နေပြည်တော် ကောင်စီနယ်မြေ၌ ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယား (Victoria) အမှုတွင် တရားခံအဖြစ် စွပ်စွဲခံထားရသည့် ကိုအောင်ကြီး အာမခံရရှိရန် လျှောက်ထားချက်ကို ယနေ့ ဒက္ခိဏခရိုင်တရားရုံးက ပယ်ချလိုက်သည်။
ဒက္ခိဏခရိုင် တရားသူကြီး ဦးတင့်လွင်က “ကိုအောင်ကြီး (ခ)ကိုအောင်ကျော်မျိုး အတွက် အာမခံ လျှောက်ထားချက်မှာ တရားခံဘက်မှ ခိုင်လုံသည့် လျှောက်လဲချက် မပေးနိုင်သည့် အတွက် ပယ်ချလိုက်ကြောင်း အမိန့်ချသည်” ဟု ယနေ့ တရားခွင် စစ်ဆေးမှု အပြီးတွင် ပြောဆိုသည်။
အဆိုပါ အမှုတွင် အဓိက ဆက်နွယ်နေသည့် အကြမ်းဖက်ခံရသူ ကလေးငယ်၏ မိခင်၊ ဖခင်၊ အဘွား၊ ဗစ်တိုးရီးယားနှင့် ဗစ်တိုးရီးယား တက်ရောက်နေသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းမှ ၎င်း၏ ဆရာမ ဒေါ်နီလာအေး စ သည့် တရားလိုပြ သက်သေများကို စစ်ဆေးရာ၌ သံသယ တရားခံအဖြစ် စွပ်စွဲခံထားရသည့် ကိုအောင်ကြီးမှာ ပြစ်မှု မကျူးလွန်ကြောင်း ထွက်ဆိုခဲ့သည်ကိုလည်း တရားခွင် စစ်ဆေးမှုများ အရ သိရသည်။
ယနေ့ ၉ ကြိမ်မြောက် ရုံးချိန်း၌ Wisdom Hill ကျောင်းမှ ဗစ်တိုးရီးယား၏ ဆရာမဖြစ်သူ ဒေါ်နီလာအေးကို တရားခွင် စစ် ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ယင်း၏ ထွက်ဆိုချက်များမှာ ကိုအောင်ကြီးသည် ကျောင်း၏ ဧည့်ခန်းနေရာတွင် တချိန်လုံး ရှိနေကြောင်း၊ ကလေးများမှာလည်း ဆရာများနှင့် တချိန်လုံး ရှိနေသည့် အတွက် လုံခြုံမှုရှိကြောင်း အစရှိသည်များကို တရားခွင်အတွင်း ထွက်ဆိုသွားသည်။
ဗစ်တိုးရီးယား၏ ဆရာမ ဖြစ်သူ ဒေါ်နီလာအေးက “အောင်ကြီးသည် ကျောင်းတွင် လိင်အကြမ်းဖက်မှု လုံးဝမရှိခြင်းဟု ဆိုလျှင် မှန်ပါသည်” ဟု ကိုအောင်ကြီး၏ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်က အပြန်အလှန် မေးခွန်း မေးမြန်းစဉ် ထွက် ဆိုခဲ့သည်။
ကိုအောင်ကြီး၏ ရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးခင်မော်ဇော်က အမှုတွင် အဓိကကျသည့် ကျောင်းဘက်မှ ဆရာမကို စစ်ဆေး မေးမြန်းရာတွင် လိုချင်သည့် အချက်များ ရသဖြင့် ကျေနပ် အားရကြောင်း၊ ယနေ့ တရားခွင် စစ်ဆေးသည့် အချိန် ထိ တရားလို ကိုယ်တိုင် အပါအဝင် တရားလိုပြ သက်သေများကို စစ်ဆေးရာတွင် ကိုအောင်ကြီး မကျူးလွန်ကြောင်း ထွက် ဆိုမှုများသာ ရှိခဲ့ကြောင်းလည်း ပြောဆိုသည်။
ရှေ့နေ ဒေါ်စုဒါလီအောင်က “ကျမက မေးတဲ့ ဆန့်ကျင်ဘက် မေးခွန်းတိုင်းကို အားရတယ်။ အကုန်လုံးက အဆင်ပြေ တယ်။ သက်သေ ကိုယ်တိုင်က ကိုအောင်ကြီး မကျူးလွန်ဘူးလို့ ပြောတာ။ သက်သေပြောတာ။ တရားလို ကိုယ်တိုင် ကလည်း မထွက်ဘူး။ တရားလိုဘက်က သက်သေတွေ အကုန်လုံးကလည်း ကိုအောင်ကြီး လုပ်တယ်လို့ တယောက်မှ မထွက်ဘူး။ လောလောဆယ် အာမခံ အပယ်ခံ ထားရတယ်” ဟု တရားခွင် စစ်ဆေးမှုအပြီး သတင်းထောက်များကို ပြောသည်။
