သတင်း

EITI စံနှုန်း အကောင်အထည်ဖော်မှု အဓိပ္ပာယ်ရှိသော တိုးတက် အဆင့် မြန်မာ ရရှိ

မြန်မာနိုင်ငံ အနေဖြင့် သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ရေးနှင့် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) စံနှုန်း အား အကောင်အထည် ဖော်ရာ၌ အဓိပ္ပာယ်ရှိသော တိုးတက်မှု အဆင့် (Meaningful progress) ရရှိသည်ဟု သိရသည်။

၂၀၁၉ အောက်တိုဘာ ၁၆ ရက်က အီသီယိုးပီးယားနိုင်ငံ အဒစ် အာဘာဘာမြို့တွင် ကျင်းပခဲ့သည့် EITI ဘုတ်အဖွဲ့ အစည်းအဝေး၌ ယင်းသို့ သတ်မှတ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် အကဲဖြတ်ဆန်းစစ် အတည်ပြုခြင်း (Validation)ကို ၂၀၁၈ ဇူလိုင် ၁ ရက်တွင် စတင်ခဲ့ခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံ EITI (MEITI) ညှိနှိုင်းရေးရုံး Senior Communication Officer မထက်နန္ဒာအောင်က ဧရာဝတီ ကို ပြောသည်။

ယင်းလုပ်ငန်းစဉ်၏ အဆင့် သတ်မှတ်ချက် လုပ်ငန်းစဉ် လုံးဝမရှိ (No progress), မလုံလောက်သည့် လုပ်ငန်းစဉ် (Inadequate progress), Meaningful progress, ကျေနပ်သည့် အဆင့် (Satisfactory progress) နှင့် သာလွန် အဆင့် (Beyond progress) များအနက် မြန်မာနိုင်ငံကို Meaningful progress သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မထက်နန္ဒာအောင်က“အဓိက ဘာကိုစစ်လဲ ဆိုတော့ EITI စံနှုန်းအတိုင်း လိုက်နာပြီး အကောင်အထည်ဖော်ရဲ့လား။ EITI အကောင် အထည်ဖော်ဆောင်မှုကြောင့် သက်ရောက်မှု ဘာတွေရှိသွားလဲ။ ဖော်ဆောင်တဲ့ နိုင်ငံအပေါ်မှာ သက် ရောက်မှု ဘယ်လောက်ရှိလဲ။ အဲဒါမျိုးတွေကို အဓိက ဆန်းစစ်တယ်”ဟုလည်း ရှင်းပြသည်။

ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံအနေဖြင့် အဓိပ္ပာယ်ရှိသော တိုးတက်မှု အဆင့် သတ်မှတ်ခံရပြီးနောက် EITI အကဲ ဖြတ်ဆန်းစစ်ခြင်း လုပ်ငန်းစဉ်အရ လာမည့် ၁၈ လအတွင်း ဘုတ်အဖွဲ့က သတ်မှတ်ပေးထားသော ပြုပြင်ပြောင်းလဲရ မည့် အချက်များကို ပြင်ဆင်ရမည်ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အပေါ် အကဲဖြတ်ဆန်းစစ် အတည်ပြုခြင်း ရလဒ်နှင့် ပတ်သက်၍ မူဝါဒပြုပြင်ပြောင်းလဲမှုများကို မိတ်ဆက် ပေးခြင်း၊ သယံဇာတ ထုတ်ယူရရှိသည့် အချက်အလက်များ ပွင့်လင်းမြင်သာမှု ဆိုင်ရာ တိုးမြှင့်ခြင်း၊ ခိုင်မာသော လူ ထု ဆွေးနွေးငြင်းခုံမှုကို လှုံ့ဆော်ပေးခြင်းနှင့် သက်ဆိုင်သူများကြား တွေ့ဆုံ ဆွေးနွေးရေး အတွက် ပလက်ဖောင်းတခု ဖန်တီးပေးခြင်း တို့အပေါ် EITI ဘုတ်အဖွဲ့က ချီးကျူးကြောင်း သိရသည်။

