မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်သို့ ဝင်ရောက်လျက်ရှိသော နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု အတွက် ဝင်ကြေးကောက်ခံမှု စတင်ကောက်ခဲ့သည့် ဇူလိုင် ၁ ရက်နေ့မှ အောက်တိုဘာ ပထမအပတ် အတွင်း ကျပ်သိန်း ၂၆၀၀ ကျော် ရရှိခဲ့သည်ဟု မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ မှ သိရသည်။
“အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဝင်ကြေးကောက်ခံတာပါ၊ အဲဒါကို သီးသန့်ထားပါတယ်၊ ၃လအတွင်း သိန်း ၂၆၀၀ ကျော်အထိ ရရှိခဲ့ပါတယ်၊ နိုင်ငံခြားသားကိုပဲ ဝင်ကြေးကောက်ခံခဲ့တာပါ၊ ဒီလိုကောက်ခံရတာတွေကို ဘက်စုံပြုပြင်မှုနဲ့ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမှာပါ” ဟု မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ ဝင် ဦးသန်းလွင်က ပြောသည်။
မဟာမုနိရုပ်ရှင်တော်မြတ်သို့ ဝင်ရောက်လျက်ရှိသော နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု ဝင်ကြေး ကောက်ခံနိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဇူလိုင်လ ၁ ရက်နေ့မှ စတင် ကောက်ခံခဲ့ခြင်း ဖြစ်ပြီး နိုင်ငံခြားသားခရီးသွား ၁ ဦးလျှင် မြန်မာ ကျပ် ငွေ ၅ ထောင်ကျပ်နှုန်း ကောက်ခံရန် သတ်မှတ်ထားသည်။
ထိုကဲ့သို့ သတ်မှတ်၍ ကောက်ခံခဲ့ရာ မန္တလေးမဟာမုနိ ရုပ်ရှင်တော်မြတ်သို့ ဇူလိုင်လ ၁ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့အထိ နိုင်ငံခြားသား ခရီးသွား ၅၃၅၆၁ ဦး ဝင်ရောက်ခဲ့ပြီး ကျပ် ၂၆၇၈၀၅၀၀၀ ကောက်ခံရရှိကြောင်း ဂေါပကအဖွဲ့ ထံက သိရသည်။
“မဟာမုနိဘုရားကြီးကို နေ့စဉ် ကမ္ဘာလှည့် နိုင်ငံခြားသားခရီးသွားတွေ ဝင်ရောက်မှုရှိပါတယ်၊ ဝင်ကြေး ကောက်ခံတယ်ဆိုတာ အထူးအဆန်း ကိစ္စမဟုတ်ပါဘူး၊ နိုင်ငံတကာမှာလည်း နိုင်ငံခြားသားကို ဝင်ကြေး ကောက်ခံတာတွေ ရှိပါတယ်၊ ဥပမာ ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံက မြဘုရားဆိုရင် ဝင်ကြေးပေးပြီးမှ ဝင်ရတာပါ”ဟု ဦးသန်းလွင်က ဆက်လက် ပြောသည်။
နိုင်ငံခြားသား ခရီးသွားများထံမှ ဝင်ကြေးကောက်ခံရန်အတွက် မဟာမုနိရုပ်ရှင်တော် အရှေ့မုခ်၊ တောင်ဘက်မုခ်၊ မြောက်ဘက်မုခ်တို့တွင် Tour Information Centre များ တည်ဆောက်ထားပြီး နိုင်ငံခြားသား ခရီးသွားများ အတွက် နားနေနိုင်ရန် နားနေခန်းများ၊ ဖိနပ်ချွတ်စင်များ အပါအဝင် ဝန်ဆောင်မှု၊ ပံ့ပိုးမှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“နိုင်ငံခြားခရီးသွားတွေ အနားယူနိုင်ဖို့အတွက် အဲယားကွန်း အခန်း လုပ်ပေးထားတယ်၊ သူတို့ ပါလာတဲ့ပစ္စည်းတွေကို လုံခြုံစိတ်ချစွာနဲ့ ထားနိုင်ဖို့အတွက်ကိုလည်း သီးသန့် လုပ်ပေးထားတယ်၊ နောက်ပြီး ရေပူရေအေး စနစ်နဲ့အတူ သန့်စင်ခန်းတွေကိုလည်း ထားပေးထားပါတယ်”ဟု မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ဝင် ဦးကျော်ကျော်ဦးက ရှင်းပြသည် ။
