ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများထဲမှ ၂၉ ဦးသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းသို့ ယနေ့ နံနက်ပိုင်းက ၎င်းတို့ ဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လာကြကြောင်း သတင်း ရရှိသည်။
အဆိုပါ ပြန်လည် ဝင်ရောက်လာသူများသည် သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံ တရားဝင် သတင်းပို့ကာ တောင်ပြို လက်ဝဲ လက်ခံရေးဘက်မှ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။
ဦးစိုးအောင်က“ဒီနေ့ မနက်ပိုင်းမှာပဲ၂၉ ဦး တောင်ပြိုဘက်ကနေ ပြန်ဝင်လာပါတယ်။ သူတို့ ဆန္ဒအလျောက် ပြန်ဝင် လာမယ့် အကြောင်းကို ကျနော်တို့ဆီကို ကြိုတင် ခွင့်ပြုချက် တောင်းတဲ့အတွက် ကျနော်တို့က ခွင့်ပြုလိုက်တာပါ။ ကျား၊မ အတိအကျ စာရင်းတော့ ကျနော့်ဆီကို မရောက်သေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဝင်ရောက်လာသူများကို တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေး စခန်းတွင် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ပြီး ပြန်လည် နေရာချထားပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်လည်း တဖက်နိုင်ငံရောက် ဘင်္ဂါလီ၂၆ ဦး ၎င်းတို့ဆန္ဒအလျောက် ပြန်လည် ဝင်ရောက် လာခဲ့ရာ ထိုသူများတွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် အကြမ်းဖက်သမား ၁ ဦး ပါဝင် လာသည့် အတွက် ဖမ်းဆီး ထိန်းသိမ်းကာ လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
မောင်တောမြို့နယ် အတွင်း ARSA တိုက်ခိုက်မှု ဖြစ်စဉ် နောက်ပိုင်း တိုက်ခိုက်မှုတွင် ပါဝင်သူများအား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ နာမည် ဓာတ်ပုံများနှင့်တကွ ကြေညာထားပြီး ပြန်လည် ဝင်ရောက်လာသူ များကို ထိုစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးလျက် ရှိသည်။
လက်ရှိ အချိန်အထိ တဖက်နိုင်ငံသို့ ရောက်ရှိနေသူ ဘင်္ဂါလီများထဲတွင် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် မဟုတ်ဘဲ လှေစီး ပြေးသူ၊ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာသူ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ဝင်ရောက်လာ သူ ၃၀၀ ကျော် အထိ ရှိလာပြီ ဖြစ်ကြောင်းလည်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက သိရသည်။
အဆိုပါ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ဝင်ရောက်လာသူများကို လူသားချင်း စာနာမှု အကူအညီ အထောက် အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ၏ အစီအစဉ်အတိုင်း နီးစပ်ရာ ဆွေမျိုးသားချင်း များရှိရာ ကျေးရွာများတွင် ပြန်လည် နေရာချထားပြီး ထောက်ပံ့မှုများကိုလည်း ပေးအပ်ထားကြောင်း ဒေသ အာဏာပိုင် များက ပြောဆိုကြသည်။
ထိုပြန်လည် ဝင်ရောက်လာသူများထဲတွင် ပန်းတောပြင် ကျေးရွာရှိ ဆွေမျိုးသားချင်းရှိရာသို့ အမျိုးသား ၇ ဦး အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦးလည်း လာရောက်နေထိုင်လျက် ရှိကြောင်း ပန်းတောပြင်ကျေးရွာ တာဝန်ခံ ဦးအဏ္ဏဝါက ပြောပြသည်။
