လွှတ်တော် ကိုယ်စားလှယ်များ အတွက် “ကျင့်ဝတ်” ရေးဆွဲနေသည်မှာ ၃ နှစ်ခန့်ရှိပြီ ဖြစ်ရာ ယခု အပြီးသတ်တော့ မည် ဖြစ်သဖြင့် မကြာမီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
လွှတ်တော် ကိုယ်စားလှယ်တိုင်း အတွက် လိုအပ်သဖြင့် နေပြည်တော်ရှိ လွှတ်တော် အခွင့်အရေး ကော်မတီ က ဦးဆောင် ရေးဆွဲနေခြင်း ဖြစ်ပြီး ယခု လွှတ်တော် သက်တမ်း စတင်စဉ်ကပင် ကိုယ်စားလှယ်ကျင့်ဝတ် ရှိသင့်သည် ဆိုသော ခံယူချက်ဖြင့် ရေးဆွဲနေခြင်းဖြစ်ကြောင်း ယင်းကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာ လှမိုးက ပြောသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက“ကိုယ်စားလှယ်တိုင်း အတွက် လိုအပ်လို့ ဆွဲတာပါ။ ကိုယ်စား လှယ်တယောက်က ဘယ်လိုနေရမယ်၊ ဘယ်လို ထိုင်ရမယ်။ ဘယ်လိုပြောရမယ်၊ ဘယ်လိုဆိုရမယ်။ ဘယ်လို ဆောင် ရွက်ရမယ်။ ဘယ်လို မဆောင်ရွက်ရဘူး ဆိုတဲ့ Do’s and Don’ts တွေပေါ့လေ။ ဥပဒေမှာ မပါတဲ့ဟာတွေကို ကျင့်ဝတ် အနေနဲ့ ရေးသား ထားတာပါ”ဟု ရှင်းပြသည်။
ဒီမိုကရေစီ နိုင်ငံပေါ်လာသည့် အချိန်တွင် လွှတ်တော်၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ လွှတ်တော်၏ အခန်း ကဏ္ဍတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် များသည် ကျင့်ဝတ်များ အတိုင်း နေထိုင်ရကြောင်း ပြည်သူကို ချပြခြင်းအားဖြင့် ပြည်သူများက လွှတ်တော် ကိုယ်စား လှယ်များ အပေါ်တွင် ယုံကြည်မှု တိုးပွားလာမည် ဖြစ်ကြောင်းလည်း ဆိုသည်။
ဒေါက်တာ လှမိုးက ဆက်လက်၍“လွှတ်တော် ကိုယ်စားလှယ်အပေါ်မှာ ယုံကြည်မှုတိုးပွားလာရင် လွှတ်တော် လုပ်ငန်း စဉ် တွေ အောင်မြင်လာမယ်။ လွှတ်တော် လုပ်ငန်းစဉ်တွေ အောင်မြင်လာရင် ဒီမိုကရေစီပိုပြီး ခိုင်မာလာမှာပေါ့”ဟု ပြောဆိုသည်။
ပြည်သူလူထုက မဲပေးထားခြင်းကြောင့် ပြောဆို နေထိုင်မှုများတွင် သတိပြုရမည့် အချက်များ ပါဝင်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်မှ ဝန်ကြီးချုပ် ဖြစ်သွားသူများလည်း လိုက်နာရမည် ဖြစ်ကြောင်း၊ အဂတိ ကင်းရှင်းရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးတို့လည်း ပါဝင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် အခွင့် အရေး ကော်မတီဝင်တဦးက ပြောသည်။
“ဆရာဝန်လည်း ကျင့်ဝတ်ရှိတယ်။ ဆရာ၊ ဆရာမတွေမှာလည်း ကျင့်ဝတ် ရှိတယ်။ အဲဒီလိုပဲ ကိုယ်စားလှယ်ကျင့်ဝတ် ရှိရမယ် ဆိုတဲ့ သဘောမျိုးပါ။ ဥပဒေတော့ မဟုတ်ဘူး။ ဒါပေမယ့် လိုက်နာရမှာပေါ့”ဟု ၎င်းက ဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်များ အတွက် ရေးဆွဲထားသည့် ကျင့်ဝတ်တွင် အခြေခံမူများ ပါရှိပြီး တာဝန်ယူမှု၊ တာဝန် ခံမှု၊ ပွင့်လင်း မြင်သာမှု၊ မျှတမှု၊ အားလုံး ပါဝင်နိုင်မှု၊ ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံမှုတို့ ပါဝင်ကြောင်းလည်း သိရ သည်။
