လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပိုမို ပါဝင်လာနိုင်ရေး အတွက် နိုင်ငံရေး ပါတီများအနေဖြင့် မူဝါဒချမှတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့နွေဦး စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ သူများက အကြံပြု တိုက်တွန်းလိုက်သည်။
၂၀၁၉ အောက်တိုဘာလ ၂၀ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် အမျိုးသမီးများနှင့် ရွေးကောက်ပွဲ နိုင်ငံ ရေး ခေါင်းစဉ်ဖြင့် ပြုလုပ်သော မြန်မာ့နွေဦး စကားဝိုင်းတွင် နိုင်ငံရေး ပါတီ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် လွှတ် တော် ကိုယ်စားလှယ်များက ပါဝင် ဆွေးနွေးခဲ့ကြပြီး တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့တခုဖြစ်သည့် PACE အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော် စွာမြင့်က“အမျိုးသမီး ပါဝင်မှုကိုမြှင့်ချင်ရင် နိုင်ငံရေး ပါတီတွေက အခရာ အကျဆုံးပဲ။ နိုင်ငံရေး ပါတီတွေမှာ အမျိုး သမီး ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုမျိုး ရွေးချယ်မလဲ။ ဘယ်လို မြှင့်တင်မလဲဆိုတာကို စပြီး စဉ်းစားဖို့ လို တယ်”ဟု ပြောသည်။
ယခု ကျန်ရှိနေသေးသည့် ကာလအတွင်း နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းရေး ဆိုင်ရာ မဟာဗျူဟာများ ချမှတ်ထားမည်ဆိုပါက ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်း မြင့်လာလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ စိုင်းရဲကျော်စွာမြင့်က နိုင်ငံရေး ပါတီများသာမက ပါတီများကို ထိန်းကျောင်းခွင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပိုင်ခွင့်ရှိသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) အနေဖြင့်လည်း တာဝန်ရှိကြောင်း၊ UEC ၏ ၂၀၁၉-၂၀၂၂ မဟာဗျူဟာ စီမံကိန်းတွင် တန်းတူညီမျှခွင့်၊ အားလုံးပါဝင်ခွင့်ဟူ၍ ထည့်သွင်း ရေးဆွဲထားပြီး ဖြစ်ကြောင်း ရှင်း ပြသည်။
ဆက်လက်၍ ၎င်းက“အမျိုးသမီး ပါဝင်မှုအတွက် သူ(UEC)ကိုယ်တိုင်က စတင် Initiate လုပ်ဖို့ လိုတယ်။ နိုင်ငံရေး ပါတီ တွေ အနေနဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို ပိုပြီး ပါလာအောင် ဘယ်လိုလုပ်ရမလဲ။ ဘာအကူအညီ ပေးရမလဲ ဆိုတာ သူကိုယ်တိုင်ကနေ Initiate လုပ်ဖို့ လိုတယ်။ မဟုတ်ရင်တော့ အမျိုးသမီး ပါဝင်မှုက အိပ်မက်ပဲ ဖြစ် နေမှာ။ ပြောစရာကောင်းတဲ့ ကိစ္စ၊ နားထောင်လို့ ကောင်းတဲ့ ကိစ္စသက်သက်ပဲ ဖြစ်နေမယ်”ဟုလည်း ပြောဆိုသည်။
Triangle Women Support Group တည်ထောင်သူ မခင်လေးကလည်း လက်ရှိတွင် အရည်အချင်းရှိပြီး လုပ်နိုင် ကိုင်နိုင်သည့် အမျိုးသမီး ကိုယ်စားလှယ်များ ဆက်လက် ပါဝင်လာနိုင်ရေး သက်ဆိုင်သူများ အနေဖြင့် စဉ်းစားသင့် ချိန် ရောက်ပြီဟု ပြောသည်။
