အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပနေသည့် Egypt International 2019 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာ ကြက် တောင်မယ် သက်ထားသူဇာသည် အမျိုးသမီး တစ်ဦးချင်း ဖိုင်နယ်ပွဲစဉ်တွင် ဂရိတ်ဗြိတိန်တွင် ပါဝင်သည့် ဝေလ နယ်မှ ကစားသမား ဂျော်ဒန်ဟတ်ကို အနိုင်ရပြီး ချန်ပီယံဆုကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။
သက်ထားသူဇာသည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပီရူးကစားသမား ဒန်နီလာ မာစီးယက်ကို (၂၁-၈၊ ၂၁-၁၃)ဖြင့် နှစ်ပွဲပြတ် အနိုင်ရပြီး ဖိုင်နယ်သို့ တက်လှမ်းပြီးနောက် ယနေ့ ဖိုင်နယ်ပွဲစဉ်တွင် သက်ထားသူဇာက ဂျော်ဒန်ဟတ်ကို ပထမပွဲစဉ်တွင် ၂၁-၆ ဖြင့် အနိုင်ရပြီးနောက် ဒုတိယပွဲစဉ်တွင် ပြိုင်ဘက် ဂျော်ဒန်ဟတ်မှာ ဒဏ်ရာရသွားသဖြင့် အရှုံးပေးသွားခဲ့ခြင်းဖြစ် သည်။
“သူ(သက်ထားသူဇာ)နိုင်သွားပါတယ်။ သူ့နည်းပြတော့ မရှိပါဘူး။ ကျနော်ပဲ လေ့ကျင့်ရေးလုပ်ပေးနေတာ။ ကျနော် လုပ် ပေးနေလို့ ပြောတာမဟုတ်ပါဘူး။ သူ အရင်ကထက် တိုးတက်လာပါတယ်။ ကျနော်က သူ့အားနည်းချက်လေးတွေကို ပြင်ပေးပါတယ်”ဟု သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ထိုပွဲတွင် သက်ထားသူဇာသည် နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရသူဖြစ်ပြီး ဂျော်ဒန်ဟတ်က နိုင်ခြေအဆင့် (၂) ရရှိထားသူဖြစ်သည်။
သက်ထားသူဇာသည် ၂၀၁၈ခုနစ်၊ကလည်း အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲ၌ ပထမဆုံးရွှေတံဆိပ်ကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ချန်ပီယံဆုကို ထပ်မံဆွတ်ခူး နိုင်ခြင်းဖြစ် သည်။
သက်ထားသူဇာသည် လက်ရှိတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)က သတ်မှတ်ထားသည့် World rankings 65 တွင်ရှိနေပြီး အမှတ်ပေါင်း ၂၃၁၀၀ရရှိထားသူဖြစ်သည်။
၂၀၂၀ခုနစ် တိုကျိုတွင် ကျင်းပပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲဝင်နိုင်ရန် ရည်ရွယ်ထားသည့် သက်ထားသူဇာသည် ဖိတ်ခေါ်ပြိုင်ပွဲများ၊ နိုင်ငံတကာပြိုင်ပွဲများနှင့် Future Seriesအပါအဝင် ပြိုင်ပွဲပေါင်း ၈၃ပွဲကစားထားရာ ၆၂ပွဲ အနိုင်ရပြီး ပွဲ၂၁ ရှုံးထားသူလည်း ဖြစ်သည်။
သက်ထားသူဇာသည် နီပေါနိုင်ငံတွင် ကျင်းပမည့် Challengeပွဲနှင့် အိန္နိယနိုင်ငံတွင် ကျင်းပမည့် Tour 300ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
UAE နိုင်ငံ ဒူဘိုင်းတွင် ပြုလုပ်သည့် Tour 300ပြိုင်ပွဲတွင် သက်ထားသူဇာသည် ဂျပန်နိုင်ငံမှ ပြိုင်ဘကို ရှုံး၍ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
“Tour 100၊ Tour 300၊ Tour 500၊ Tour 700 ရှိတယ်။ Tour 300က သူ့အတွက် နောက်ဆုံးပွဲပါ။ Tour ပွဲတွေကတော့ အမြင့်ဆုံးပွဲလို့ ပြောရမှာပေါ့”ဟု ဦးထွန်းထွန်းဇော်က ရှင်းပြသည်။
You May Also Like These Stories:
ဒုတိယဆုဖြင့်သာ ကျေနပ်လိုက်ရသည့် သက်ထားသူဇာ
ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်ဟောင်း ဗီယက်နမ်နှင့် ယှဉ်ပြိုင်ရမည့် သက်ထားသူဇာ