သတင်း

တပ်တွင်းမဲရုံများ တရားဝင်မှု မရေရာ

Want create site? Find Free WordPress Themes and plugins.

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံများကို တပ်နယ်မြေအတွင်း ထားရှိခြင်းသည် တပ်တွင်းမဲဆန္ဒရှင်များ၏ လွတ်လပ်စွာ မဲပေးခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း ပြောကြားလိုက်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကန့်ကွက်ထားသည်။

မဲဆန္ဒနယ် အများအပြားမှ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများသည် ၂၀၁၀ ရွေးကောက်ပွဲမှ စတင်ပြီး အထက် အရာရှိများ ကြီးကြပ်မှုအောက်ရှိ တပ်နယ်မြေ မဲရုံများတွင် မဲပေးရန် အမိန့်ထုတ်ထားသည်။ တပ်နယ်မြေများနှင့် တပ်ဖွဲ့ဝင်များ နေထိုင်ရာ နေရာများတွင်လည်း မဲရုံများကို စောင့်ကြည့်လေ့လာခြင်းအား လုံခြုံရေးကို အကြောင်းပြကာ ကန့်သတ်ထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ၂၀၁၂၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် ကြားဖြတ် ရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သည်။

တပ်မတော် တပ်ဖွဲ့ဝင်များသည် ၎င်းတို့ အထက်အရာရှိများ ထောက်ခံသည့် ပါတီအတွက် မဲပေးရန် ခြိမ်းခြောက် ခံရကြောင်း နိုင်ငံရေးပါတီတချို့နှင့် သုတေသီတချို့က ပြောသည်။

အချို့ကိစ္စများတွင် တပ်ဖွဲ့ဝင်များ၏ မဲကို ၎င်းတို့ အထက်အရာရှိများက တိုက်ရိုက် ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်စား အထက်အရာရှိများက ဖြည့်စွက်ထားပြီးသော မဲလက်မှတ်များကိုသာ ရရှိကြသည်ဟု ဆိုသည်။

ယခင် ရွေးကောက်ပွဲများ တွင်လည်း NLD သည် တပ်တွင်း မဲရုံများကို အလားတူ ကန့်ကွက်ခဲ့ကြောင်း NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက လွန်ခဲ့သော စက်တင်ဘာလတွင် မီဒီယာများကို ပြောကြားခဲ့သည်။

“ကျနော်တို့က အားလုံးကို မျှမျှတတ ဖြစ်စေချင်တယ်။ မဲရုံတွေကို စစ်တန်းလျားတွေမှာ ထားတာကို ကျနော်တို့ သဘောမတူဘူး” ဟု သတင်းထောက်များကို သူက ပြောသည်။ နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲ ဥပဒေများတွင် ဖြစ်နိုင်သော အပြောင်းအလဲများ ပြုလုပ်ရန် NLD က ပြောဆိုမည် ဖြစ်ကြောင်းလည်း သူက ဆိုသည်။

လက်ရှိ ရွေးကောက်ပွဲဥပဒေအရ မဲရုံတခုလျှင် မဲပေးသူပေါင်း ၃၀၀ အထိ ခွင့်ပြုထားသည်။

NLD ၏ ကန့်ကွက်ခြင်းနှင့် ပတ်သက်ပြီး တပ်မတော် ပြောခွင့်ရသူ ဗိုလ်ချုပ်ထွန်းထွန်းညီက တပ်မတော်သားများနှင့် မိသားစုများသည် အလုပ်အလွန်များသောကြောင့် စစ်တန်းလျားများတွင် မဲပေးရန်လိုကြောင်း တုံ့ပြန်သည်။

“ကျနော်တို့က ၂၄ နာရီ တာဝန် ထမ်းဆောင်နေရတယ်။ တပ်ဖွဲ့ဝင်တွေကော၊ သူတို့မိသားစုတွေပါ အပြင်ကိုထွက်ပြီး မဲပေးဖို့ ခက်ခဲတယ်” ဟု မကြာသေးခင်က နေပြည်တော်တွင် ကျင်းပသော တပ်မတော် သတင်စာရှင်းလင်းပွဲ တခုတွင် သတင်းထောက်များကို သူက ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အချိန်အနည်းငယ် အလိုတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုများအနေဖြင့် မှန်ကန်သော ကိုယ်စားလှယ်လောင်းကို မဲပေးရန် လိုကြောင်း ပြောခဲ့သည်။ ထိုမှန်ကန်သော ကိုယ်စားလှယ်လောင်း ဆိုသည်မှာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ပြီး ပြည်ပသြဇာ လွှမ်းမိုးမှုကို ခုခံကာကွယ်နိုင်သည့် တပ်မတော်ကို လိုလားသော နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး ရပ်တည်ချက်ရှိသူကို ဆိုလိုခြင်းဖြစ်သည်။

