နှစ်ပေါင်းတရာကျော် ရပ်တည်လာသည့် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းကြီး(YMBA)သည် မည်သူတဦးတ ယောက်၏ လက်အောက်မှာမှမရှိဘဲ သီးခြားရပ်တည်နေသည့် အသင်းသာဖြစ်ကြောင်း YMBA ဥက္ကဋ္ဌ ဦးရဲထွန်း က ပြောသည်။
“ YMBA က ဘယ်သူ့အောက်မှမရှိဘူး၊ ရှေ့ဆက်လည်း အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေး ကိစ္စရပ်တွေ ဆက်လုပ်သွား မယ်၊ နိုင်ငံရေး ဘက်ကို လုပ်ဖို့မရှိပါဘူး”ဟု ဦးရဲထွန်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း YMBA အသင်းရုံးသို့ လာရောက် ခဲ့ပြီး အမျိုး၊ ဘာသာ၊ သာသနာနှင့်ပတ်သက်၍ အစွန်းမရောက်ဘဲ ထိန်းသိမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ယင်းသို့လာရောက်စဉ် YMBA အမှုဆောင်များမှ လက်ရှိ အသင်းတည်ရှိရာ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်း၊ အမှတ်(၇၇) ရှိ နှစ်ထပ်အဆောက်အအုံနေရာတွင် ၁၅ ထပ်ရှိ အဆောက်အဦးသစ် ဆောက်လုပ်ရန် တင်ပြမှုရှိခဲ့ ကြောင်း အသင်းတာဝန်ရှိသူများက ပြောသည်။
“တကယ်တော့ ဒီလမ်းတွေမှာ ၁၅ ထပ်ဆောက်လို့လဲမရပါဘူး၊ ခွင့်ပြုထားတာလဲမရှိဘူး၊ အများဆုံးက ၈ ထပ် ပါပဲ၊ ဒီလိုဆောက်ဖို့ကလဲ အခုဟာ နှစ်ကြာပြီ ပြိုကျတော့မယ်၊ နောက်ပြီး အသင်းအတွက်လည်း ရန်ပုံရအောင် အခန်းငှားရမ်းပြီး တဖက်တလမ်းက ဝင်ငွေရအောင်ပါ”ဟု ဦးရဲထွန်းက ရှင်းပြသည်။
YMBA အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အောက်တိုဘာ ၇ ရက်နေ့က “မဟာမင်္ဂလ ဓမ္မ ဇောတိကဓဇ”ဘွဲ့ချီးမြှင့်ကာ ရာသက်ပန်နာယက ကြီးအဖြစ် တင်မြောက်မှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ခံနေရသည်။
ယင်းဆုနှင့်ပတ်သက်ပြီး ဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင်အနေဖြင့် ယခုကဲ့သို့ ဘွဲ့ပေးအပ်ခြင်းသည် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု မရှိဘဲ လက်ရှိ YMBA အဖွဲ့မှာ တရားမဝင်အဖွဲ့ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့သည်။
ဝေဖန်ပြောဆိုမှုများကြောင့် အသင်းဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင်နှင့် ဦးမြတ်စိုး(လှိုင်) ၊ ဦးအေးမြင့်ဆိုသူတို့ကိုလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ပုဇွန် တောင်မြို့မရဲစခန်းတွင် YMBA ဘက်မှ အမှုဖွင့်ထားသည်။
“ဒို့အသင်းကြီးကို ပြောနေတာထက် တပ်ချုပ်ကိုစော်ကားတာကို မခံနိုင်တာ၊ ပေးတဲ့ဆုက အတုကြီးဆိုတော့ ဒို့လည်း မကောင်းဘူး၊ တပ်ချုပ်လဲမကောင်းဘူး”ဟု YMBA အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောသည်။
YMBA အသင်းအနေဖြင့် “မဟာမင်္ဂလ ဓမ္မ ဇောတိကဓဇ”ဘွဲ့အား ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း လက်ရှိ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား ပေးအပ်ခဲ့ပြီးအောက် အမှတ်စဉ် ၇၅ ယောက်မြောက် ရာသက်ပန် နာယကကြီးအဖြစ် တင်မြောက်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမှတ် စဉ် ၇၇ ရာသက်ပန်နာယကကြီး ဖြစ်သည်။
လက်ရှိတွင် အဆိုပါအမှုဖွင့်ထားမှုနှင့်ပတ်သက်ပြီး ဦးသန်းဝင်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ တောင်း ပန်သည့် အကြောင်း စာနှစ်စောင်ပေးပို့ခဲ့ကြောင်းနှင့် အသင်းသို့တောင်းပန်လာပါကလည်း ကျေအေးပေးဖို့ရှိ ကြောင်း ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောသည်။
YMBA အသင်းကြီးအား ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် အသင်းခွဲ ၆၀ ရှိကြောင်း သိရသည်။
You May Also Like This Story:
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် “မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့” ရန်ကုန်မြို့ တွင် လက်ခံရယူ
မဘသ အမည်ပြောင်း အဖွဲ့ကို ငွေလှူရခြင်းမှာ အားပေးရမည့် အဖွဲ့ ဖြစ်၍ဟု တပ်မတော် ပြော