကတော့ ကြောက်လို့ ဘာမှတော့ မပြောခဲ့ဘူး။ သူတို့(စစ်သား)တွေလည်း ဘာမှ မပြောဘဲ ကြည့်နေကြတယ် ။ ဒီလို မတရား ခေါ်ဆောင်လို့ ကျမ ယောကျ်ား သေဆုံးတာ။ လူကြီးတွေ အရေးယူစေချင်တယ် ” ဟု ပြောသည်။
ယမန်နေ့ မိုင်းကွဲမှုဖြစ်စဉ် ပြီးနောက် တပ်မတော်စစ်ကြောင်းက ပြိန်းချောင်းကျေးရွာကို လက်နက်ကြီး ၊ လက်နက် ငယ်များဖြင့် လှမ်း၍ ပစ်ခတ်ကြောင်း ၊ ထိုပစ်ခတ်မှုကြောင့် ပြိန်းချောင်းကျေးရွာမှ အရပ်သား ၂ ဦးလည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
ဒဏ်ရာ ရရှိသည့် ပြိန်းချောင်းကျေးရွာသားများမှာ အသက် ၄၀ အရွယ် ဦးထွန်းလှိုင်နှင့် အသက် ၄၅ နှစ်အရွယ် စောရီတို့ ဖြစ်ကြောင်းလည်း ဦးထွန်းလှိုင်၏ ယောက်ဖ တော်စပ်သူ ပြိန်းချောင်းကျေးရွာနေ ဦးမောင်လှိုင်ဝင်းက ပြောသည်။
လက်ရှိအချိန်တွင်ဒဏ်ရာ ရရှိသည့် ပြိန်းချောင်းကျေးရွာသား ၂ ဦးမှာ ကျောက်တော် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသမှုများကို ခံယူနေပြီး သေဆုံးသူ ဦးထွန်းအေးမြ၏ ရုပ်အလောင်းကို ကျောက်တော်ဆေးရုံ ရင်ခွဲရုံမှ သယ် ဆောင်ကာ ယနေ့ မွန်းလွဲပိုင်းတွင် အပေါက်ဝ သုဿန်တွင် သဂြိုဟ်လိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ ဆက်လက် မြင့်တက်နေမှုနှင့် အရပ်သားသေဆုံးမှု ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ နှင့်အတူ ဖမ်းဆီးတရားစွဲခံရမှုများမှလည်း တနေ့ထက် တနေ့ များပြားလာနေသည်။
ယင်းသို့ တိုက်ပွဲနှင့် မသက်ဆိုင်ဘဲ အပြစ်မဲ့ အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်ပြီး ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ကာ စုံစမ်းရေး အဖွဲ့ဖွဲ့စည်း၍ စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လွှတ်တော်တွင် အဆို တရပ်တင်သွင်းခဲ့ရာ ယင်း အဆိုအား စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၈၀ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ တိုးလာနေကြောင်းလည်း ဦးထွန်သာစိန်က လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့သည်။
စက်တင်ဘာလ နောက်ပိုင်တွင်းလည်း ဒေသခံများ အနေဖြင့် သေဆုံးမှု ၊ထိခိုက်ဒဏ်ရာရရှိမှု၊ ဖမ်းဆီး ခံရမှုများ ရှိနေ သည့်အတွက် နောက်ထပ်တိုးလာသည့် သေဆုံးသူ ၊ ထိခိုက်သူ အရေအတွက်ကို အတိအကျ စာရင်း မပြုစု နိုင်သေးပါ။
လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ၊ ကျောက်တော် ၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ ဘူးသီးတောင် ၊ မြောက်ဦး ၊ မင်းပြား ၊ မြေပုံ စသည့် မြို့နယ်များတွင် နှစ်ဘက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲပင် ဖြစ်သည်။
You may also like these stories:
AA အနေဖြင့် စစ်မှုထမ်းဟောင်းများကို သတ်ဖြတ်မှု ဆက်မလုပ်ရန် ထုတ်ပြန်
ကျောက်တော်ပစ်ခတ်မှု ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
ကျောက်တော် ပစ်ခတ်မှု ဒေသခံတဦး သေဆုံ
ကျောက်တော် မီးဝရွာ လက်နက်ကြီး ကျပေါက်ကွဲ ၅ ဦးဒဏ်ရာရ
ကျောက်တော်၌ ရဲတပ်ကြပ်ကြီး ၁ ဦး ဓားထိုးခံရ၍ သေဆုံး