ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာ၊ ခေးနင်းကျောင်း ပရိယ္ဃတိစာသင်တိုက်၏ ပဓာန နာယက ကျောင်းထိုင်ဆရာတော် သက်တော် ၄၅ နှစ် ဝါတော် ၂၅ ဝါရှိ ဘဒ္ဒန္တ ပညာဇောတ(ဓမ္မစရိယ) ကို လျူဂါ ပစ္စတို အသုံးပြု ကာ ပစ်သတ်သွားခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်မှ ဧရာဝတီသို့ အတည်ပြု ပြောကြား သည်။
“ဘယ်သူလုပ်တယ် ဆိုတာကတော့ အသိသာကြီးပါ။ ဆရာတော်သည် ပလောင်- ဗုဒ္ဓဘာသာ လူမျိုး ဖြစ်တယ်။ ရွာနဲ့တော့ သိပ်ပြီး အဆင်မပြေဘူးလို့တော့ ကျနော်တို့ ကြားရတယ်။ ကျည် ၇ ချက်မှန်တယ်။ သုံးသွားတာက လျူဂါ ပစ္စတို အမျိုး အစားကို သုံးသွားတာပါ” ဟု ရဲမှူးချုပ် ဇော်ခင်အောင်က ရှင်းပြသည်။
ပစ်ခတ်မှုကြောင့် ဆရာတော်၏ ယာဘက်နားထင် ကျည်ဖောက်ဝင် ဒဏ်ရာ၊ ယာဘက်နားရင်း ကျည်ဖောက်ဝင် ဒဏ်ရာ၊ ဝဲဘက် ရင်အုံပွန်းပဲ့ဒဏ်ရာ၊ ယာဘက်နောက်ကျောလက်ပြင် ကျည်ဖောက်ဝင် ဒဏ်ရာစသည့်တို့ ရရှိခဲ့ပြီး နေရာတွင်ပင် ပျံလွန်တော်မူခဲ့သည်။
အခင်းဖြစ်နေရာတွင် Lugar 9MM RAI 14 စာတမ်းပါသော ကျည်ခွံ တခု၊ RAI 10 စာတမ်းပါ ကျည်ခွံ ၂ ခု အပါအဝင် ကျည်ဆန် အခွံ ၇ ခုကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
လျူဂါ ပစ္စတို (Lugar Pistol) အမျိုးအစားသည် အနီးကပ် တိုက်ခိုက်၊ ပစ်ခတ်မှုများတွင် အသုံးပြုမှု များသော လက်နက် တခု ဖြစ်ပြီး မီတာ ၅၀ ခန့် အကွာအဝေး ရှိ ပစ်မှတ်သို့ တိကျစွာ ချိန်ရွယ် ပစ်ခတ်နိုင်သော လက်နက် တခု ဖြစ်သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၆ နာရီခန့်က ခေးနင်းကျောင်း စြင်္ကန်တွင် လမ်းလျှောက်နေသည့် ဆရာတော်အား အတွင်း သို့ သေနတ်သမားများက ဝင်ရောက်လာကာ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ဆရာတော်မှာ ဦးခေါင်းနှင့် ခန္ဓာကိုယ် တွင် သေနတ်ဒဏ်ရာ ၇ ချက် ရရှိကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်သူများမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
လက်ရှိတွင် ထိုကိစ္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။