သတင်း

အစိုးရ မြေကွက်ဝယ်ယူသူများ အခြေခံအဆောက်အဦ စရိတ်ပါ ပေးရမည်ဟု စည်ပင်ပြော

ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့် မြေကွက်များကို ဝယ်ယူမည့်သူများအနေဖြင့် အခြေခံအဆောက်အဦများ ဖြစ်သည့် လမ်း၊ မီးတိုင်၊ ရေမြောင်း၊ ရေပိုက်လိုင်းများတည်ဆောက်ရေး ကုန်ကျစရိတ်များကိုပါ ထည့်သွင်းပေးချေရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။

“EOI မခေါ်ရသေးတဲ့အတွက် ဘယ်ကုမ္ပဏီဆိုတာ မသိရသေးပေမယ့် EOI တင်လာတဲ့ ကုမ္ပဏီတွေကို သူတို့ ဘက်က အဆိုပြုလာတဲ့ ဈေးနှုန်းတွေပါလာမယ် သူတို့ဘက်က အဆိုပြုလာမယ့် Infrastructure တွေပါလာမယ်။ ဒါတွေပေါ်မှာ မူတည်ပြီးတော့ မြေကွက် ၁ ကွက် ဘယ်လောက် ကျမယ်ဆိုတာကို ပြန်လည်တွက်ချက်ပြီး သက်ဆိုင်ရာ မြေကွက် ဝယ်ယူသူတွေဆီက Infrastructure Development Costs ကိုကောက်ခံမှာပါ၊ ထပ်ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက အောက်တိုဘာလ ၂၂ ရက်က မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့် သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲ၌ အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ် သည်။

ရောင်းချမည့် မြေကွက် တကွက်မှာ ကာလတန်ဖိုးအရ သတ်မှတ် အခြေခံနှုန်းထားအတိုင်း ဖြစ်သော်လည်း အခြေခံ အဆောက်အဦ ဖြည့်သွင်းပြီး တန်ဖိုးအတိုင်း ကုန်ကျမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) မှ သိရသည်။

YCDC မှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက “မြေဖိုး ၄၀x ၆၀ မြေကွက် တကွက်ကို ကာလတန်ဖိုး သတ်မှတ်ထားတဲ့ အခြေခံနှုန်းထားနဲ့ ဥပမာ သိန်း ၆၀ ကျတယ်ဆိုပါစို့ Infrastructure စရိတ်က သိန်း ၅၀ ကျတယ်ဆိုရင် ဒီမြေကွက်သည် သိန်း ၁၁၀ ဖြစ်သွားပါလိမ့်မယ်။ သိန်း ၆၀ ကို မြေဖိုးအတွက် ပေးသွင်းမယ်။ Infrastructure အတွက် သိန်း ၅၀ ကို သီးခြားပေးသွင်း ရမယ်” ဟု ဆိုသည်။

မြေရောင်းချမည့် ကြမ်းခင်းဈေး အနေဖြင့် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး မြေစိစစ်ရေး အဖွဲ့မှ သတ်မှတ်ထားသော မြို့နယ်အလိုက် ၁ စတုရန်းပေ သတ်မှတ်နှုန်းထား အတိုင်း အကြမ်းဖျင်း အခြေခံ ထားကြောင်း YCDC မှ သိရသည်။

အစိုးရမြေကွက် ဝယ်ယူလိုသူ ကိုကျော်ကျော်ထွန်းက “လျှောက်လွှာတော့ ဝယ်ဖို့ စဉ်းစားထားတယ်။ အင်တာနက်ပေါ်မှာ ဒီမြေကိစ္စကို ပြောနေကြတာရယ် သတင်းတွေ သေချာ မဖတ်ရသေးလို့ မလျှောက်ရသေးဘူး။ အခြေခံ ကုန်ကျစရိတ်တွေ ပါ ထပ်ပြီး ပေါင်းမယ် ဆိုရင် ဈေးက သိန်းရာချီ သွားမလားပဲ။ ဒါဆိုရင် အခြေခံလူတန်းစားတွေကတော့ အနားကပ်နိုင်အုံး မှာ မဟုတ်ပါဘူး။” ဟု ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စာရင်းအရ တိုင်းဒေသကြီးအစိုးရက မြေကွက်ရောင်းချပေးမည်ဟု ဆိုကာ လျှောက်လွှာခေါ်ယူ ရောင်းချမှုမှာ လျှောက်လွှာတစောင် တစ်သောင်းနှုန်းဖြင့် ၂ ပတ်တာကာလအတွင်း ၇၇၈၆ စောင် ရောင်းချပြီး ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့အထိ လျှောက်လွှာများကို ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းမြေများသည် ယခင် အစိုးရများ လက်ထက်က ဒဂုံ ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာ မြို့နယ်များမှ မြို့ပြ စီမံကိန်း မြေ အဖြစ် သတ်မှတ်ထားသော်လည်း ယနေ့အထိ အကောင်ထည်ဖော်နိုင်ခြင်း မရှိသည့် ကျန်သောမြေများကို ယခု အစိုးရက ရောင်းချခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီထံမှ သိရသည်။

ရောင်းချမည့်မြေကွက်များကို တကွက်ချင်းတည်နေရာ စစ်ဆေးပြီးဖြစ်ပြီး လျှပ်စစ်မီးတိုင်များ၊ လမ်းများ ရှိပြီး ဖြစ် သော်လည်း လိုအပ်သည့် အခြေခံအဆောက်အဦများအတွက် တင်ဒါ ခေါ်ယူဖြည့်တင်း ပေးသွားမည်ဖြစ်ကြောင်း ဦးသန်းက ပြောသည်။

“လိုအပ်တဲ့ Infrastructure အားလုံးလုပ်ပေးနိုင်ဖို့အတွက် Infrastructure ကုမ္ပဏီကို EOI ခေါ်ပါ့မယ်။ အဲဒီကုမ္ပဏီက ဘာလုပ်ပေးရမလဲဆိုတော့ လမ်းရယ် ရေနုတ်မြောင်းရယ် ရေပေးဝေရေး စနစ်အတွက် ပိုက်လုံး network တွေကို ချပေးရမယ်။ ပြီးရင် လျှပ်စစ်မီးအတွက် မီးတိုင်တို့ မီးကြိုးတို့ ဒါတွေကိုတပ်ရမယ်” ဟု ၎င်းက ပြောသည်။

ယခုတကြိမ် ရောင်းချခြင်းမှာ ပထမ အကြိမ် ဖြစ်ပြီး ဒုတိယအကြိမ်အနေဖြင့် မြောင်းတကာ စက်မှုဇုန်ရှိ မြေကွက် ၁၈၇ ကွက်ကို ရောင်းချမည်ဖြစ်ပြီး၊ တတိယအကြိမ်တွင် ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့ပိုင်းရှိ စိုက်ပျိုးရေးဇုန် အဖြစ် ယခင် အစိုးရ လက်ထက်က သိမ်းထားသော မြေများကို ရောင်းချသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

ဆက်စပ်ဖတ်ရှုရန်

ရန်ကုန်တိုင်း အစိုးရ ရောင်းသည့်မြေ အာမခံချက် အပြည့်အဝရှိ ဟုဆို

Loading