ပြီးပြည့်စုံသည့် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရေးအတွက် ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုသော်လည်း လာမည့်နှစ်ရွေးကောက်ပွဲမတိုင်မီ ထိုသို့ဖြစ်နိုင်ခြေမရှိဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားလိုက်သည်။
မွတ်ဆလင်ရိုဟင်ဂျာများကို ဖြိုခွဲရခြင်းသည် အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဂျပန်ဘုရင်နန်းတက်ပွဲသို့ တက်ရောက်ရန် တိုကျိုသို့ရောက်ရှိနေစဉ် ဂျပန်သတင်းဌာန Nikkei Asian Review နှင့် ပြုလုပ်သည့် မိနစ် ၃၀ ကြာ တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ရခိုင်ပြည်နယ်ပြဿနာတွေမှာ အကြမ်းဖက်တဲ့ အစိတ်အပိုင်းတွေ ရှိနေတာကို နိုင်ငံတကာအသိုင်းအဝန်းက အာရုံမစိုက်လို့ ကျမတို့ စိတ်ပျက်ရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့ပူပန်မှုကိုလည်း ကျမတို့က နားလည်ပါတယ်” ဟုလည်း သူဆက်ပြောသည်။
ဆယ်စုနှစ်များစွာကြာသော စစ်အုပ်ချုပ်ရေးကြောင့် မြန်မာနိုင်ငံတွင် သက်ဆိုးရှည်သော ပဋိပက္ခများ ရှိနေသည်။ ငြ်ိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရစေရန် ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် စီးပွားရေး တိုးတက်မှုမျှော်လင့်ချက်များကို မြှင့်တင်ပေးခဲ့သည်။
လက်တွေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်ဘက်အတွက် လွှတ်တော်ကိုယ်စားလှယ် နေရာ ၂၅ ရာခိုင်နှုန်း အာမခံထားသောကြောင့် စစ်ဘက်သည် အရပ်ဘက်အာဏာကို ချုပ်ကိုင်ထားဆဲ ဖြစ်သည်။ ထိုအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့် အခြားပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေးသည် ပြည့်၀သော ဒီမိုကရေစီဖြစ်ရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကြောင့် စစ်ဘက်သည် အခြေခံဥပဒေပြင်ဆင်ရေးကို တချက်လွှတ်အာဏာဖြင့် ပယ်ချခွင့်ရသကဲ့သို့ဖြစ်နေပြီး အကောင်အထည်ဖေါ်ရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေသည်။ လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးရန် ပူးတွဲ ကော်မတီတခုဖွဲ့ထားသော်လည်း “တပ်မတော်က စိတ်အားထက်သန်မှု မရှိ” ကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲနိုင်လျှင် ထိုကိစ္စကို ဆက်လက်ကိုင်တွယ်နိုင်မည့် သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်ပြောသည်။ “လာမယ့်ရွေးကောက်ပွဲ မျှော်လင့်ချက်တွေကို ရှေ့နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ ကျမတို့ စွမ်းရည်အပေါ်မူတည် တည်ဆောက် မထားဘူး” ဟု သူပြောသည်။
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာဟု ၎င်းတို့ဘာသာခေါ်ဆိုသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များကို လုံခြုံရေးတပ်များက ရက်စက်ကြမ်းတမ်းစွာ ဖြိုခွဲမှုတွင် နှုတ်ဆိတ်နေသောကြောင့် ဝေဖန်မှုများကို ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသည်။ ထို စစ်ဆင်ရေးများကြောင့် ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။
“ဒီကိစ္စဟာ တချို့လူတွေ ပုံဖေါ်ဖို့ကြိုးစားနေတဲ့ ဘာသာရေး ပြဿနာမဟုတ်ဘူး။ ဒါဟာ တကယ့်ကို စီးပွားရေး၊လူမှုရေး ပြဿနာဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောသည်။ သူမ၏ အစိုးရသည် ၂၀၁၆ ခုနှစ်မတ်လက အာဏာရလာချိန်မှ စတင်ပြီး ရခိုင်ပြည်နယ်မှ မတည်ငြိမ်မှုကို သတိထားမိပြီး အကြံပေးကော်မရှင်ကို ကြီးကြပ်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ခန့်အပ်ခဲ့ကြောင်း သူပြောသည်။ ထိုကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်သည်နှင့် တပြိုင်နက် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် အမည်ခံ မွတ်စလင် လက်နက်ကိုင်အဖွဲ့က မြန်မာလုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ရာက မြန်မာ့တပ်မတော်၏ ဖြိုခွဲမှု စတင်ခဲ့ခြင်းဖြစ်သည်။
