ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာရွာနှင့် ဝေသာလီ ကျေးရွာတို့အနီး တိုက် ပွဲများတွင် ရက္ခိုင် စစ်တပ် (AA) သည် အားကစားဝတ်စုံဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ခွဲခြားရ ခက်လာ ကြောင်း တပ်မတော်မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယင်းနေရာများတွင် အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ၂ ဖက်စလုံးတွင် ထိ ခိုက် ကျဆုံးမှုများ ရှိကြောင်း၊ ၂ ဖက်တိုက်ပွဲများမှာ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်များ တွင် ဆက်တိုက် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
နောက်ပိုင်းတွင် AA အဖွဲ့ထံမှ အလောင်း၊ လက်နက်များ ရရှိပါက အများစုမှာ အရပ်ဝတ်များနှင့် ဖြစ်ကြောင်း၊ တိုက်ပွဲ များကိုလည်း ရွာအနီးတွင် ဖန်တီးလာကြောင်း၊ ထို့ကြောင့် အရပ်သားနှင့် ခွဲခြားရခက်သည့် သဘောမျိုးဖြစ်ကြောင်း၊ ယခု ရက်ပိုင်း တိုက်ပွဲများတွင် AA ဘက်မှ စတင်ပစ်ခတ်မှသာ တိုက်ပွဲဖြစ်သည်က ပိုများကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“လက္ကာကျေးရွာ ဖြစ်စဉ်မှာ ဆိုရင်လည်း ရလိုက်တဲ့ အလောင်းတွေဟာ အရပ်ဝတ်တွေနဲ့ ပဲ ဖြစ်တယ်။ အပေါ်က အားကစား အင်္ကျီဝတ်ထားတယ်။ အောက်မှာတော့ ဘောင်းဘီဝတ်ထားတဲ့သူ ရှိတယ်။ ပုဆိုး ဝတ်ထားတဲ့သူ ရှိတယ်။ ဒါမျိုးတွေနဲ့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်”ဟု ဆိုသည်။
၎င်းက ဆက်၍ “ဒီကိစ္စမှာ အလောင်းရော၊ လက်နက်ရော ရလိုက်လို့ ဘာမှ အသံထွက် မလာတာ။ ဘာမှ မဟုတ်ဘဲ အလောင်းပဲ ရလိုက်တယ် ဆိုရင်တော့ အရပ်သား သေပြီဆိုတဲ့ အသံတွေ ထွက်လာတာမျိုးတွေလည်း ရှိတယ်။ တခုခု ခြိမ်းခြောက်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ AA ရဲ့ ခြိမ်းခြောက်မှုကြောင့်ပဲ ဖြစ်ဖြစ် ရွာသားဖြစ်ပါတယ် ဆိုတဲ့အသံတွေ ထွက်လာ တယ်”ဟု ပြောဆိုသည်။
AA အဖွဲ့ဘက်မှ သတင်းပေး အယောင်ဆောင်များသည့် ရွာတိုင်းနီးပါးတွင် ရှိလာသဖြင့် တပ်မတော်သည် နယ်မြေ လုံခြုံ ရေး၊ နယ်မြေစိုးမိုးရေး ဆောင်ရွက်ခြင်းအား အတတ်နိုင်ဆုံး ရွာများကိုရှောင်၍ ဆောင်ရွက်လျက် ရှိကြောင်း လည်း တပ်မတော်ဘက်က ဆိုသည်။
AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ အားကစား ဝတ်စုံ ကိစ္စသည် အမြဲပင် စွပ်စွဲခံရသည့်ကိစ္စဖြစ်ကြောင်း၊ ရခိုင် တပ်တွင် ယူနီးဖောင် အပြည့်အစုံ ရှိကြောင်း၊ စွပ်စွဲခံနေရသလို အားကစားဝတ်စုံဖြင့် တိုက်ခိုက်ခြင်း မရှိကြောင်း ပြောဆို သည်။
ခိုင်သုခက“စစ်တပ်ဘက်ကပဲ ရွာသားတွေကိုသတ်၊ ပြီးရင် အားကစားဝတ်စုံတွေ ဝတ်၊ ပြီးရင် AA ကနေ ဒီလို ယူနီ ဖောင်းတွေနဲ့ တိုက်ပါတယ် ဆိုပြီး အရင်ကတည်းက အဲဒီလို လုပ်ခဲ့တာ ရှိတယ်။ ဒီဟာတွေဟာ စစ်ရာဇဝတ်မှုကို ကျူး လွန်ထားတာ ဖြစ်တယ်။ ကျနော်တို့က အချက်အလက် အပြည့်အစုံနဲ့ မှတ်တမ်းတင်ထားတာ ရှိတယ်”ဟု ပြောသည်။
ယခု နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုများလာသဖြင့် ဒေသခံများမှာ အလွန်စိုးရိမ်နေကြသလို အိုးအိမ် ပျက်စီးမှုများ၊ သေဆုံးဒဏ်ရာ ရရှိမှုများ နေစဉ်ဆိုသလို ဖြစ်ပွားနေကြောင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
“တိုက်ပွဲတွေကလည်း ပိုပြီးတော့ များလာပါတယ်။ ကျနော်တို့က လူထုကိုယ်စားလှယ်တွေပါ။ ကျနော်တို့မှာ စီမံခန့်ခွဲ ပိုင် ခွင့်လည်း မရှိပါဘူး။ ကျနော်တို့အမြင်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းချင်းချင်း အကျေအလည် ဆွေးနွေးပြီး တော့ အပစ်အခတ် ရပ်စဲဖို့ကိစ္စ အဲဒီ ကိစ္စကို လုပ်သင့်တယ်”ဟု ၎င်းက ဆိုသည်။