လက်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲထားပြီး ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့် တာဝန်၊ အခွင့်အရေးများကိုလည်း ပြဌာန်း ထားပြီး ဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ် ကျင့်ဝတ် မရေးဆွဲခင် လွှတ်တော် ကိုယ်စားလှယ်၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ဝတ္တရားများကို လက်တွေ့ ကျကျ အကောင်အထည် ဖော်နိုင်သလား ဆိုသည်ကို လေ့လာဆန်းစစ်ရန် လိုကြောင်း၊ လွှတ်တော် ဥပဒေများအရ လွှတ်တော် အစည်းအဝေးများ အတွက် လိုအပ်ပါက ဌာနဆိုင်ရာ အချက်အလက်များ၊ စာရွက်စာတမ်းများကို တောင်း ယူ ကြည်ရှုခွင့် ပြုထားသော်လည်း လက်တွေ့တွင် အလုပ်မဖြစ်ကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစိန်ဝင်းက ပြောသည်။
“အောက်ခြေမှာ တောင်းတဲ့အခါကျတော့ တိုင်းရဲ့ ခွင့်ပြုချက်တောင်းလိုက်၊ ဗဟိုရဲ့ ခွင့်ပြုချက်တောင်းလိုက်နဲ့ တောင်း တာ နဲ့ပဲ လုပ်ငန်းမှာ ကြန့်ကြာမှုတွေ ဖြစ်နေတယ်။ ကျင့်ဝတ်ကို မပြောပါနဲ့ဦး၊ ကျင့်ဝတ်ဆိုတာ အင်မတန် ကျယ်ပြန့် တယ်။ နက်နဲတယ်။ ပုံသေ တွက်လို့ မရဘူး။ ပုံသေတွက်လို့ ရတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကိုတောင် လုပ်ပေးဖို့ အခက် အခဲ တွေ ရှိနေတယ်”ဟု ၎င်းက ထောက်ပြသည်။
လွှတ်တော် ကိုယ်စားလှယ်၏ ကျင့်ဝတ်ဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို ဆောင်ရွက်နိုင်မည့် ကိစ္စအဝဝကို ပြဌာန်း ထိန်းကျောင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ရာ တချို့ ကိုယ်စားလှယ်များသည် ပါတီ၏ လွှမ်းမိုး မှုကြောင့် အမှန်ကို ထုတ်ဖော်မပြောဆိုနိုင်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းမှုမျိုး တွေ့ရကြောင်း ဦးစိန်ဝင်းက ဆက်လက် ပြောဆိုသည်။
“အခုလို ကျင့်ဝတ်မျိုး ပြဌာန်းမယ့်အတွက် တကယ်တန်း ကျင့်ဝတ်ကို အကောင်အထည်ဖော်နိုင်ရင် ပါတီတွေရဲ့ လွှမ်းမိုးမှု နည်းနည်းလျော့သွားလိမ့်မယ်လို့ မြင်တယ်။ ပြောချင်တာကတော့ အခု ပြဌာန်းထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် တွေတောင် အကောင်အထည်ဖော်ဖို့ ခက်ခဲနေတာ ကျင့်ဝတ်လည်း အကောင်အထည်ဖော်ဖို့ ခက်ခဲနေဦးမှာပဲ”ဟု လည်း ၎င်းက ဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) မှ ဒု ဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးကမူ ကိုယ်စားလှယ် ကျင့်ဝတ် ပြဌာန်းရန် လွှတ်တော်ကို တရားဝင် တင်လာပါက ဆွေးနွေးရမည် ဖြစ်ကြောင်း၊ ယခု ရေးဆွဲမှုသည် မည်သည့် အတိုင်းအတာအထိ ရေးဆွဲထားသည်ကို မသိရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်ကို ကျော်လွန် လုပ်ဆောင်ခြင်းမျိုး မပြုသင့်ကြောင်း ပြောသည်။