EITI ဥက္ကဋ္ဌ Helen Clark က“မြန်မာနိုင်ငံဟာ ယခင်က ပွင့်လင်းမြင်သာမှု မရှိတဲ့ စစ်အစိုးရတခုက တံခါးဖွင့်လာပြီး ပိုမို ပွင့်လင်းမြင်သာမှုကို ကတိကဝတ်ပြုတဲ့ ထူးခြားတဲ့ ဥပမာတခု ဖြစ်ပါတယ်”ဟု ပြောသည်။

အစိုးရ၏ အချက် ၁၂ ချက်ပါ စီးပွားရေး မူဝါဒသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် EITI ၏ မဟာဗျူဟာကျ သော အခန်းကဏ္ဍကို အထူးသဖြင့် သဘာဝရင်းမြစ်များအား စီမံအုပ်ချုပ်မှုကို အလေးထားကြောင်း၊ သဘာဝရင်းမြစ် ကဏ္ဍကို ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဖြစ်ပေါ်စေရန် အစိုးရ၏ ရည်ရွယ်ချက်ကို ထိုမူဝါဒ မူဘောင်နှင့် ပြုပြင် ပြောင်း လဲရေး အစီစဉ်များက ပွင့်လင်းမြင်သာမှုကို အလေးထားစေသည်ဟုလည်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ တိုးတက်မှုကို အသိအမှတ်ပြုမှုနှင့်အတူ မြန်မာနိုင်ငံ၏ လိုင်စင်ချထားပေးခြင်း၊ ကျောက်မျက်ရတနာ ထုတ်လုပ်မှု အချက်အလက်များနှင့် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ (SOEs) နှင့် ပတ်သက်၍ အများပြည်သူဆိုင်ရာ ဖွင့်ဟဖော်ထုတ်မှုများ တိုးမြှင့်ပေးရင်းနှင့် EITI အစီရင်ခံစာ၏ ပြည့်စုံမှုကို ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း EITI ဘုတ် အဖွဲ့က အလေးပေး ပြောကြားသည်ဟု ဆိုသည်။

EITI တွင် ဒေသဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်မှု အတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖြစ်ရန် လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် EITI လုပ်ငန်းစဉ် ကဏ္ဍအားလုံးတွင် အတားအဆီးမရှိ ပါဝင်နိုင်စေရန် အာမခံပေး နိုင်ရေးကိုလည်း မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မတော်နှင့် ဆက်နွယ်သော သယံဇာတ ထုတ်ယူသည့် ကုမ္ပဏီများ၏ အခြေအနေကိုလည်း ရှင်းလင်းစေ ရန် နှင့် ၎င်းတို့၏ လုပ်ဆောင်မှုများကို တိတိကျကျ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ ကြောင်းလည်း ဆိုသည်။

မကွေး EITI Watch Group ၏ Coordinator ကိုအိုလာက“ဒါကတော့ တော်တော်ခက်ခဲမယ့် ကိစ္စလို့ပဲ ကျနော် မြင် ပါ တယ်။ သယံဇာတ ထုတ်ယူတဲ့နေရာတွေက ပိုင်ရှင်အစစ်တွေကိုလည်း မဖော်ထုတ်နိုင်သေးတဲ့အပြင် တပ်နဲ့ ပတ် သက်တဲ့ ကိစ္စတွေကို လုပ်နိုင်ဖို့ ဖော်ထုတ်ပြနိုင်ဖို့ ဆိုတဲ့ ကိစ္စမျိုးမှာ စစ်တပ်ဘက်က လိုလိုလားလား ရှိလာမှသာပဲ အဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်”ဟု ပြောသည်။

နိုင်ငံတကာ EITI စံနှုန်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်ရေး ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန် ဟူသည့် အချက်ပါဝင်သော်လည်း မြန်မာနိုင်ငံ၏ စံနှုန်းတွင် အရပ်ဘက် အဖွဲ့အစည်းများ အခန်းကဏ္ဍ၌ အကန့်အသတ်များ ထည့် ထားရာ EITI စံနှုန်းနှင့် ကိုက်ညီမှု မရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

