Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်၏ သား ၂ ဦးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျရောက်မည့် ၅ ကြိမ်မြောက် ရုံးချိန်း၌ တရားလိုပြ သက်သေအဖြစ် စစ်ဆေးခံရမည် ဖြစ်ကြောင်း ပုဗ္ဗသီရိ မြို့နယ် တရားရုံးမှ သိရသည်။
ဒေါ်စုဒါလီအောင်၏ ရှေ့ နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က“၂ ရက်၊ ၁၂ လ၊ ၂၀၁၉ ရက်နေ့မှာ ဒေါ်ဥမ္မာလှိုင် သား ၂ ယောက်ကို စစ်မယ်။ အဲ့ဒီကလေး ၂ ယောက် စစ်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော်ရှိ ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ သြဂုတ် ၁၄ ရက်နေ့က သံသယတရားခံ အောင်ကြီး၏ ရှေ့နေ ဖြစ်သူ ဒေါ်စုဒါလီအောင်က ဘီဘီစီ (မြန်မာပိုင်း) ၌ အင်တာဗျူး ဖြေဆိုသည့် အပေါ် အရွယ်မရောက်သေးသည့် သား ၂ ဦး ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်သည်ဟု ဆိုကာ ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေး ဥပဒေပုဒ်မ ၁၀၁ ဖြင့် ဒေါ်စုဒါလီအောင်ကို တရား စွဲဆိုထားသည်။
ထိုသို့ စွဲဆိုထားသည့် အမှုမှာ ယနေ့ ဒုတိယ အကြိမ် ရုံးချိန်းတွင် တရားလို ဖြစ်သူ ဒေါ်ဥမ္မာလှိုင်ကို တရားခွင် စစ်ဆေး မှု စတင်ခဲ့ပြီး တရားခွင်စစ်ဆေးမှု ထူးခြားချက်မှာ တရားခံ အဖြစ် စွပ်စွဲခံရသည့် ရှေ့နေ ဒေါ်စုဒါလီအောင်ကိုယ်တိုင် ဒေါ်ဥမ္မာလှိုင်ကို အပြန်အလှန် မေးခွန်းများ မေးမြန်း၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဒက္ခိဏ ခရိုင်တရားရုံးတွင် စစ်ဆေးနေသည့် ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၂၇ ဦး စစ်ဆေးရန် ရှိနေပြီး ယင်း ၂၇ ဦးတွင် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ သား ၂ ဦး ပါဝင် နေကြောင်း ဒက္ခိဏ ခရိုင်တရားရုံးမှ သိရသည်။
ထိုသို့ တရားလိုပြ သက်သေအဖြစ် စစ်ဆေးရန် ပါရှိသည့် ဒေါ်ဥမ္မာလှိုင်၏ သား ၂ဦးကို ကျန်းမာရေး အခြေနေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ် နာမှုများ ရှိနေသည့် အတွက် သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန် ဒက္ခိဏ ခရိုင်တရားရုံးသို့ အသနားခံစာ တင်ထားကြောင်း ယနေ့ တရားခွင် စစ်ဆေးမှုတွင် ဒေါ်ဥမ္မာလှိုင်က ထွက်ဆိုသည်။
ဒေါ်ဥမ္မာလှိုင်က“ကျမ၏ သားများ ကျန်းမာရေး မကောင်းခြင်း၊ စိတ်ထိခိုက်ရ၍ ခရိုင်အမှုမှာ သက်သေအဖြစ် မစစ်ဘဲ သက်သေ အဖြစ်မှ ကင်းလွတ်ပေးပါရန် အသနားခံစာကို ခရိုင်ဥပဒေ ရုံးသို့ တင်ပြထားပြီး ဖြစ်ပါတယ်”ဟု ယနေ့ တရားခွင် အတွင်း ထွက်ဆိုသည်။
သို့သော် ၎င်း၏သား ၂ဦးကို ခရိုင်တရားရုံးက စစ်ဆေးမှု အခြေအနေ ရှိမရှိကိုမူ ယနေ့ ရုံးချိန်းအထိ မသိရှိသေး ကြောင်း လည်း ဒေါ်ဥမ္မာလှိုင်က တရားခွင် အတွင်း ထွက်ဆိုခဲ့သည်။
ဒေါ်ဥမ္မာလှိုင် ကိုယ်တိုင် စွဲဆိုထားသည့် အမှု ၅ ကြိမ်မြောက် ရုံးချိန်းတွင် သား ၂ ဦးကို တရားလိုပြ သက်သေအဖြစ် ပါဝင်ခြင်း ရှိသော်လည်း ခရိုင်တရားရုံးတွင် စစ်ဆေးနေသည့် အမှုတွင် လိုပြသက်သေစာရင်းထဲမှ ပယ်ဖျက်ပေးရန် အသနားခံစာ တင်ထားခြင်းမှာ ကွဲလွဲချက် များ ရှိနေကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