ထို့ပြင် နိုင်ငံခြားသားများ ဝင်ကြေး ကောက်ခံခြင်း ဝန်ဆောင်မှုအနေဖြင့် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော ဘုရားကြီးသမိုင်းနှင့် လေ့လာစရာနေရာများ လမ်းညွှန်၊ နံရံဆေး ရေးပန်းချီများအပြင် တစ်ရှူးများ ဝေငှခြင်း နှင့်အတူ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ပေးကြောင်း သိရသည်။
“နိုင်ငံတကာမှာလည်း ဝင်ကြေး ကောက်ခံတဲ့စနစ်ကို ကျင့်သုံးနေကြတာပဲလေ၊ နိုင်ငံတကာမှာက ဒီလို ကောက်ခံရရှိတဲ့ ဝင်ငွေနဲ့ပဲ ထိန်းသိမ်း ပြုပြင်မွမ်းမံတာတွေ လုပ်နေတယ်လို့ သိရတယ်၊ ဒီမှာကတော့ ဘုရားကြီးမှာ ဘာပဲလုပ်လုပ် သူ့နေရာနဲ့သူ အလှူရှင်တွေက အဆင်သင့် ရှိနေကြတယ်၊ ဒါကြောင့် ဘုရားကြီးကနေ ရနေတဲ့ဝင်ငွေတွေနဲ့ ပတ်သက်ပြီး သေသေချာချာလေး လုပ်ဆောင်ပေးဖို့ လိုတယ်လို့ မြင်တယ်”ဟု မန္တလေးမြို့ခံ ဧည့်လမ်းညွှန် ကိုဉာဏ်မျိုးထက်က ပြောသည်။
မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်သို့ နိုင်ငံခြားသား ဝင်ရောက်မှုအတွက် ယခင်က ကင်မရာခွန် ၁ မျိုး တည်း သာ ကောက်ခံခဲ့သော်လည်း ဝင်ကြေး စတင်ကောက်ခံသည့်နေ့မှစ၍ ကင်မရာခွန် ကောက်ခံမှုကို ရပ်နားပေးခဲ့ကြောင်း သိရသည်။
“အခုလို ကောက်ခံနေတဲ့အပေါ်မှာတော့ ဘာမှမပြောလိုပါဘူး၊ ဖြစ်သင့်တဲ့ကိစ္စပဲလေ၊ တခုပဲ ပြောချင်တာ ရှိတယ်၊ ဘာလဲဆိုတော့ အခုလို ကောက်ခံလို့ ရလာတဲ့ငွေတွေကို ဘယ်လိုစီမံခန့်ခွဲ သုံးစွဲသွားမလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်၊ ကျနော်သိသလောက် အဲဒီငွေတွေကို အစိုးရက စီမံခန့်ခွဲခွင့်မရှိဘူးဆိုတော့ ဘယ်နေရာတွေမှာ အသုံးပြုသွားမလဲဆိုတာကို အများသိနေဖို့ လိုပါတယ်”ဟု မန္တလေးမြို့ခံစာရေးဆရာ သိုက်ထွန်းသက်က ပြောသည်။
မန္တလေးမဟာမုနိ ရုပ်ရှင်တော်မြတ်သို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ နှစ်စဉ် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ဝင်ရောက်မှု ပို၍များပြားပြီး တနှစ်ပတ်လုံး ဝင်ရောက်မှု၏ ပျမ်းမျှနှုန်းအရ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ နေ့စဉ် ၃၀၀ ခန့်ရှိကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွင်း ၇၀၀၁၆၈ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း ၁၀သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း၊ ယခုအခါ ထိုင်းနှင့် တရုတ်ခရီးသွားများ အများဆုံး ဝင်ရောက်နေကြောင်း သိရသည်။
ယခုအခါ မန္တလေးမြို့တွင် နိုင်ငံခြားသားခရီးသွားများအား ဝင်ကြေး ကောက်ခံခြင်းကို ရွှေနန်းတော်၊ ရွှေကျောင်းကြီး၊ ၊ ဗားကရာကျောင်း၊ အင်းဝမယ်နုအုတ်ကျောင်းများတွင် တဦးလျှင် ကျပ်တသောင်းနှုန်းဖြင့် ကောက်ခံနေလျက် ရှိသလို မန္တလေးတောင်ခြေရှိ ကုသိုလ်တော်၊ စန္ဒမုနိဘုရား တို့တွင်လည်း နိုင်ငံခြားသား ခရီးသွား ဝင်ကြေးကောက်ခံမှုများ ပြုလုပ်နိုင်ရန် စီစဉ် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – မန္တလေး မဟာမုနိတွင် နိုင်ငံခြားသားများကို ဝင်ကြေး ကောက်ခံမည်
ဇီးရိုး ဘတ်ဂျက် တရုတ် ခရီးသွားတွေကို ကြပ်မတ်ဖို့ လိုနေပြီလား