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင် စခန်းတွင် လူဦးရေက ၂၉၇၈ ဦး၊ ကိုယ်ဝန်ဆောင် ၂၀၊ ၁ နှစ်အောက် ကလေးငယ် ၈၀၊ အသက် ၆၀ နှင့် အထက်က ၂၄၇ ဦး၊ မသန်စွမ်း ၉ ဦး၊ အိမ်ထောင်စုက ၇၆၂ စု ရှိကြောင်းလည်း ဦးထွန်းသာစိန်က ပြောသည်။
တိုက်ပွဲ ဖြစ်ပွားမှုနှင့် အတူ နှစ်ဖက် စစ်ရေးလှုပ်ရှားမှု အခြေအနေများကြောင့် အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေး ခိုလှုံ နေရသော စစ်ဘေးဒုက္ခသည် ၆ သောင်းကျော် အထိ တိုးလာနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး ( Rakhine Ethnic Congress – REC) က ထုတ်ပြန်ထားသည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်ပြီး အရေအတွက်တော့ မပြောတော့ဘူး။ သူတို့ ဘက်က ပိုများလာတာတော့ တွေ့ရတယ်။ အဲဒီဘက်မှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဘက်မှာ တိုက်ပွဲ တွေ ပိုများလာတာ တွေ့ရတယ်”ဟု ပြောသည်။
မြေမျက်နှာပြင် အနေအထားအရ ကျောက်တော်မြို့၏ အရှေ့ဘက်ခြမ်း၊ မြောက်ဘက်ခြမ်း တို့သည် တောတောင် ထူ ထပ်သဖြင့် ယင်းနေရာတွင် အခြေခံ လှုပ်ရှားပြီး ဆောင်ရွက်လာကြောင်း၊ မြောက်ဦးဘက်တွင်လည်း ထိုသဘော အတိုင်း အပြင် ကျေးရွာများကို အခြေခံပြီး ဆောင်ရွက်နေသည့်သဘောဟု တပ်မတော်ဘက်က ပြောသည်။
AA ကမူ ၎င်းတို့အနေဖြင့် လက္ကာရွာကို ဝင်တိုက်ရသည်မှာ တပ်မတော်က ယင်းရွာတွင် စခန်းချပြီး ဘေးပတ်ဝန်းကျင် သို့ လက်နက်ကြီးဖြင့် လှမ်းပစ်ကြောင်း၊ ရွာသားများ ပိုင်သည့် အိမ်မွေးတိရစ္ဆာန်များကို သတ်စားခြင်း၊ ရွာထဲရှိ အိမ်များ ကို ဖောက်ထွင်းခြင်းများ ပြုလုပ်နေ၍ ဖြစ်ကြောင်း ပြောဆိုသည်။
ခိုင်သုခက“အဲဒီလိုမျိုး သောင်းကျန်းနေတဲ့ အတွက်ကြောင့် အဲဒီလူတွေကို ကျနော်တို့က ဝင်ရောက် တိုက်ခိုက်တာ ရှိ တယ်။ အောက်တိုဘာလ ၁၉ ရက်၊ မနက် ၆ နာရီကနေပြီးတော့ နေ့လယ် ၁၂ နာရီလောက် အထိ အဲဒီမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်တယ်။ ဗမာ စစ်တပ်ကတော့ ရွာထဲကနေပြီးတော့ ခုခံတာပေါ့”ဟု ပြောသည်။
ယင်းတိုက်ပွဲ အပြီးတွင် တပ်မတော်ထံမှ RPG ဗုံးသီး ၁၅ လုံး၊ ၆၀ မမ ဗုံးသီး ၂၀၊ ဆက်သွယ်ရေး စက်ကြီး တလုံး၊ မိုင်းများ၊ လက်နက်ခဲယမ်းများ၊ ကျည်တောင့် ၃၀၀၀ ကျော်နှင့် ရိက္ခာများလည်း ရလိုက်သည်ဟု ဆိုသည်။
ခိုင်သုခက ဆက်လက်၍“လက္ကာနဲ့ ဝေသာလီရွာ၂ နေရာ ဖြစ်စဉ်မှ ဗမာစစ်တပ်ဘက်က ကျဆုံးတာ ၁၀ ဦးအထက် ရှိ တယ်။ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ သူတို့ဘက်က ၁၀ ဦးအထိ ကျတယ်။ တပ်မ ၅၅ လက်အောက်ခံတပ်က သေဆုံး သူ ၃၅ ဦး အထက်မှာ ရှိတယ်။ ဒဏ်ရာရသူ ၃၀ အထက်မှာ ရှိတယ်။ ကျနော်တို့ဘက်က စစ်သည် ၂ ကျဆုံးတာ ရှိ တယ်”ဟု ပြောသည်။
ရခိုင် ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်သေဆုံးသူ ၈၀ နှင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သူ ၁၂၀ အထိ တိုးလာကြောင်းလည်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်း သာစိန် က လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့ဖူးသည်။
တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် နှစ် ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် တိုက်ပွဲများ ရပ်တန့်ရန် ဆွေးနွေးနေကြသော် လည်း လက်ရှိ အချိန်အထိ တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။
လတ်တလော AA အဖွဲ့ခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အစိုးရက အမှု ဖွင့် ထားသည်။
You may also like these stories:
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ
AA အနေဖြင့် စစ်မှုထမ်းဟောင်းများကို သတ်ဖြတ်မှု ဆက်မလုပ်ရန် ထုတ်ပြန်
AA အဖွဲ့ ၏ နည်းပညာသုံး တိုက်ခိုက်မှုများကြောင့် လုံခြုံရေး ပိုဂရုစိုက်ရမည်ဟု တပ်မတော် ပြော