“တကယ်လည်း အရည်အချင်း ရှိတယ်။ လုပ်နိုင်တဲ့ ရှိပြီးသား အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေကို ကျမတို့ ဆက်ပြီးတော့ အားနဲ့မာန်နဲ့ သူတို့ကို အပြုသဘော ဆောင်တဲ့ အားပေးမှုတွေ တွန်းအားပေးမှုတွေနဲ့ ဘယ်လို ဆက်ပြီး သယ်ဆောင်မလဲ။ နောက်ထပ် အရည်အချင်း လုပ်ရည်ကိုင်ရည် ရှိပြီး တကယ် စိတ်အားထက်သန်တဲ့ လုပ်ချင်တဲ့ အမျိုးသမီးတွေကိုရော ဘယ်လို ထပ်ဆွဲယူမလဲ။ ဒါကို သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေနဲ့ တာဝန်ရှိသူတွေ ကတော့ လေးလေးနက်နက် စဉ်းစားဖို့ အချိန်ရောက်ပြီလို့ မြင်ပါတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။
လက်ရှိ အမျိုးသမီး ခေါင်းဆောင်များ၊ လွှတ်တော်ထဲရှိ အမျိုးသမီး ကိုယ်စားလှယ်များကို စံနမူနာ ထားကာ စိတ်ကူး စိတ်သန်းနှင့် လုပ်ကိုင်ချင်စိတ်များ ပေါ်လာမှုကြောင့် နိုင်ငံရေးတွင် ပါဝင်ချင်စိတ် ဖြစ်ပေါ်လာသည်ဆို ရုံဖြင့် မလုံ လောက်ကြောင်း၊ စိတ်ကူးယဉ်သပ်သက်ဖြင့် ရပ်နေ၍မရဘဲ လုပ်ထုံးလုပ်နည်း၊ ယန္တရားများ လိုအပ်ကြောင်း စိုင်းရဲ ကျော်စွာမြင့်က ပြောသည်။
ချင်း ပါတီကြီး ၃ ခု ပေါင်းထားသည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(CNLD) အနေဖြင့် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်၊ မူဝါဒ ချပြီးဖြစ်ရာ ကျန်ရှိသည့် ပါတီများလည်း မူဝါဒ ချမှတ်ရန် လူ့ အခွင့် အရေး တက်ကြွလှုပ်ရှားသူ မချယ်ရီဇာဟောင်းက တိုက်တွန်းသည်။
“၃၀ ရာခိုင်နှုန်း အနည်းဆုံး အမျိုးသမီးတွေ ပါဝင်လာအောင် အစိုးရကို ကျမတို့ စောင့်နေလို့ မရဘူး။ ပါတီတွေက စလုပ်မှ ရမယ်”ဟုလည်း ၎င်းက ဆိုသည်။
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(SNLD) ကလည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ် ၃၀ ရာခိုင်နှုန်း ပါဝင်ရန် မူဝါဒ ချမှတ် ထားကြောင်း ပြောဆိုထားသည်။
၂၀၁၀ တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှု ၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၅ တွင် ၁၃ ရာခိုင်နှုန်းထိ တိုးတက် လာသော်လည်း လုံလောက်သည့် ကိုယ်စားပြုမှု မဟုတ်သေးကြောင်း အရပ်ဘက် အဖွဲ့အစည်းများနှင့် အမျိုးသမီး အရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။
၂၀၁၅ ရွေးကောက်ပွဲ အပြီး အုပ်ချုပ်ရေး ကဏ္ဍတွင်လည်း အမျိုးသမီးပါဝင်မှု အလွန်နည်းပါးကာ အုပ်ချုပ်ရေး ကဏ္ဍ အကြီးအကဲများ အဖြစ် အမျိုးသမီး ဝန်ကြီးချုပ် ၂ ဦးသာ ပါဝင်လာပြီး ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တဦးကိုသာ တွေ့ရှိရသည်။
You may also like these stories:
အရည်အချင်း ပြည့်မီတဲ့ အမျိုးသမီးတွေ အတွက် နေရာဖယ်ပေးရမယ်
အိမ်ဖြည့်ရုံ မဖြစ်စေချင်တဲ့ အမျိုးသမီးများ ဦးဆောင်မှု ကဏ္ဍ
ကျားမတန်း တူညီရေး အဓိကထား ဆောင်ရွက်မည်ဟု ဒုသမ္မတပြော