ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း လက္ကာကျေးရွာနှင့် ဝေသာလီကျေးရွာအနီးတို့တွင် တပ်မ တော်နှင့် AA တို့ ယနေ့ မနက်ပိုင်းက နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားစဉ် ဒေသခံများမှာလည်း တိုက်ပွဲကြား ပိတ်မိမည်ကို စိုးရိမ် သည့်အတွက် လှေဖြင့် ထွက်ပြေးရာ လှေနစ်၍ ကလေး ၂ ဦးသေဆုံး ခဲ့ကြောင်း သတင်း ရရှိသည်။
လက္ကာရွာထဲတွင် တပ်မတော်နှင့် AA အဖွဲ့တို့သည် ယနေ့ နံနက် ၆ နာရီ အချိန်ကတည်းက နှစ်ဖက်ရင်ဆိုင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ခဲ့ပြီး နေအိမ်တချို့မှာလည်း မီးလောင် သွားခဲ့ကြောင်း တိုက်ပွဲဖြစ်ပွား ရာ အနီးရှိ ပီပင်ရင်းရွာနေ ဦးသိန်းကျော်မြက ပြောသည်။
“တိုက်ပွဲက မနက် ၆နာရီကတည်းက စဖြစ်နေကြတာ၊ တော်တော်ပြင်းတယ်၊ မြောက်ဦးဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာလည်း ရှိတယ်။ လက္ကာရွာမှာဆို နေအိမ်တွေ မီးလောင်းနေတာကို မြင်ရတယ်” ဟု ဧရာဝတီသို့ ပြော သည်။
AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက လက္ကာရွာတွင် စခန်းချနေထိုင်သော တပ်မတော် စစ်ကြောင်းမှာ ရွာသားများကို ဒုက္ခပေးသည့်အတွက် လာရောက်တိုက်ခိုက်ခဲ့သလို စစ်ကူလာသော စစ်ကြောင်းတကြောင်းကို လည်း ဝေသာလီကျေးရွာအနီးတွင် ဖြတ်တိုက်ခဲ့ကြောင်း ဆိုသည်။
ထိုလက္ကာ ရွာတိုက်ပွဲနှင့် ဝေသာလီကျေးရွာ တိုက်ပွဲတို့တွင် တပ်မတော်ဘက်က ကျဆုံးမှု ရှိသလို လက်နက် ခဲ့ယမ်း မီးကျောက်များလည်း သိမ်းဆည်း ရမိကြောင်း သူကဆက်ပြောသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဆိုပါ လက္ကာ ရွာအနီးတွင် နယ်မြေ ရှင်းလင်းရေး လုပ်နေသော တပ်မတော် စစ်ကြောင်းကို ရွာထဲ ဘုန်းကြီး ကျောင်း ၊ စာသင်ကျောင်း တွင် AA က နေရာယူပြီး တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောသည်။
“ဒီနေ့ မနက် ၉ နာရီလောက်မှာ လက္ကာရွာဘက်မှာ ကျနော်တို့ တပ်တွေ နယ်မြေရှင်းလင်းရေး လုပ်တာရှိတယ်။ အဲဒီ မှာ AA အင်အား ၈၀ လောက်က ရွာထဲက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကနေပြီးတော့ တိုက်ခိုက်တာရှိတယ်။ အဲဒီ တိုက်ပွဲကြ ၆ နာရီ နီးပါးလောက်ကြားတယ်။ ရန်သူဘက်က အလောင်း ၊ လက်နက်ရရှိတာ ရှိတယ်။ ကျနော်တ့ို ဘက်ကလည်း အနည်းငယ် ထိခိုက်တာ ရှိတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးမြို့နယ်အတွင်း ယနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြို့မဈေးကြီး ပိတ်ထားခဲ့ရသလို မြောက်ဦးမှနေ ကျောက်တော်ဘက်သို့ သွားသည့် ကားလမ်းများမှာလည်း မွန်းလွဲ ၁ နာရီကျော်အထိ ရပ်နားခဲ့ရကြောင်း သိရသည်။
ယင်းဝေသာလီကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံကျေးရွာသားများမှာ နီးစပ်ရာ ကျေးရွာ သားများသို့ လှေဖြင့်ထွက်ပြေးကြရာ ပီပင်ရင်းကျေးရွာအလွန် ငစွေချောင်းတွင် လှေ နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ထိုလှေနစ်မြုပ်မှုကြောင့် ဝေသာလီရွာနေ ဦးမောင်ကျန်သိန်း၏ သားနှင့်သမီးဖြစ်သူ အသက်၁၆ နှစ်အရွယ် ၉ တန်း ကျောင်းသူ မခင်သန်းနှင့် အသက် ၃ နှစ်အရွယ် မောင်ကျော်နိုင်ဌေးတို့မှာ ရေနစ်ပြီး သေဆုံးသွားကြောင်းလည်း ပီပင်ရင်းရွာနေ ဦးသိန်းကျော်မြက ပြောသည်။
