ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့ရှိ အမှတ် ၃ အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၃၄ ဦးမှာ လပွတ္တာမြို့တွင်း၌ လှည့်လည် ရောင်းချသည့် ရေခဲမုန့်စားပြီးသည့်နောက် မူးဝေအော့အန်ကာ အစာ အဆိပ်သင့်မှု အောက်တိုဘာလ ၂၂ ရက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား ကျောင်းသူ ၃၄ ဦးမှာ ယမန်နေ့ နေ့လယ်ပိုင်း ထမင်းစားကျောင်းဆင်းချိန်တွင် ရေခဲမုန့် ဝယ်စားပြီး သည့် နောက် မူးဝေအော့အန်ကာ အစာအဆိပ်သင့်မှုများ ဖြစ်ပွားသည့် အတွက် ကျောင်းအုပ်ချုပ်ရေး တာဝန် ရှိသူများမှ လပွတ္တာမြို့ ၃ မိုင် ဆေးရုံသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၃၄ ဦး အနက် ၁၇ ဦးမှာ ရောဂါ သက်သာသဖြင့် ပြင်ပ လူနာအဖြစ် ဆေးကုသမှုခံယူကာ ယမန်နေ့က ဆေးရုံမှ ဆင်းသွားခဲ့ကြပြီး ကျန်ရှိ ၁၇ ဦးမှာ အဆိုပါ ဆေးရုံတွင် ဆေးကုသမှု ခံယူနေ ဆဲ ဖြစ်ကြောင်း လပွတ္တာမြို့ ၃ မိုင် ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ပြော သည်။
ဒေါက်တာ နှစ်ဆန်းဦးက “ကလေးတွေ အကုန်လုံး ကျန်းမာရေး ကောင်းနေပါပြီ။ ဒါပေမယ့် ဆရာမတွေနဲ့ မိဘတွေက ပြန် ဖြစ်မှာစိုးလို့ စိတ်မချတာနဲ့ စောင့်ကြည့်မယ်ဆိုပြီး ဆေးရုံ ဆက်တက်နေကြတာပါ။ ကလေးတွေ အကုန်လုံး လန်းလန်း ဆန်းဆန်းပါပဲ။ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။
အစာအဆိပ်သင့်မှုမှာ အမှတ် ၃ အထက်တန်းကျောင်းတွင်သာမက လပွတ္တာ မြို့တွင်း ရပ်ကွက်များတွင်လည်း ဖြစ်ပွားမှု တချို့ ရှိခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။
လပွတ္တာမြို့ခံ ကိုမျိုးနိုင်က “အစာအဆိပ်သင့်တာက ရေခဲမုန့်စားမိတဲ့ ကျောင်းသားတွေတင် မဟုတ်ဘူး။ လပွတ္တာမြို့ထဲက လူတွေလည်း ဖြစ်ကြတာ ရှိတယ်။ မြို့ထဲက ဆေးခန်းတွေမှာ ပြသပြီး ဆေးကုသမှု ခံယူရတာတွေ ရှိတယ်။ ရေခဲမုန့် ကြောင့် ဖြစ်တယ်လို့ အတိအကျ မပြောနိုင်ပေမယ့် အစာအဆိပ်သင့်မှု ဖြစ်တဲ့လူ အားလုံးက ရေခဲမုန့်စားပြီးမှ ဖြစ်ကြတာ တူညီနေတယ်” ဟု ပြောသည်။
ယင်းရေခဲမုန့်မှာ အစိုးရ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)တွင် မှတ်ပုံတင်ထားခြင်း မရှိဘဲ လပွတ္တာမြို့၌ ဒေသတွင်း တနိုင်တပိုင် ထုတ်လုပ်ရောင်းချသည့် ရေခဲမုန့် ဖြစ်ပြီး ယမန်နေ့က အစာဆိပ်သင့်မှုများ ဖြစ်ပွားပြီး နောက်ရေခဲမုန့် နမူနာကို လပွတ္တာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီမှ ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ ရေခဲမုန့်နှင့် ပတ်သက်၍ ဓာတ်ခွဲခန်းမှ ပြန်လည် ပေးပို့သည့် အဖြေပြန် မရမချင်း ရေခဲမုန့် ထုတ်လုပ် ရောင်းချမှုကို ရပ်ဆိုင်းထားရန် လပွတ္တာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီက ညွန်ကြားထား သည်။
၂၀၁၇ ခုနှစ် မတ်လ ၂၃ ရက်က မြောင်းမြမြို့နယ် ရေငန်းအုပ်စု၊ အိမ်တလုံးစက်ကုန်း ကျေးရွာ၌ ရှင်အပါး ၅၀၀ အလှူပွဲ တွင် ကျွေးမွေးသည့် အလှူထမင်းဟင်း စားသောက်ပြီးနောက် လူ ၂၅၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ယင်းသို့ အစာအဆိပ်သင့်မှုဖြစ်စဉ်တွင် မြောင်းမြ ဆေးရုံသို့လူနာရောက်ရှိမှု အရမ်းများသည့် အတွက် မြောင်းမြဆေးရုံ မဆန့်တော့သဖြင့် ဆေးရုံတာဝန်ရှိသူများက မြောင်းမြမြို့ခံများ အကူအညီဖြင့် ဆေးရုံအပြင်ဘက် ပရဝုဏ်အတွင်းထဲ၌ ညတွင်းချင်း ရွက်ဖျင်တဲများ ထိုး၍ လူနာများအား ဆေးကုသပေးခဲ့ရကြောင်း သိရသည်။
You May Also Like This Story:
အလွန်အကျွံစားသုံးရင် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အစားအစာများ
“ဝ” ၃၉ ဦး အဆိပ်သင့်၍ မဲဟောင်ဆောင် ဆေးရုံတွင် အရေးပေါ် ကုသနေရ
လူတိုင်းသိထားသင့်တဲ့ အစာအဆိပ်သင့်ခြင်းရဲ့လက္ခဏာ ၅ ခု