ဂျပန်ဘုရင် နာရူဟီတိုသည် အင်္ဂါနေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံပေါင်း ၁၈၀ ကျော်မှ ဧည့်သည်တော်များ တက်ရောက်သော အစဉ်အလာအတိုင်း ကျင်းပသည့် အခမ်းအနားတွင် နန်းတက်ခြင်းကို ထုတ်ဖော်ကြေညာလိုက်ပြီး နိုင်ငံ၏ အထိမ်းအမှတ်အဖြစ် တာဝန်ထမ်းဆောင်ရန် ကတိပြုလိုက်သည်။
နာရူဟီတိုသည် မေလက အစဉ်အလာအတိုင်း ကျင်းပသည့် အကျဉ်းချုပ်အခမ်းအနားတွင် ဘုရင် ဖြစ်လာသော်လည်း ယနေ့ အင်္ဂါနေ့က တော်ဝင်နန်းတော်တွင် ကျင်းပသည့် အခမ်းအနားသည် ပိုမိုခမ်းနားသည့် ဓလေ့ထုံးစံဖြစ်ကာ သူ၏ အဆင့်အတန်းကို ကမ္ဘာသို့ တရားဝင်ကြေညာခြင်းဖြစ်သည်။
“ဖွဲစည်းပုံနှင့်အညီပြုမှုလုပ်ဆောင်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ ညီညွတ်မှုအဖြစ် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် ကတိပြုသည်” ဟု အသက် ၅၉ နှစ်ရှိပြီဖြစ်သော ဂျပန်ဘုရင်က ဗြိတိန်မှ ချားလ်မင်းသား အပါအဝင် တက်ရောက်သူ ၂၀၀၀ ခန့်၏ ရှေ့တွင် အနည်းငယ် ရှတသော အသံဖြင့် ကြေညာသည်။
“ဂျပန်နိုင်ငံသည် ပိုမိုတိုးတက်ပြီး နိုင်ငံတကာအသိုင်းအဝန်း၏ ချစ်ကြည်ငြိမ်းချမ်းမှုနှင့် ပြည်သူလူထု၏ အသိပညာနှင့် မဆုတ်နစ်သော အားထုတ်မှုများကြောင့် လူသားများ သာယာစိုပြေကြွယ်၀ ချမ်းသာခြင်း သို့မဟုတ် အကျိုးပြုမည်ဟု မိမိရိုးသားစွာ မျှော်လင့်သည်” ဟုလည်း သူက ကြေညာသည်။
နာရူဟီတိုသည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် မွေးဖွားခဲ့သည်။ သူ၏ဖခင် အကီဟီတိုအနေဖြင့် အသက်အရွယ်ကြီးရင့်လာသောကြောင့် တရားဝင်တာဝန်များကို မထမ်းဆောင်နိုင်တော့မည်ကို စိုးရိမ်ပြီး ရာစုနှစ်နှစ်ခုအတွင်း ထီးနန်းစွန့်သည့် ပထမဆုံး ဂျပန်ဘုရင် ဖြစ်လာသောအခါ နာရူဟီတို နန်းတက်ခဲ့ခြင်းဖြစ်သည်။
“သူဟာ ငယ်ရွယ်တက်ကြွပြီး ထူးချွန်တဲ့ ခေါင်းဆောင်မှုရှိတဲ့အတွက်သဘာဝဘေး အန္တရာယ်တွေ၊ တိုင်ဖုန်းတွေကို ရင်ဆိုင်နေရတဲ့ ဂျပန်ပြည်သူတွေကို အထောက်အကူပြုနိုင်မယ်လို့ ကျနော် မျှော်လင့်တယ်” ဟု နန်းတော်ပြင်ပရှိ ထီးတော်ကိုင်အုပ်စုများတွင်ပါဝင်သူ အသက် ၅၁ နှစ်အရွယ် တိုမိုကို ရှီယာကာဝါက ပြောသည်။
ကာလကြာမြင့်စွာ ကြိုတင်စီစဉ်ထားသော ထိုအခမ်းအနားမှာ လွန်ခဲ့သော ၁၀ ရက်က ဂျပန်နိုင်ငံတဝှမ်း တိုက်ခိုက်ပြီး အနည်းဆုံး လူ ၈၀ သေဆုံးစေသော ဟာဂီဘစ် တိုင်ဖုန်းမုန်တိုင်းနှင့် အင်္ဂါနေ့က သည်းထန်းစွာ ရွာသောမိုးကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရသည်။