ယနေ့ ၉ ကြိမ်မြောက် ရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းမှ ဆရာမ ၂ ဦးနှင့် CCTV( လုံခြုံရေး ကင်မရာ) ကို ကိုင် ဆောင်သည့် ကိုရန်နောင်ဌေးကို စစ်ဆေး မေးမြန်းမည်ဟု သတ်မှတ်ထားသော်လည်း တရားခွင် စစ်ဆေးမှု အချိန် မရသ ဖြင့် နောက်ရုံးချိန်းသို့ ပြန်လည် ချိန်းဆို လိုက်သည်။
ကိုအောင်ကြီး၏ ဖခင်ဖြစ်သူ ဦးမြသိန်းက “ဒီနေ့ ကျနော့်သားကို အာမခံ ရမယ်လို့ ထင်နေတာ။ အဓိက သက်သေဖြစ်တဲ့ ဒေါ်နီလာအေးက လာထွက်တယ်။ ပြောသွားတဲ့ စကားအရ ၃ နာရီ ၁၂ မိနစ်မှာ ဝင်တယ်။ ဝင်တဲ့ အချိန်ကနေ၊ ထွက်တဲ့ အချိန်ထိ ဆိုဖာခုံပေါ်မှာပဲ ထိုင်နေတယ်။ အရင်က ထွက်ဆိုချက်တွေမှာလည်း အောင်ကြီး ကျူးလွန်တယ်လို့ တယောက်မှ မပြောဘူး။ အဲဒါကို အာမခံ မရတော့ စိတ်တော့ မကောင်းဘူးပေါ့” ဟု ဆိုသည်။
လာမည့် ၁၀ ကြိမ်မြောက် ရုံးချိန်းကို နိုဝင်ဘာ ၆ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ပြီး အဆိုပါ ရုံးချိန်း၌ ကိုရန်နောင်ဌေး၊ ကျောင်းဘက်မှ ဆရာမ နှင်းနု မဟုတ်သည့် တခြားသေား ဆရာမ ၂ ဦးကို စစ်ဆေးသွားမည်ဟု ဒက္ခိဏခရိုင် တရားရုံးက သိရသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ဗစ်တိုးရီးယားမှာ မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်း ဖြစ်သူကို သံသယ တရားခံဖြစ်သူ ကိုအောင် ကြီးကို ဇူလိုင် ၄ ရက်က တရားစွဲတင်ခဲ့သည်။
ရဲတပ်ဖွဲ့၏ ဆောင်ရွက်လုပ်ကိုင်ပုံများ အပေါ် လူထုက ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသလို စစ်မှန်သည် တရားခံ ဖမ်းဆီး နိုင်ရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများလည်း ရန်ကုန်၊ မန္တလေး၊ နေပြည် တော် မြို့ကြီးများ အပါအဝင် အခြား မြို့အနှံ့ အပြားတွင်လည်း ပြုလုပ်ခဲ့ကြသည်။
သမ္မတ တိုက်ရိုက်အုပ်ချုပ်ရာ နေပြည်တော်ကဲ့သို့ နေရာမျိုးတွင် ကလေးငယ်တဦး မဖွယ်မရာ ပြုလုပ်ခံရပြီး အမှုမှန်လည်း မြန်မြန် ဆန်ဆန် ပေါ်ပေါက်ခြင်း မရှိခဲ့သဖြင့် မိခင် အများစုတွင် စိုးရိမ် မှုများဖြစ်ပေါ်ခဲ့ပြီး ထိုဖြစ်ရပ် အပေါ်တွင် ကျေနပ်မှု မရှိကြောင်းလည်း လူမှုကွန်ရက်တွင် ရေးသား ဖော်ပြခဲ့ကြသည်။
You May Also Like This Story:
Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး၏ သား ၂ ဦး ၅ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေး ခံရမည်
ဗစ်တိုးရီးယားအမှု Wisdom Hill ကျောင်းမှ CCTV ကိုင်သည့် ဝန်ထမ်းကို ယနေ့စစ်မည်
ဗစ်တိုးရီးယားအမှု လာမည့် ရုံးချိန်း ကိုအောင်ကြီး အာမခံ ရ၊ မရ အမိန့်ချမည်