“(EITI လုပ်ငန်းစဉ်) အပြည့်ဝကြီး အောင်မြင်တာတော့ မဟုတ်ဘူးပေါ့။ အကန့်အသတ်နဲ့ အစိတ်အပိုင်း တခုလောက် ပဲ အောင်မြင်တယ်လို့ ယူဆလို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်မျက်ကဏ္ဍမှာပဲ ကြည့်ကြည့် သဘာဝ ဓာတ် ငွေ့ကဏ္ဍမှာပဲ ကြည့်ကြည့် သေသေချာချာ ကိုင်တွယ်ပြီးတော့ အောင်မြင်မှုရှိပြီး လူတွေ အကျိုးဖြစ်ထွန်းတာတော့ အပြည့် အဝ မရှိသေးပါဘူး”ဟုလည်း ကိုအိုလာက မှတ်ချက်ပြုသည်။

လက်ရှိ အခြေအနေတွင် ကရင်ပြည်နယ်ရှိ မြိုင်ကလေး ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေး စွန့်ပစ်ရေများကြောင့် ညစ်ညမ်းမှုဖြစ်စေသည့် ကိစ္စများတွင် ချက်ချင်း လျော်ကြေးပေးခြင်း၊ ညစ်ညမ်းမှုအတွက် ကုစားပေးခြင်းများ မလုပ် နိုင်ခြင်းက အနီးစပ်ဆုံး ဥပမာဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာအစိုးရ အနေဖြင့် ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွင် EITI ၏ အချက်အခြာကျမှုကို အသိအမှတ်ပြုသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက“EITI ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို မောင်းနှင်တဲ့ အဓိက သော့ချက်ဖြစ်ပါတယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက“မြန်မာအစိုးရဟာ EITI စံနှုန်း စည်းကမ်းတွေ ပြည့်မီဖို့ ကတိကဝတ် ပြုပါတယ်။ နိုင်ငံရဲ့ တိုး တက်မှု အားလုံးနဲ့ ဆက်စပ်မှု ရှိစေဖို့ EITI အကောင်အထည်ဖော်ခြင်းကို နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) နဲ့ ကိုက်ညီအောင် ကျနော်တို့ အားထုတ်ထားပါတယ်။ MSDP ဟာ ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေ ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံရဲ့ မူဘောင်ဖြစ်ပါတယ်။ ဘုတ်အဖွဲ့ရဲ့ အတည်ပြုချက်ပါ အကြံပြုချက်တွေ ကို ကြိုဆိုပြီး ကျနော်တို့ နိုင်ငံသားတွေရဲ့ အကျိုးအတွက် သယံဇာတ ထုတ်ယူရေးကဏ္ဍမှာ နောက်ထပ် ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်ဆောင်သွားဖို့ အဆင်သင့် ရှိနေပါတယ်”ဟုလည်း ပြောဆိုသည်။

EITI ဆိုသည်မှာ သဘာဝသယံဇာတ အရင်းအမြစ်များ စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန် ခံ မှု တို့အား တွန်းအားပေးသည့် နိုင်ငံတကာ စံနှုန်းတရပ်ဖြစ်ပြီး EITI စံနှုန်းတွင် စံနှုန်းလိုအပ်ချက် ၇ ချက် ပါဝင်ကာ ယခု အခါ မြန်မာနိုင်ငံ အပါအဝင် ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ နော်ဝေ၊ ယူကေ၊ ဂျာမနီ စသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ EITI စံနှုန်းအား လိုက်နာ အကောင်အထည်ဖော်လျက် ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အစိုးရသည် ၂၀၁၂ ဒီဇင်ဘာတွင် သမ္မတအမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီးနောက် EITI ကို အကောင် အထည် ဖော်ရန် စတင် လုပ်ဆောင်ခဲ့ပြီး ကဏ္ဍစုံမှ မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်သည့် အမြဲတမ်း အဖွဲ့တဖွဲ့ကို ဖွဲ့စည်း ခဲ့ပြီးနောက် EITI ဘုတ်အဖွဲ့က မြန်မာနိုင်ငံကို EITI အဖွဲ့ဝင်အဖြစ် ၂၀၁၄ ဇူလိုင်တွင် လက်ခံပေးခဲ့ကြောင်း သိရသည်။

Loading