ဦးသိန်းကျော်မြက “တိုက်ပွဲက ရွာနားမှာဖြစ်တော့ ကြောက်ပြီး ရွာသားတွေ လှေနဲ့ထွက်ပြေးကြတာ၊ကျနော်တို့ ရွာကို ရောက်တယ်။ ကျနော်တို့ ရွာကိုလည်း ကျည်ဆန်တွေ လာကျတာ ရှိတော့ မလုံခြုံဘူးဆိုပြီးတော့ ရှေ့ရွာတွေကို ထွက် ပြေးကြတာ အဲဒီမှာလှေမြှပ်ပြီး ကလေး ၂ ဦး ဆုံးသွားတာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင် မင်းပြားမြို့နယ် ဒိုင်းသာရွာအနီးနှင့် ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါရွာတောင်တန်းများတွင်လည်း တပ်မတော် နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဘက်လုံးက အတည်ပြုသည်။
ပုဏ္ဏားကျွန်း ၊ မြောက်ဦး ၊ မင်းပြားမြို့စသည့်မြို့နယ်များတွင် တပ်မတော်နှင့် AA တို့ ယနေ့ တိုက်ပွဲများတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိကြောင်းလည်း သိရသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေး ရှောင်အရေအတွက်မှာ တနေ့ထက် ၊ တနေ့ များပြားလာနေပြီး ထိုစစ် ဘေးရှောင်ပြည် သူများအတွက် ကူညီထောက်ပံ့ရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့အပေါ် ဝေဖန်မှု မြင့်တက်လျှက် ရှိသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဘက်စစ်ရေးလှုပ်ရှားမှုအခြေအနေများကြောင့် အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေးခိုလှုံနေရသော စစ်ဘေးဒုက္ခသည် ၆၀၀၀၀ ကျော်အထိ တိုးလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး ( Rakhine Ethnic Congress ) က ထုတ်ပြန် ထားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အချိန်မီ လူနေအိမ် အဆောင်များ ဆောက်ပေးရန် စီစဉ်ထားပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ထား သော် လည်း မြေပြင် အခြေအနေတွင် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ကိုယ်ထူ ၊ ကိုယ်ထ ဆောက်လုပ်ကာ ဖြစ်သလို နေထိုင်ရကြသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲကာလ အတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး ၊ မြေမြုပ် မိုင်းကွဲမှုနှင့် စစ်ကျန် လက်နက်ကြီး ကျည်ဆန် ပေါက်ကွဲမှုတို့ ကြောင့် ထိခိုက်ဒဏ်ရာရသူ ၅၃ ဦး ၊ ပျောက် ဆုံးနေသူ ၉ ဦး ၊ ဖမ်းဆီး ခံရသူ ၁၅၆ ဦး ရှိကြောင်း ဇူလိုင်လ အတွင်းက ထုတ်ပြန်သော REC ၏ စာရင်းအရ သိရှိရသည်။
ယင်းနောက်ပိုင်တွင်းလည်း ဒေသခံများ အနေဖြင့် သေဆုံးမှု ၊ထိခိုက်ဒဏ်ရာရရှိမှု ၊ ဖမ်းဆီး ခံရမှုများ ရှိနေသည့်အတွက် နောက်ထပ်တိုးလာသည့် သေဆုံးသူ ၊ ထိခိုက်သူ အရေအတွက်ကို အတိ အကိုတော့ စာရင်း မပြုစု နိုင်သေးပေ။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက ရခိုင်ပြည်နယ် မြောက်ပိုင်း မြိုှု့နယ်များ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် တိုက်ပွဲများ ရပ်တန့်ရန် ဆေးနွေးနေကြသော်လည်း တိုက်ပွဲများက လက်ရှိ အချိန်အထိ လည်း ပြင်းထန်နေဆဲ ဖြစ်သည်။
You may also like these stories:
ရခိုင်လက်နက်ကိုင် ၂ ဖွဲ့ကြား ဆက်ဆံရေး တင်းမာ
ရခိုင်တွင် တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲများ ရှိနေ
AA အနေဖြင့် စစ်မှုထမ်းဟောင်းများကို သတ်ဖြတ်မှု ဆက်မလုပ်ရန် ထုတ်ပြန်
အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံရသည့် ရခိုင်ရွာသားများ အမှု ကြန့်ကြာနေဟုဆို