ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာ နှင့် အင်းစိန်မြို့နယ်များရှိ စက်ရုံ ၅ ရုံမှ အလုပ်သမား ၂၀၀ ကျော်သည် အလုပ်သမား အလုပ်ရှင်စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်ခံနေရသည့် အတွက် ဖြေရှင်းပေးရန် ရန်ကုန်တိုင်းအစိုးရထံသို့ လာရောက်တောင်းဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါအလုပ်သမားများသည် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကူညီဖြေရှင်းပေးရေး အတွက် အောက်တိုဘာ၂၂ ရက်နေ့ နေ့လည်ပိုင်းမှ စတင်ကာ တိုင်းအစိုးရရုံးရှေ့တွင် လာရောက်တောင်းဆိုနေခြင်း ဖြစ်ပြီး၊ ယနေ့ နေ့လည်ပိုင်းတွင်မူ တိုင်းအစိုးရနှင့် အလုပ်သမားကိုယ်စားလှယ်များ စတင်ဆွေးနွေးနေပြီဟု အလုပ်သမားအခွင့်အရေး ကူညီဆောင်ရွက်ပေးနေသော Action Labor Right အဖွဲ့မှ ဒေါ်မိုးစန္ဒာမြင့်က ဧရာဝတီ သို့ ပြောသည်။
ဒေါ်မိုးစန္ဒာမြင့်က “ မြန်မာနိုင်ငံကို ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ လုပ်ငန်းခွင် တည်မြဲမှုမရှိ အလုပ်သမားတွေ လုပ်ကိုင်ဆောင်ရွက် နေရတဲ့အပေါ်မှာ ဒီလို သပိတ်တွေ ဖြစ်ပေါ်တယ်။ ဒီလိုဝန်ကြီးအထိ ရောက်လာပြီး အကူအညီ တောင်းရတယ်။ ဒီလိုအခြေအနေမျိုးတွေကို အချိန်မှီတားဆီးနိုင်ဖို့အတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေကို လေးစားလိုက်နာဖို့အတွက် လာရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။။
ယခုလာရောက် တောင်းဆိုကြရခြင်းသည် အလုပ်ရှင်များဘက်မှ အငြင်းပွားမှု ဥပဒေပါ အချက်များကို လိုက်နာမှု မရှိခြင်း၊ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့များတွင် ညှိနှိုင်းထားသော စာချုပ်ပါ အချက်အလက် များကို လိုက်နာမှုမရှိခြင်း၊ အလုပ်သမား ခေါင်းဆောင်များကို ခြိမ်းခြောက်ခြင်း နှင့် အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယခု အလုပ်သမားအလုပ်ရှင် ပြဿနာ ဖြစ်ပွားနေသော စက်ရုံငါးရုံမှာ SDI အထည်ချုပ်စက်ရုံ၊ Young Clothing 2 စက်ရုံ၊ ကိုင်ချန်း စက်ရုံ၊ Natural Garment စက်ရုံ နှင့် မြန်မာလက်ကီး အထည်ချုပ်စက်ရုံတို့ ဖြစ်ကြောင်း သိရသည်။
SDI အထည်ချုပ်စက်ရုံမှ အလုပ်သမား ဦးအောင်နိုင်ဝင်းက “ ကျနော်တို့ကို အလုပ်သမားအလုပ်ရှင်စာချုပ်ပါ အချက်အလက်တွေဖြစ်တဲ့ လစာကိစ္စတွေ၊ လုံခြုံပြီး သက်တောင့်သက်သာဖြစ်မယ့် လုပ်ငန်းခွင်မျိုး ဖန်တီးပေးမယ်ဆိုပြီး ဒါတွေ ဘာမှ မလုပ်ပေးတာ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကိစ္စများ နှင့် ပတ်သက်ပြီး အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် ပါဝင်သော အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) တွင် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း အလုပ်ရှင်ဘက်မှ လိုက်နာဆောင် ရွက်ခြင်း မရှိခြင်းကြောင့် ယခုလို တိုင်းအစိုးရအဖွဲ့ထံသို့ လာရောက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အခြား စက်ရုံတခုဖြစ်သော Young Clothing 2 အထည်ချုပ်စက်ရုံတွင်မူ လစာ၊ အချိန်ပိုကြေး၊ ကျွမ်းကျင်ကြေး အပြင် ခွင့်ရက်ရရှိမှု ခံစားခွင့်များ ကွာခြားနေကြောင်း အဆိုပါစက်ရုံအလုပ်သမားများထံမှ သိရသည်။
Natural Garment စက်ရုံမှ အလုပ်သမား မမြမြငြိမ်းက “ ကျမတို့လည်း ဒီလိုနေရာတွေအထိ အရောက် မလာ ချင်ပါဘူး။ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှာ ညှိနှိုင်းထားတာတွေကို အလုပ်ရှင်ဘက်က ထပ်ပြီး ချိုးဖောက်နေလို့ ရောက်လာရတာ” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့တွင် ယင်းသို့ ဆန္ဒပြတောင်းဆိုနေကြသော အလုပ်သမားများ ကိစ္စ နှင့် ပတ်သက် ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။
လက်ရှိအချိန်တွင် ပြန်လည် ပြင်ဆင် အတည်ပြုလိုက်သည့် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေး ဥပဒေတွင် အခွင့်အရေး ဆိုင်ရာ အငြင်းပွားမှု ဆိုသည့် စကားရပ်ကို တိတိကျကျ ပြဋ္ဌာန်းထားသော်လည်း အကောင်အထည် ဖော်နေသည့် သက်ဆိုင်ရာ အစိုးရဌာနများ အနေဖြင့် ဥပဒေပါ လုပ်ထုံးလုပ်နည်း အတိုင်း အကောင်အထည် ဖော်ပေးရန် ပျက်ကွက်နေခြင်းကြောင့် ယခုလိုတောင်းဆိုနေရခြင်းဖြစ်ကြောင်း အလုပ်သမားများက ဝေဖန်နေကြ သည်။
You may also like these stories:
ဂျပန်သို့ မြန်မာလုပ်သား စေလွှတ်ရေး ဆွေးနွေးညှိနှိုင်း
ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် အလုပ်သမားများ ဆန္ဒထုတ်ဖော်
ပြည်တွင်းအလုပ်သမားပြဿနာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအပေါ် စိန်ခေါ်မှုဖြစ်နေ