မန္တလေး – ပုဂံရထား နွားထိုးကြီးမြို့နယ်တွင်း ရထားခေါင်းတွဲ လမ်းချော်ခဲ့သည့်အတွက် လမ်းပိုင်းပိတ်နေပြီး၊ ရထားပြန် လည် ပြေးဆွဲနိုင်ခြင်း မရှိသေးဟု မြန်မာ့မီးရထား (အထက် မြန်မာပြည်)မှ အထွေထွေ မန်နေဂျာက ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာလ ၂၀ရက်နေ့တွင် နွားထိုးကြီးဘူတာနှင့် ဝက်လူးဘူတာကြား ငှက်ပျော်အိုင်ရွာ အနီးတွင် ရထား စက် ခေါင်း လမ်းချော်တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး၊ လက်ထောက်စက်ခေါင်းမောင်း တဦးသေဆုံးကာ၊ တဦး ထိခိုက် ဒဏ်ရာရခဲ့ သည်။
“လမ်းပိုင်းတွေလည်း ပိတ်နေတယ်။ မဖွင့်နိုင်သေးဘူး။ စက်ခေါင်းကြီးက လမ်းဘေးထိုးကျသွားတာ။ အဲဒါကို တောက် လျှောက်တညလုံး တနေ့လုံးလုပ်နေတာ။ မတင်နိုင်သေးဘူး ဖြစ်နေတယ်။ ပြေးမယ့်ရထားတွေ အကုန်ရပ်ထားရတယ်” ဟု ဦးမျိုးဝင်းက ဆိုသည်။
ယင်းစက်ခေါင်းကို ယခုအချိန်ထိ ပြန်လည် မတင်နိုင်ခြင်းမရှိသဖြင့် ဖြစ်ပွားရသည့် အကြောင်းရင်းကို စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း ရှင်းပြသည်။
ဦးမျိုးဝင်းက “ရထားက စက်ခေါင်းကျနေတာလေ မတင်လို့ မပြီးသေးဘူး။ အဲဒီတော့ လမ်းကြောင့်လား။ စက်ခေါင်း ကြောင့်လား။ ဘာကြောင့်လဲ မသိသေးဘူး။ အဲဒါ ပြောလို့ မရသေးဘူး။ စစ်ကို မစစ်နိုင်သေးဘူး။ အခုမှ နာရေးပြန်တာ။ တဦးဆုံးတယ်” ဟုပြောသည်။
စက်ခေါင်းမောင်းမှာ လက်ဝဲဘက်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်းနှင့် သေဆုံးသူကို မြန်မာ့မီးရထားက လက်တလောတွင် ယာယီထောက်ပံ့မှုများ ပြုလုပ်ထားပြီး လူမှုဖူလုံရေးထည့်ဝင်ငွေများနှင့် မြန်မာ့မီးရထားကပါ ထပ်မံထောက်ပံ့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
You may also like these stories:
ပြည်မီးရထားအုတ်တံတိုင်းကို ဖြိုချသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအား အရေးယူ
လုယက်ခဲ့သူ ဖမ်းဆီးစဉ် ဓားထိုးခံရပြီးဘူတာရဲတဦးသေဆုံး
ပြည်မြို့တွင် အမျိုးသားတဦး ရထားကြိတ်ခံရပြီးသေဆုံး
ထိုင်ဝမ် ရထား တိမ်းမှောက်၊ ၂၂ဦးသေ ၂၇၁ ဦး ဒဏ်ရာရ