“ ရခိုင်ပြည်နယ်မှာ ပြဿနာပြေလည်တဲ့ အဖြေမလိုချင်တဲ့၊ ငြိမ်းချမ်းရေးမလိုချင်တဲ့ အကြမ်းဖက်အစိတ်အပိုင်းအချို့ရှိနေတယ်လို့ ကျမတို့မြင်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
နိုင်ငံတကာ အသိုင်းအဝန်းမှ ဖိအားသည်လည်း လျှော့ကျခြင်းမရှိပေ။ ဇူလိုင်လက အမေရိကန်ပြည်ထောင်စုသည် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားထိပ်တန်းအရာရှိများအား လူ့အခွင့်အရေးချိုးဖေါက်သည်ဟု စွပ်စွဲပြီး အရေးယူပိတ်စို့မှုများ ချမှတ်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတို့နှင့် စီးပွားရေးဆက်ဆံမှုတိုးချဲ့ရန် အဖြေတခုလိုပါသလားဟု Nikkei Asian Review က မေးသောအခါ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့က ဒီပြဿနာကို ဖြေရှင်းချင်တာဟာ ဘယ်နိုင်ငံနဲ့မှ စီးပွားရေးဆက်ဆံမှု တိုးတက်ချင်လို့ မဟုတ်ဘူး၊ ကျမတို့နိုင်ငံ တည်ငြိမ်ငြိမ်းချမ်းမှုအတွက် လိုအပ်လို့သာဖြစ်တယ်” ဟုသူပြောသည်။
ရိုဟင်ဂျာပြဿနာနှင့်ပတ်သက်ပြီး အနောက်ကမ္ဘာနှင့် ခပ်တန်းတန်းဖြစ်သွားသော မြန်မာကို အိမ်နီးချင်း တရုတ်က အရေးပေးခဲ့သည်။ မြန်မာနိုင်ငံသည် ဘေ့ဂျင်း၏ ရပ်ဝန်းနှင့်လမ်း အခြေခံအဆောက်အအုံစီမံကိန်းအတွက် သေနင်္ဂဗျူဟာအရ အရေးပါနေသည်။
တရုတ်နိုင်ငံသြဇာလွှမ်းမိုးမှု ကြီးလာခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပူပန်မှု မပြဘဲ “ကျမတို့နဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်တယ်။ ကျမတို့က တကမ္ဘာလုံးက နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားလိုတယ်” ဟု ပြောသည်။
“ ကျမအထင်မှာ ကျမတို့နိုင်ငံဟာ လွှတ်လပ်ရေးရပြီးကတည်းက အရမ်းကို ဘက်မလိုက်တဲ့ အရမ်း ယထာဘူတကျတဲ့ နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားတယ်” ဟုပြောပြီး မည်သည့်ရင်းနှီးမြှုပ်နှံမှုမဆို အပြန်အလှန် အကျိုးရှိသင့်ကြောင်းပြောသည်။
မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ဆယ်စုနှစ် ၃ ခုကြာ ဦးဆောင်ခဲ့သည့် ဆွဲဆောင်မှုရှိသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်နှစ်ရွေးကောက်ပွဲ ကျင်းပချိန်တွင် အသက် ၇၅ နှစ်ပြည့်တော့မည်ဖြစ်သည်။ အနာဂတ်တွင် သူ၏ မူဝါဒများကို အကောင်အထည်ဖေါ်မည့် ဆက်ခံမည့်သူ ရှင်းရှင်းလင်းလင်း မရှိသောကြောင့် နိုင်ငံခြားမှ လေ့လာစောင့်ကြည့်သူများအတွက် မေးခွန်းထုတ်စရာဖြစ်နေသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် အလွန် တင်းကျပ်သော ဝါစဉ် အဆင့်ဆင့်ရှိနေပြီး ထိုစနစ်ကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောသဖြင့် သူမကို ဆက်ခံသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များအတွင်းမှသာ ဖြစ်နိုင်သောသဘောမျိုးဟု ယူဆကြောင်း ဂျပန်သတင်းဌာနက ရေးသည်။
အငြိမ်းစားယူရန် အစီအစဉ် ရှိမရှိ မေးသောအခါ “ကျမတို့မှာ အစီအစဉ် အမျိုးမျိုးရှိတယ်။ အနာဂတ်အတွက် အစီအစဉ်တခုတည်းကို မှီခိုနေလို့မရဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ဖြေသည်။
ကိုးကား ။ ။ Nikkei Asia Review
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် တက်တဲ့ ဂျပန်ဘုရင် နန်းတက်ပွဲ
ဒီမိုကရေစီနဲ့ မေးခွန်းတခု (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်နေလား
အားလုံးခေါင်းဆောင် လုပ်ချင်ပါက နောက်လိုက် ဘယ်သူလုပ်မလဲ ဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်