မြို့ပြစီမံကိန်းများ ဖော်ဆောင်ရာတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်ခြေကို မျှော်တွေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က“သဘာဝဘေးကို မဖြစ်ပါနဲ့လို့ တားဆီးလို့ မရပါဘူး။ ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာ ဝ ဘေးဖြစ်စဉ်တွေက ပုံမှန်လိုဖြစ်လာမှာဖြစ်တဲ့ အတွက် ကျမတို့ဘက်က ကြိုတင် ပြင်ဆင်မှုတွေကို အားစိုက်ထုတ် ဆောင်ရွက်ကြဖို့ လိုပါတယ်”ဟု ပြောဆိုသည်။
အောက်တိုဘာ ၁၈ ရက်က နေပြည်တော်ရှိ MICC -2 တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံး ရှုံး နိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
ထို့ပြင် လူဦးရေထူထပ်ပြီး မြို့ပြဖြစ်ထွန်းမှု မြန်ဆန်နေသည့် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် နေပြည်တော် စသည့် မြို့များ သည် ငလျင်ကြောပေါ်တွင် တည်ရှိပြီး အားလတ်ဇုန်နှင့် အားပြင်းဇုန်များ အတွင်း ကျရောက်လျက် ရှိသည်ကို တွေ့ရှိ ရသဖြင့် ငလျင်ဘေး အတွက် အသိပညာပေး လုပ်ငန်းများ ဆက်တိုက် လေ့ကျင့်မှုများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် ပေးရန် လိုအပ်နေကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
သဘာဝဘေး အန္တရာယ် ကျရောက်ခံစားရသည့် ဒေသများမှ ပြည်သူများက နိုင်ငံ၏ တာဝန်ရှိသူများ အပေါ် အားမလို အားမရ ဖြစ်တတ်သည်ကို နားလည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၎င်းက“ကျမတို့ ပြည်သူတွေက ဘေးအန္တရာယ် ဖြစ်ပွားတဲ့ အချိန်တိုင်းမှာ နိုင်ငံရဲ့ တာဝန်ရှိသူတွေ အပေါ် အားမလို၊ အားမရ ဖြစ်တတ်ကြတာကိုလည်း ကျမ နားလည်ပါတယ်။ ကျမတို့ အနေနဲ့ကလည်း ဘေးဖြစ်တဲ့ နေရာတိုင်းကို လူ ကိုယ်တိုင် အရောက် မသွားနိုင်ရင်တောင် ကျမတို့ရဲ့ စိတ်ကတော့ ဘေးသင့်ဒေသမှာ ရှိတဲ့ ပြည်သူတွေနဲ့ အတူ ရှိနေတာ ဖြစ်ပါတယ်”ဟု ပြောသည်။
တကြိမ်တခါမှ ဘေးအန္တရာယ် မဖြစ်ခဲ့ဘူး၍ နောင်လည်း မဖြစ်နိုင်ဟု ယနေ့ အချိန်အခါတွင်ပြော၍ မရတော့ကြောင်း၊ ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်အတွင်း မွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုနှင့် နောက်ဆက်တွဲ မြေပြိုမှု၊ တနင်္သာရီ တိုင်း ဒေသကြီးတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုများသည် အထင်ရှားဆုံး နမူနာများဖြစ်ကြောင်းလည်း အတိုင်ပင်ခံက ဆက်လက် ပြောကြားသည်။
မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွားခံခဲ့ရသည်မှာ ရွှေတွင်းလုပ်ငန်းများမှ စွန့်ပစ်သည့် မြေစာများ ကြောင့် ဘီးလင်းမြစ် တိမ်ကောလာပြီး ဒီရေတက်ပြီဆိုပါက မြို့အတွင်းသို့ ရေများ ရောက်ခြင်းဖြစ်ကြောင်း မွန်ပြည် နယ် မဲဆန္ဒနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိ ရတနာက ပြောသည်။
၎င်းက“၂၀၁၈ က ဒီရေတက်တာရယ်၊ မိုးရေချိန်များတာရယ်၊ တောင်ပြိုတာရယ် ၃ ခု ဆုံသွားပြီးတော့ မြို့ကို ည ၂ နာရီ ထိုးမှာ ချက်ချင်း ရေလွှမ်းသွားတဲ့ သဘောမျိုး ဖြစ်သွားတယ်”ဟု ဆိုသည်။
ထိုသို့ ရေလွှမ်းခံရစဉ်က လမ်းများပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာများ အချိန်မီ မပို့နိုင်သည့် နေအထားရှိကြောင်း၊ လမ်း များ ပျက်စီးမှု ရှိခဲ့သဖြင့် ယခုနှစ်မှာ ယင်းကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရေတက် နိုင်မည့် ကာလများတွင် ရိက္ခာများ၊ အသက်ကယ် အင်္ကျီများ ကြိုတင်စုဆောင်းမှု ပြုလုပ်ထားကြောင်း ဒေါ်သီရိရတနာ က ဆက်ပြောသည်။
နိုင်ငံတော်အတွင်း သဘာဝဘေးကျရောက်ချိန်မှာ ဖြစ်သည့်နေရာကို ပါတီဝင်များ သွားရောက်ကူညီရန်အတွက် မည် သည့် ညွှန်ကြားချက်မှ စောင့်စရာမလိုဘဲ ဆောင်ရွက်ကြရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က တာဝန်ယူချိန်တွင် သဘာဝဘေး ကျရောက်သည့် ဒေသများကို သမ္မတကြီး ကိုယ်တိုင် အမြန်ဆုံး သွားရောက် အားပေး ကူညီ ထောက်ပံ့ပေးမှုများ ပြုလုပ်ကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်း ထွန်း က ဆိုသည်။
“ကျနော်တို့ မြန်မာနိုင်ငံသားတွေက အရေးကြုံလာရင် နိုင်ငံတော်အကြီးအကဲရဲ့ စေတနာ မေတ္တာကရုဏာ လိုလား ကြတာ။ ကျနော်တို့ USDP က နားလည်းလက်ခံ ဆောင်ရွက်ပါတယ်။ ယခုလည်း ပြည်သူ အားမလို အားမရ ဖြစ်နေ တယ်ဆိုတာ အထက်မှာ ကျနော် ပြောခဲ့တဲ့ စေတနာ၊ မေတ္တာ၊ ကရုဏာ လိုလားကြလို့၊ လိုလားမှုကို ပုဂ္ဂိုလ်တွေ ကိုယ်တိုင် သွားရောက် မဖြည့်ဆည်းကြလို့ ဖြစ်ဟန် တူပါတယ်”ဟု ၎င်းက ပြောသည်။
သဘာဝဘေးများကြောင့် ပျက်စီးဆုံးရှုံးမှုများကို လေ့လာကြည့်ပါက အိမ်ရာကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍနှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများတွင် ထိခိုက် ဆုံးရှုံးမှု အများဆုံး ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ရခြင်း မှာ အဆောက်အအုံများ၏ ခိုင်ခံ့မှု အားနည်း၍ ဖြစ်ရသည်ကို ကောက်ချက်ချနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