တိုင်ဖုန်းမုန်တိုင်းကြောင့်ဖြစ်ပေါ်သော အပျက်အစီးများကို ရှင်းလင်းရေး အစိုးရက အာရုံစိုက်လုပ်ဆောင်နိုင်ရန် လူစုလူဝေး ချီတက်ပွဲကိုမူ နောက်လအထိ ဆိုင်းငံ့ထားရပြီး အင်္ဂါနေ့က ဆိုးရွားသော ရာသီဥတုကြောင့် နန်တွင်းအခမ်းအနားတွင် ရှေးဟောင်းဝတ်ရုံများ ဝတ်ဆင်ပါဝင်သည့် နန်းတွင်းသားများ အရေအတွက်ကို လည်း လျှော့ချခဲ့ရသည်။
သို့သော် ထိုအခမ်းအနားကျင်းပသည်နှင့် တပြိုင်နက် ကောင်းကင်သည် ပြန်လည်ကြည်လင်သွားခဲ့သည်။
နာရူဟီတိုသည် အနက်ရောင်ခေါင်းစည်းနှင့် နန်းတွင်းသားတယောက်က လိုက်လံ ကိုင်ထားပေးရသော အဖြူရောင် ဝတ်ရုံရှည် ဝတ်ဆင်ကာ ထိုနေ့က ကျင်းပသည့်အခမ်းအနားတွင် နန်းတော်တွင်းရှိ တော်ဝင်ဘိုးဘေးများအတွက် နတ်နန်းသုံးခုအနက် တခုတွင် နန်းတက်ကြောင်း ကြေညာခြင်းဖြင့်စတင်သည်။
သူ၏နောက်တွင် အသက် ၅၅ နှစ်အရွယ် ဟားဘတ်တက္ကသိုလ်ကျောင်းဆင်း မိဖုရား မာဆာကိုက အလွှာ ၁၂ လွှာရှိ ဝတ်ရုံဖြူကို ဝတ်ဆင်လိုက်ပါသည်။
သူ၏ ဝတ်ရုံရှည်ကို ခရမ်းရောင် ဝတ်စုံဝတ်ဆင်ထားသော နန်းတွင်း သူနှစ်ဦးက ကိုင်ဆောင်ထားပေးရသည်။
အစဉ်အလာပြည့်၀သော အခမ်းအနား
နန်းတော်တွင် ဂုဏ်သတင်းအကျော်ကြားဆုံး ခန်းမဖြစ်သည့် ထင်းရှူးခန်းမ သို့မဟုတ် မက်ဆုနိုမာတွင် ကျင်းပသည့် ပင်မ အခမ်းအနားတွင် နာရူဟီတိုသည် ဖခင်ဖြစ်သူ လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုက ဝတ်သည့်အတိုင်း ရိုးရာအစဉ်အလာဖြစ်သည့် လိမ္မော်ရောင်ရင့် ဝတ်ရုံနှင့် ခေါင်းစည်းကို ဝတ်ဆင်သည်။
သူသည် တော်ဝင်ရတနာ သုံးခုအနက် နှစ်ခုဖြစ်သော ရှေးဟောင်းဓားနှင့် ရတနာတခုကို ဘေးတွင်ထားပြီး နန်းတက်ခြင်းကို ၂၁ ပေမြင့်ကာ ၈ တန်လေးသည့် တာကာမီကူမာ မဏ္ဍပ်မှ ကြေညာသည်။
ဂျပန်နိုင်ငံ ရှင်တို ဘာသာတွင် အမြင့်မြတ်ဆုံးဖြစ်သည့် အစ်ဆီဂရန်း နတ်နန်းတွင် ထိန်းသိမ်းထားသော ယာတာနိုကာဂမီ ခေါ် မှန်နှင့် အထက်ပါ ရတနာ နှစ်မျိုးတို့သည် ဘုရင်၏ တရားဝင်ခြင်းကို အထိမ်းအမှတ်ပြုသော အထိမ်းအမှတ် ရတနာများဖြစ်သည်။