သူ၏မိန့်ခွန်းတွင် ကိုယ်စားလှယ်လောင်းများကို အတိအကျ ပြောဆိုခြင်းမရှိသော်လည်း တပ်မတော် တပ်ဖွဲ့များအနေဖြင့် NLD ကို မဲမပေးရန် ပြောခြင်းဖြစ်သည်ဟု အများက ယုံကြည်ကြသည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် နိုင်ငံသား တဦးနှင့် အိမ်ထောင်ကျခဲ့သူ ဖြစ်သည်။

မြန်မာ့တပ်မတော်တွင် အင်အား ၅ သိန်းခန့် ရှိသည်ဟု ခန့်မှန်းရသည်။ မိသားစုဝင်များနှင့် ပေါင်းစပ်လိုက်သောအခါ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၂ သန်းအနက် တပ်မတော်နှင့် ပတ်သက်သူ စုစုပေါင်း ၁ သန်းရှိလာသည်။ တပ်တွင်းမဲရုံ အရေအတွက်၊ မဲပေးခွင့်ရှိသူ အရေအတွက်နှင့် ယခင် ရွေးကောက်ပွဲများတွင် ထိုမဲရုံများမှ ရလဒ်များကို ဧရာဝတီ သတင်းဌာနက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့ မေးမြန်းခဲ့သော်လည်း ထိုအချက်များကို သုံးသပ်နေဆဲ ဖြစ်သောကြောင့် လတ်တလော မရရှိနိုင်သေးကြောင်း ပြောကြားခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်က အရပ်ဘက်မဲရုံတရုံ/ဧရာဝတီ

ယခင် ရွေးကောက်ပွဲများတွင် တပ်မတော် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ (USDP) သည် တပ်တွင်း မဲရုံများတွင် အပြတ်အသတ် အနိုင်ရပြီး အခြားပါတီများမှာ မဲအနည်းငယ်သာ ရကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။

တပ်မတော်နှင့်ပတ်သက်သော မဲဆန္ဒရှင်များသည် တပ်မှူးများ၏ စောင့်ကြည့်ခြင်းကို ခံနေရသောကြောင့် ၎င်းတို့ ထောက်ခံသော ကိုယ်စားလှယ်လောင်းကို လွတ်လပ်စွာ မဲပေးနိုင်ခြင်း မရှိကြောင်းလည်း သူက ပြောသည်။

၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲများတွင် တပ်တွင်းမဲရုံများ၊ အထူးသဖြင့် ကချင်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် ကြုံတွေ့ရသော ပြဿနာများကို NLD ဗဟို ပြန်ကြားရေးဌာန အတွင်းရေးမှူး မုံရွာအောင်ရှင်က ထောက်ပြခဲ့သည်။

“တပ်တွင်းမဲရုံတွေကနေ NLD အတွက် တမဲတည်း၊ ဒါမှမဟုတ် တမဲမှ မရတာမျိုးကိုတောင် တွေ့ရတယ်။ ဒီရလဒ်တွေက တရားဝင်လား မဝင်လား၊ သူတို့တွေ လွတ်လပ်စွာ မဲပေးခွင့် ရကြလားဆိုတာကို စဉ်းစားဖို့လိုတယ်” ဟု သူက ပြောသည်။

မဲဆန္ဒရှင်တိုင်း လွတ်လပ်စွာ မဲပေးခွင့်ရရှိရေးနှင့် အထက်အရာရှိများ မလွှမ်းမိုးနိုင်သည့် တပ်အနီးရှိ အရပ်သား မဲရုံများတွင် တပ်ဖွဲ့ဝင်များ မဲပေးခွင့် ရရှိရေးအတွက် NLD က ရွေးကောက်ပွဲကော်မရှင်ကို ပြောဆိုမည် ဖြစ်ကြောင်းလည်း မုံရွာအောင်ရှင်က ပြောသည်။