၎င်းက“ပြန်လာကြတဲ့လူတွေထဲမှာ ကျနော်တို့ ရွာကို ၁၁ ဦး ရောက်ပါတယ်။ သူတို့ဆွေမျိုးသားချင်း နေအိမ်တွေမှာ နေထိုင်ကြပါတယ်။ စားသောက်ရေးကတော့ အစိုးရကလည်း ထောက်ပံ့တာ ရှိတယ်။ UN အဖွဲ့တွေကလည်း လာပေး တာ ရှိတဲ့ အတွက် သူတို့အတွက် အဆင်ပြေပါတယ်။ တခုရှိတာက သူတို့ နိုင်ငံသားတယောက်လို လွတ်လပ်စွာ သွား လာခွင့် ရချင်တယ်လို့ ပြောပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုလ ၁၁ ရက်က စစ်တွေမြို့ အစိုးရ ဧည့်ဂေဟာ၌ အဆိုပါ ပြန်လည် ဝင်ရောက်လာသူများထဲမှ မွတ်စလင် ၁၀ ဦး နှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးတို့ တွေ့ဆုံခဲ့ပြီး ၎င်းတို့ ပြန်လည် ဝင်ရောက်လာသည့် အကြောင်းအရာများ နှင့် လက်ရှိ နေထိုင်ရသည့် အနေအထားများကို တွေ့ဆုံမေးမြန်းခဲ့ကြောင်းလည်း ပြန်လည် ဝင်ရောက်လာသူ ကိုမာမွတ် ရှော်ရှီ က တွေ့ဆုံပွဲအပြီး သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
မြန်မာ အစိုးရသည် အဆိုပါ နေရပ်စွန့်ခွာ ဘင်္ဂါလီများ အရေးနှင့် ပတ်သက်၍ ကုန်းလမ်းက ပြန်ဝင်လာသူများကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ စခန်းတွင် လက်ခံရန် ပြင်ဆင်ထားပြီး ရေလမ်းက ပြန်ဝင်လာသူများ အတွက် ငခူရ စခန်းတွင် လက်ခံရန် ယခင်ကတည်းက အဆင်သင့် စခန်း ၂ ခု ဖွင့်လှစ်ထားရှိသည်။
တဖက်နိုင်ငံရောက် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် နေရပ် စွန့်ခွာသူ ဘင်္ဂါလီ ၃၄၅၀ ကို သြဂုတ်လ၂၂ ရက်မှ စတင်၍ ပြန်လည်ပေးပို့ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက တရားဝင် အကြောင်းကြားစာ ပေးပို့ထားသော်လည်း လက်ရှိအချိန်ထိ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တဦးတယောက်မှ ပြန်လည် ဝင်ရောက်လာသူ မရှိသေးပေ။
ပြီးခဲ့သော ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ၁၅ ရက်ကလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံရောက် နေရပ်စွန့်ခွာသူများ ပြန်လည် ဝင် ရောက်လာမည် ဆိုသည့်အတွက် မြန်မာဘက်မှ ကြိုဆိုလက်ခံရေး စခန်းများ ဖွင့်လှစ်ခဲ့သော်လည်း တဦးတယောက်မှ ပြန်ဝင်လာသူ မရှိခဲ့ပါ။
ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူ ဘင်္ဂါလီများ အနေဖြင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးနှင့် နိုင်ငံသားအဖြစ် အသိ အမှတ်ပြုရေး၊ မူလနေရာတွင် ပြန်လည်နေထိုင်ခွင့် ရရှိရေး အပါအဝင် လွတ်လပ်စွာ သွားလာခွင့် ရရှိရေးတို့ကို တောင်းဆို ထားကြောင်းလည်း နိုင်ငံတကာ သတင်း ဖော်ပြချက်များ အရ သိရသည်။
You may also like these stories:
ငပုတောတွင် ဖမ်းမိသည့် ဘင်္ဂါလီ၂၉ ဦးကို ပြစ်ဒဏ် ၂ နှစ်စီ ချမှတ်
မင်းလှမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၆ ဦး ဖမ်းမိ
အာဆီယံ သံအမတ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရ်ှမှ ပြန်ဝင်လာသည့် ဒုက္ခသည်များ တွေ့ဆုံ