ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရန် ကျေးရွာအုပ်စု ထိပ်ထူးပေါက် မွတ်စလင် ကျေးရွာထဲသို့ အောက်တိုဘာ လ ၂၀ ရက် ည ၈ နာရီ အချိန်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် အတွက် အမျိုးသမီး ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း သတင်း ရရှိသည်။
အဆိုပါ ဒဏ်ရာ ရရှိသည့် အမျိုးသမီးမှာ ထိပ်ထူးပေါက် ကျေးရွာနေ ဦးဆီရာဇူး၏ ဇနီး အသက် ၄၅ နှစ် အရွယ် ဒေါ်အာ ယေရှား ဖြစ်ပြီး နေအိမ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာ ရရှိခြင်း ဖြစ်ကြောင်း ကျေးရွာ လူကြီး တဦးက ပြောသည်။
ထိပ်ထူးပေါက် ကျေးရွာမှ ကျေးရွာ ရပ်မိရပ်ဖ လူကြီး တဦးက“မနေ့က ည ၈ နာရီလောက်မှာ ဖြစ်တာ။ သူက ညနေ ထမင်း စားပြီး အိမ်ရှေ့မှာ ထိုင်နေတာ။ အဲဒီအချိန် သူ့အိမ်နားမှာ လက်နက်ကြီး ၁ လုံး လာကျပြီး အစအန လာမှန်တာပါ။ ဒဏ်ရာ တွေကတော့ ခေါင်းမှာရော၊ ခြေထောက်မှာရော ခန္ဓာကိုယ် တခုလုံးလို့ ပြောလို့ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အာယေရှား ရရှိခဲ့သော ဒဏ်ရာများမှာ ပြင်းထန်သည့်အတွက် ထိပ်ထူးပေါက်ကျေးရွာ အနီး တောင်ကုန်းပေါ်တွင် တပ်စွဲ သော တပ်မတော်သားများကို သတင်းပို့ပြီး ဘူသီးတောင် ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ခဲ့ရကြောင်းလည်း ဒေသခံ ရွာသားများက ပြောပြသည်။
ထိုလက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေါ်အာယေရှားတို့ နေအိမ်မှ နွားတကောင်နှင့် ခွေး ၁ ကောင် တို့လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းသို့ ရွာထဲသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးမှာ မည်သည့်နေရာက ပစ်သည်ကို မသိကြောင်းလည်း ဒေသခံ များက ပြောဆိုသည်။
ဘူးသီးတောင်မြို့နယ် ဒု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေက“ထိပ်တူးပေါက်ရွာက အမျိုးသမီး ၁ ဦး ဒဏ်ရာရတယ် ဆိုတာ တော့ ဟုတ်တယ်ဗျ။ အခုတော့ ဆေးရုံမှာ ရောက်နေတယ်။ အဲဒီလက်နက်ကြီးက ဘယ်က ပစ်တယ်ဆိုတာ ရွာသားတွေ ကတော့ မသိဘူးလို့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဘူသီးတောင်မြို့နယ် ကျောက်ရန် အုပ်စု ထိပ်ထူးပေါက် ကျေးရွာ အနီးဝန်းကျင် တောင်တန်းများတွင် တပ်မတော် နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည် မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများ ရှိပြီး နှစ်ဖက် စစ်ရေးလှုပ်ရှားသော နယ်မြေတခု ဖြစ် ကြောင်းလည်း သိရသည်။
လက်ရှိ အချိန်တွင် လက်နက်ကြီး အစမှန်၍ ဒဏ်ရာရရှိခဲ့သူ ဒေါ်အာယေရှားအား ဘူးသီးတောင် ဆေးရုံတွင် တက်ရောက် ကုသမှုများကို ခံယူနေရကြောင်းလည်း သိရသည်။
အောက်တိုဘာလ ၈ ရက်ကလည်း ဘူးသီးတောင်မြို့နယ် စံဂိုးတောင် အုပ်စု ဆင်သည်ပြင် မွတ်စလင်ကျေးရွာမှ အသက် ၆၀ အရွယ် မာမွတ်စီးတီးသည် ငါးရှာရန် သွားစဉ် ပစ်ခတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် တပ်မတော်နှင့် AA တို့ နေ့စဉ်ဆိုသလို နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေပြီး အပြစ်မဲ့ အရပ်သား သေဆုံးမှုလည်း တဖြည်းဖြည်း များပြားလာကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး၊ မြေမြှုပ်မိုင်းကွဲမှုနှင့် စစ်ကျန် လက်နက်ကြီး ကျည်ဆန် ပေါက်ကွဲမှုတို့ကြောင့် ထိခိုက် ဒဏ်ရာရသူ ၅၃ ဦး၊ ပျောက်ဆုံးနေသူ ၉ ဦး၊ ဖမ်းဆီးခံရသူ ၁၅၆ ဦး ရှိကြောင်း ဇူလိုင်လ အတွင်းက ထုတ်ပြန်သော ရခိုင် တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းများတွင် ဖော်ပြထားသည်။
ယင်းနောက်ပိုင်တွင်လည်း ဒေသခံများ အနေဖြင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု၊ ဖမ်းဆီးခံရမှုများ ရှိနေသည့်အတွက် နောက်ထပ် တိုးလာသည့် သေဆုံးသူ၊ ထိခိုက်သူ အရေအတွက် အတိအကျကိုတော့ စာရင်းမပြုစုနိုင်သေးပေ။
တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် တိုက်ပွဲများ ရပ်တန့်ရန် ဆွေးနွေးနေကြသော်လည်း တိုက် ပွဲများက လက်ရှိအချိန်အထိလည်း ပြင်းထန်နေဆဲ ဖြစ်သည်။
You may also like these stories:
ကျောက်တော်တွင် ဒေသခံ ၁ ဦး မိုင်းထိ သေဆုံး
AA အနေဖြင့် စစ်မှုထမ်းဟောင်းများကို သတ်ဖြတ်မှု ဆက်မလုပ်ရန် ထုတ်ပြန်
ဘူးသီးတောင်တွင် NLD ရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွား
ဘူးသီးတောင် ဆင်သည်ပြင်ရွာသား ၁ ဦး သေနတ်ပစ်ခံရ၍ သေဆုံးဟုဆို