သို့သော် တပ်မတော်နှင့် ပတ်သက်သည့် မဲပေးသူများကို ပါတီတခုခုအား မဲပေးရန် ခြိမ်းခြောက်ထားပါက မဲရုံများသည် မည်သည့်နေရာတွင် ရှိသည်မဆို အရေးမပါတော့ကြောင်း အမည်မဖော်လိုသော ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်သည့် အဖွဲ့တခုက ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွင်းက တပ်နယ်မြေ မဲရုံတချို့ကို လေ့လာ စောင့်ကြည်ခဲ့ကြောင်း၊ လိမ်လည်မှု၊ မသမာမှုများကို လေ့လာစောင့်ကြည်ခွင့် ပြုခဲ့သော်လည်း ရွေးကောက်ပွဲနေ့ ရောက်မှသာ ထိုသို့ ခွင့်ပြုခြင်းဖြစ်ကြောင်း ထိုအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းတို့အတွက် သတ်မှတ်ထားသော မဲရုံပြင်ပတွင် ကြိုတင်မဲပေးခဲ့သော တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ပြီး လေ့လာသူများက စိုးရိမ်ကြသည်။ ကြိုတင်မဲပေးခြင်းကို လေ့လာ စောင့်ကြည့်ရန်ခက်ခဲပြီး တပ်ဖွဲ့ဝင်များသည် စစ်စခန်းများတွင် မဲပေး ရသောကြောင့် တပ်မတော်၏ ကြိုတင်မဲမှာ ပွင့်လင်းမြင်သာမှု ပိုမိုကင်းမဲ့ကြောင်း ရွေးကောက်ပွဲ လေ့လာသူတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ UEC အနေဖြင့် ကြိုတင် မဲပေးခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်လိုကြောင်း ထိုရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

၎င်းတို့က အကြံပြုချက်များ ပေးသော်လည်း UEC သည် ကြိုတင်မဲ အရေအတွက်ကို ထုတ်ပြန်ရန် တောင်းဆိုမှု၊ မဲပေးသည့် နေရာများ သို့မဟုတ် မဲဆန္ဒနယ်အတွင်းနှင့် နယ်ပြင်ပ မဲပေးသည့် အစီအစဉ်များကို ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Carter Center က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် နောက်ဆုံး အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

မဲဆန္ဒနယ်ပြင်ပ တပ်တွင်း ကြိုတင်မဲပေးခြင်းကို လေ့လာသူများနှင့် ပါတီကိုယ်စားလှယ်များ စောင့်ကြည့်ခွင် မရခဲ့ကြောင်းလည်း Carter Center အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် လေ့လာသူများသည် ထိုမဲများကို လျှို့ဝှက်ပေးသည်၊ မပေးသည်နှင့် ခြိမ်းခြောက်မှုမရှိဘဲ မဲဆန္ဒရှင်များ ကိုယ်တိုင်ပေးသည်၊ မပေးသည်ကို အကဲမဖြတ် နိုင်ကြောင်းလည်း ထိုအစီရင်ခံစာက ဖော်ပြသည်။

UEC နှင့် တွေ့တိုင်း တပ်နယ်မြေများအတွင်း မဲရုံများထားရှိခြင်းသည် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် ထိုကိစ္စကို ကန့်ကွက်ခဲ့ကြောင်း လူထုထောက်ခံမှု အရရှိဆုံး တိုင်းရင်းသားပါတီများ အနက် တခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ပြောသည်။

လွတ်လပ်စွာ မဲပေးခြင်းနှင့် မဲရုံများသို့ လွတ်လပ်စွာ သွားလာခွင့်တို့ ရရှိရေးအတွက် တပ်ဖွဲ့ဝင်များနှင့် မိသားစုများ မဲပေးသော လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်ပြီး တပ်မတော်နှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း UEC က ပြောသည်ဟု ပြည်တွင်း သတင်းများ၏ အဆိုအရ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ အရပ်ဘက်မဲရုံတရုံတွင် မဲရေတွက်စဉ်/ ဧရာဝတီ

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ တပ်မတော်သား ကိုယ်စားလှယ်များကို လွှတ်တော်နေရာ အားလုံး၏ ၂၅ ရာခိုင်နှုန်းကို ပေးထားပြီး ဖြစ်သောကြောင့် တပ်မတော်သားများနှင့် မိသားစုများမဲပေးရန် လိုမလိုကို SNLD အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က မေးခွန်းထုတ်သည်။

“သူတို့က လွှတ်တော်ကိုယ်စားလှယ် နေရာ ၂၅ ရာခိုင်နှုန်း ရပြီးသားမို့လို့ တပ်မတော်အနေနဲ့ မဲပေးဖို့ လိုမလိုကို ပြည်သူလူထု သဘောထား ကောက်ယူဖို့ လိုတယ်။ ပြည်သူလူထုက ကန့်ကွက်ရင် ဒါကို တပ်မတော်က လက်ခံဖို့ လိုတယ်” ဟု သူက ပြောသည်။

( San Yamin Aung ၏ Legitimacy of Myanmar Military Polling Stations in Doubt Ahead of 2020 Election ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

လက်ရှိ ဒီမိုကရေစီဟာ စစ်မှန်မှု မရှိပါဘူ

ထွေအုပ်အပြောင်းအလဲ အတွင်းလူတဦး၏ အမြင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား

တိုင်းရင်းသားပါတီများကို လျစ်လျူရှုခြင်းက ၂၀၂၀ တွင် NLD ကို အထိနာစေမည်

Did you find apk for android? You can find new Free Android Games and apps.
Loading