ဦးခင်မောင်ဇော်က“ဒီသက်သေကိုပယ်မယ်ဆိုလည်း ဥပဒေအရာရှိက ပယ်ရမှာလေ။ ပယ်တယ်ဆိုရင်လည်း ကျနော် တို့က ကန့်ကွက် မှာပေါ့။ ဒီဘက်မှာ ကျန်းမာရေး ကောင်းစွာနဲ့ သက်သေခံ၊ ဟိုဘက်ကျတော့ သက်သေမခံ ဆိုတာ ကတော့ ဖြစ်လို့ ဘယ်ရမလဲ”ဟု ဆိုသည်။
တတိယ အကြိမ် ရုံးချိန်းကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဘီဘီစီ ( မြန်မာပိုင်း) သတင်းထောက်ကို တရားခွင် စစ်ဆေး မှု ပြုလုပ်မည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် စွဲချက် တင်သင့် မတင်သင့် အမိန့် စောင့်ဆိုင်းမည် ဖြစ်ကြောင်း မြို့နယ် တရားရုံးမှ သိရသည်။
ယခုအမှုအား ၂ ပတ်တကြိမ် ဗုဒ္ဓဟူးနေ့တိုင်း စစ်ဆေးမည် ဖြစ်ပြီး ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း တရားရုံးမှ သိရသည်။
ကလေး၂ ယောက် အသနားခံစာ တင်ခြင်းနှင့် ပတ်သက်၍ ဒေါ်ဥမ္မာလှိုင်ဘက်မှ လိုက်ပါ ဆောင်ရွက်သည့် တရား လွှတ်တော် ရှေ့နေ ဦးအောင်ရဲစိုးက“ဒါက ကျနော်တို့ ပြောစရာမလိုဘူးလေ။ ကျနော်က တခြား အမှုအခင်းနဲ့ မဆိုင် ဘူး။ ဒီနေ့ ရုံးမှာ စွဲတင်တဲ့ အမှုအပေါ်မှာပဲ ကျနော်နဲ့ သက်ဆိုင်တာ။ အခြား ကျနော်နဲ့ မသက်ဆိုင်တဲ့ အမှုကို ကျနော် ပြောဖို့ အကြောင်းမရှိဘူး။ ပြောရင်လည်း ဥပဒေနဲ့ မညီဘူး”ဟု ပြောသည်။
ယင်းအမှုနှင့် ပတ်သက်၍ ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးမှာ လူမှုကွန်ရက်တွင် ပြောဆိုခံနေရသဖြင့် ကျောင်းသွားရန်ပင် ခေါ်ရခက်နေပြီး ဈေးကဲ့သို့ လူများသည့်နေရာများ ဆိုပါက ပို၍ ခက်ခဲကြောင်းလည်း ဒေါ်ဥမ္မာလှိုင်က တရားခွင် အတွင်း ထွက်ဆိုသည်။
ဒေါ်ဥမ္မာလှိုင်သည် ဗစ်တိုးရီးယား၏ ဖခင်အပါအဝင် ဖခင်၏အစ်ကိုနှင့် အစ်မ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ ကိုအောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်၊ ယခုအမှုကို လိုက်ပါ ကူညီနေသူ သက္ကမိုးညို (ဒေါက်တာ ဝင်းကိုကိုသိန်း) တို့ကိုလည်း နေပြည်တော်၊ ပုဗ္ဗသီရိ မြို့ နယ် ပတ္တာ နယ်မြေရဲစခန်းတွင် စက်တင်ဘာ ၂၆ ရက်နေ့က အမှုဖွင့်ထား ကြောင်း ပတ္တာရဲစခန်းမှ သိရသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါကျောင်းသူလေး ဗစ်တိုးရီးယား မေလ ၁၇ ရက်က လိင်အကြမ်းဖက် ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထို လိင်အကြမ်းဖက် ခံရမှုဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့ လာပြီးနောက် သတင်းမီဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့ရာ မှုခင်း တပ်ဖွဲ့(CID) ၏ စစ်ဆေး ချက်အရ Wisdom Hill ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးမှူး၏ ကားမောင်းသူ အောင်ကြီးဖြစ်သည်ဟု ဆိုကာ ဇူလှိုင်လ ၄ ရက်နေ့က အောင်ကြီးကို တရားစွဲတင်ခဲ့သည်။
You may also like these stories:
ဗစ်တိုးရီးယားအမှုတွင် သား၂ ဦးကို သက်သေအဖြစ် မစစ်ရန် ဒေါ်ဥမ္မာလှိုင် အသနားခံစာတင်
ဗစ်တိုးရီးယားအမှု လာမည့် ရုံးချိန်း ကိုအောင်ကြီး အာမခံ ရ၊ မရ အမိန့်ချမည်
အမှန်တရားကို တရားရုံးတွင် ချပြမည်ဟု Wisdom Hill ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ပြော
ဗစ်တိုးရီးယားအတွက် အမှန်တရားရရှိရေး နောက်ဆုတ်မည်မဟုတ်ဟု ဖခင်ပြော