“သူ့စည်းမျဉ်းစည်းကမ်းအတိုင်း ဆိုရင်တော့ ပြဿနာမရှိဘူး။ ဒါတောင်မှ တကယ့်တကယ်ပြောမယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်ရဲ့ Rights ပေါ့နော်။ သူ့ရဲ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာမှထိန်းချုပ်စရာ မလိုဘူး။ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ထုတ်ပြန်ထားပြီးသားပဲ။ ကျင့်ဝတ်ဆိုတာတော့ ထူးဆန်းနေတယ်။ သူတို့လုပ်တဲ့ ရည်ရွယ်ချက် အပေါ် မှာပဲ မူတည်တယ်”ဟု ၎င်းက ပြောဆိုသည်။
နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ ကိုယ်စားလှယ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကို ဥပဒေ၊ နည်း ဥပဒေ များနှင့် တိတိကျကျ သတ်မှတ်ထားရန် လိုကြောင်း၊ ယင်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ မကျေပွန်ပါကလည်း မည်သို့ အရေးယူရမည် ဆိုသည်ကို တိတိကျကျ ဖော်ပြထားရန် လိုကြောင်း ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော်သား ကိုယ်စားလှယ် တချို့သည် နေပြည်တော်ရှိ မြို့နယ်တချို့တွင် လူထုတွေ့ ဆုံပွဲများ ပြုလုပ်ခဲ့သည့် အပေါ် ပြည်သူလူထုကို ကိုယ်စားပြုမှုနှင့် ပတ်သက်၍ ကိုယ်စားလှယ် ကျင့်ဝတ်ကို ချိုးဖောက် ခြင်း ဖြစ်ကြောင်း အာဏာရ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။
“တပ်ကိုယ်စားတွေတွေက ပြည်သူလူထုနဲ့ တွေ့တယ်။ ပြည်သူ့အသံကို နားထောင်တယ်။ ဒါကလုပ်လည်း လုပ်သင့် တယ်လို့ မြင်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးကောက်ခံပဲ ဖြစ်ဖြစ် ပြည်သူအသံကို နားထောင်နိုင်တယ်။ လူထုနဲ့ တသားတည်း ရပ်တည်နိုင်တယ်။ ပြည်သူ့ဆန္ဒကို လွှတ်တော်ထဲမှာ ဖော်ဆောင်ပေးနိုင်ရင် ကောင်းတယ်လို့ မြင်တယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်း က ပြောဆိုသည်။
ယခု လွှတ်တော်က ရေးဆွဲထားသည့် ကျင့်ဝတ်သည် တပ်မတော်သား ကိုယ်စားလှယ်များအတွက် သီးသန့် ရည်ရွယ် ရေးဆွဲခြင်း မဟုတ်ဘဲ ကိုယ်စားလှယ် အားလုံးအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း လွှတ်တော် အခွင့်အရေး ကော်မတီ က ပြောသည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က“ကိုယ်စားလှယ်တွေမှာလည်း လိုက်နာရမယ့် ကျင့်ဝတ် ဆိုတာ ရှိသင့်တာပေါ့။ ဒါပေမယ့် ဘယ်လိုလဲဆိုတာတော့ ကျမတို့လည်း အတိအကျ မသိသေးဘူး။ လွှတ်တော် ကိုယ် စားလှယ် ကျတော့ ပြည်သူကို ကိုယ်စားပြုထားတာလေ။ မှန်တဲ့ဘက်က လိုက်နာတဲ့အခါ တခြားကို ထိခိုက်နစ်နာပြီး တော့ မပြောသင့်ဘူး။ လိုက်နာရမယ့် ကျင့်ဝတ်ကတော့ လူတိုင်းမှာ ရှိသင့်တယ်”ဟု မှတ်ချက်ပြုသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီး သီး ပါဝင်ပြီး စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။