၁၂ လွှာရှိ ဝတ်ရုံကိုဝတ်ဆင်ပြီး ဆံပင်ကိုအထက်လှန်ဖီးထားသည့် မာဆာကိုသည်လည်း ပလ္လင်ငယ်တခုတွင် ထိုင်ပြီး ပါဝင်ဆင်နွှဲသည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ချားလ်မင်းသား၊ အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး အယ်လိန်းချောင်နှင့် မြန်မာ အရပ်ဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဧည့်သည်တော်များရှေ့တွင် ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။
ထိုနောက် အာဘေးသည် ဧည့်သည်တော်များနှင့်အတူ ဘုရင်ကို ဂုဏ်ပြုရန် ဘန်ဇိုင်း ဟု သုံးကြိမ် ရင့်ကျူးသည်။
တော်ဝင်မိသားစုအနာဂတ်
အင်္ဂါနေ့ညနေပိုင်းတွင် တော်ဝင် စားသောက်ပွဲ ကျင်းပရန် စီစဉ်ထားသည်။ ပြည်ပမှ တော်ဝင်မိသားစုများ အတွက် လက်ဖက်ရည်ပွဲတော်ကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် စီစဉ်ထားသည်။
အများပြည်သူချီတက်ပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ဆိုင်းငံ့ထားပြီး ယခု နန်းတက်ပွဲကို ရဲတပ်ဖွဲ့ဝင် ၂၆၀၀၀ က လုံခြုံရေးယူထားပေးကြောင်း NHK သတင်းဌာနက ဆိုသည်။
နာရူဟီတိုတွင် အသက် ၁၇ နှစ်အရွယ် အိုက်ကို အမည်ရှိ သမီးတဦးတည်းသာရှိပြီး သူသည် ထီးနန်းဆက်ခံနိုင်ခြင်း မရှိသောကြောင့် ဂျပန် ဘုရင်များတွင် ထူးခြားနေသည်။
နောင်လာမည့်မျိုးဆက်များတွင် ဂျပန်တော်ဝင်မိသားစု၏ အနာဂတ်မှာ အသက် ၁၃ နှစ်သာ ရှိသေးသော သူ၏တူ ဟီဆာဟီတိုအပေါ် မူတည်နေသည်။ သူသည် သူ၏ဖခင် အကီရှင်တိုပြီးလျှင် ထီးနန်းဆက်ခံရမည် ဖြစ်သည်။
နာရူဟီတို၏ အဖိုး ဟီရိုဟီတို အတွက် ဂျပန်တို့ ဒုတိယကမ္ဘာစစ်က တိုက်ခိုက်ခဲ့ပြီး သူ့ကို ဘုရားသဖွယ် သတ်မှတ်ကြသော်လည်း ၁၉၄၅ ခုနှစ်တွင် စစ်ရှုံးပြီးနောက် သူ၏ မြင့်မြတ်သောအဆင့်အတန်းကို စွန့်လွှတ်ခဲ့သည်။ ဘုရင်များတွင် နိုင်ငံရေးအာဏာမရှိပေ။
ဂျပန်အများအပြားတို့က နန်းတက်ပွဲကို ကြိုဆိုကြသော်လည်း အချို့က ထိုအခမ်းအနားကို စိတ်ပျက်ဖွယ်အဖြစ် ရှုတ်ချကြသည်။
“ဒီလောက်ခမ်းခမ်းနားနား ကျင်းပစရာမလိုဘူး။ ယာဉ်ကြောတွေပိတ်ကုန်ပြီး သာမန်လူတွေအတွက် အဆင်မပြေဘူး” ဟု အသက် ၇၄ နှစ်အရွယ် အငြိမ်းစား ဆရာဝန် ယိုရှီကာဇူ အာရိုင်ကပြောသည်။
“ပြည်သူတွေအတွက် သင်္ကေတအဖြစ် ဘုရင်ကိုလိုတယ်။ ဒါပေမယ့် တခါတခါတော့လည်း မလိုတော့ဘူး။ ဘုရင်မရှိလည်း ဘာမှမဖြစ်ပါဘူး” ဟု သူက ပြောသည်။
ကိုးကား။ ။ Reuters
အားလုံးခေါင်းဆောင် လုပ်ချင်ပါက နောက်လိုက် ဘယ်သူလုပ်မလဲ ဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို
အင်ဒိုနီးရှား ကျောင်းသားဆန္ဒပြသူများကြားဝယ်