“ခိုင်ခံ့တဲ့ အခြေခံအဆောက်အအုံတွေဖြစ်ဖို့ ရင်းနှီးမြှုပ်နှံရတာဟာအလဟသ မဖြစ်ဘူးဆိုတာလည်း တာဝန်ရှိသူများ အား လုံးနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များကပါ သိမြင် သဘောပေါက်ကြဖို့ လိုအပ်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။
သဘာဝပတ်ဝန်းကျင် ပညာရှင် တဦးဖြစ်သူ ဦးမြင့်ဇော်က“များသောအားဖြင့် ပြည်သူ အချင်းချင်း ကူတာက စတယ်။ သဘာဝဘေးအန္တရာယ် တခုခု မုန်တိုင်း၊ ဒီရေတက်လာပြီဆိုရင် အဲဒီလိုမျိုးဖြစ်ရင် အရင်ဆုံး စ ကူညီခဲ့တာက အချင်း ချင်း တွေပဲ။ သဘာဝဘေးအန္တရာယ် ပြီးသွားပြီဆိုပါစို့။ မုန်တိုင်း ဘာညာ ပြီးသွားရင် ပြန်လည်ထူထောင်မှုမှာလည်း ဒုက္ခရောက် တဲ့သူ အချင်းချင်း ပြန်မ တင်ရတာတွေလည်း ရှိတယ်”ဟု ဆိုသည်။
၎င်းက ဆက်လက်၍“ရပ်ရွာ ဒေသခံတွေကပဲ စကြရတာ။ သူကပဲ အသိဆုံးပေါ့။ ဘယ်သူက ဘာအနေအထား ဘယ် သူ့ကို ဘာလုပ်ပေးရမယ် ဆိုတာ အဲဒီအတွက် သဘာဝဘေးအန္တရာယ် ကိစ္စလို့ ပြောရင် အောက်ခြေ ပြည်သူ လူထု အချင်းချင်း ထိထိရောက်ရောက် ကူနိုင်အောင် ဘယ်လိုကူညီမလဲ။ ဘယ်လို ပံ့ပိုးမလဲဆိုတာ အရေးကြီးဆုံး ဖြစ်မယ်။ ပြင်ပ အကူ အညီမျိုးဆိုတာက မြန်မြန်ဆန်ဆန်ရောက်ဖို့ မလွယ်ဘူး။ အစိုးရ ယန္တရားက လှုပ်ရရှားရ၊ ရွှေ့ရဦးမှာ ဆိုတော့ ခဲယဉ်းတယ်။ သူ့ဒေသ၊ သူ့ပြည်သူလူထု၊ သူ့ အဖွဲ့အစည်းတွေကပဲ သူတို့ အချင်းချင်း ပြန်ကူညီတာ။ ကယ် ဆယ်တာ လုပ်ရတာ ပေါ့။ အဲ့ဒါမျိုးကို အဆင်ပြေအောင် ဘယ်လို ပံ့ပိုးမလဲဆိုတာ အရေးကြီးပါတယ်”ဟု ပြောဆိုသည်။
သဘာဝဘေးကြောင့် ကမ္ဘာပေါ်ရှိ လူသေဆုံးမှုတွင် ငလျင်ကြောင့် သေဆုံးမှုက အများဆုံးဖြစ်ပြီး မုန်တိုင်းဘေး နှင့် ရေဘေး တို့ကြောင့် သေဆုံးမှုမှာ ဒုတိယနှင့် တတိယ အများဆုံး ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့ မျှဝေသောလက် ပရဟိတ အသင်းမှ ဒု ဥက္ကဌ ဦးကျော်သူရက“ပရဟိတ အသင်းတွေက အရင်ရောက် တာ များ တယ်။ အခုနောက်ပိုင်းမှာတော့ မီးသတ်တို့ ဘာတို့က ရောက်လာတာကို တွေ့ရတယ်။ တိုးတက်လာတာ တော့ တွေ့ရ တယ်။ လုံလောက်တဲ့ ထောက်ပံ့မှုတော့ မတွေ့ရသေးဘူး။ ဖြစ်ဖြစ်ချင်းနေရာမှာ ရေလိုတာကို နောက် တပတ် လောက်နေမှ သွားပို့မယ်ဆိုရင် ဒါက ရေကလိုချင်မှ လိုတော့မယ်။ အချိန်နဲ့ တပြေးညီ လုပ်ဆောင်ဖို့ ဆိုတာက အတွေ့အကြုံရော၊ ငွေ ရေးကြေးရေးရော၊ အစိုးရမှာလည်း ဘတ်ဂျက် ပြည့်စုံဖို့ လိုတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရေဘေးအန္တရာယ်ကို မကြာခဏ ကြုံတွေ့ရသဖြင့် စီမံခန့်ခွဲမှု ညံ့ခြင်းမှာ မဖြစ်သင့်တော့ကြောင်း ယခု ထက်ပို၍ စနစ်တကျ လုပ်ဆောင်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။