မန္တလေးတွင် လူကုန်ကူးမှု ၂ မှု တနေ့တည်းဖမ်းမိ
အတင်းအကျပ် ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်းနှင့် လူကုန်ကူးခြင်းခံရသော အမျိုးသမီး ၈ ဦးကို မန္တလေးတွင် တနင်္ဂနွေနေ့က ကယ်ဆယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အဆိုအရသိရသည်။
ချမ်းမြသာစည် မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာမှ တိုက်ခန်း တခုတွင်ပိတ်လှောင်ထားပြီး သုံးလကြာမျှ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခံနေ၍ ကယ်တင်ပေးရန် မိန်းကလေး သုံးဦးထံမှ စာများပစ်ချထား သည်ကို တွေ့ရ၍ ဒေသခံများက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ အဆိုအရ စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်၊ ရွာသာကြီးမြို့နယ်နှင့် ရန်ကုန်တိုင်း သာကေတမြို့နယ်မှ အသက် ၁၈ နှစ်နှင့် ၂၃ နှစ်အရွယ် ထိုအမျိုးသမီးများသည် မန္တလေးရှိ စင်တင် စားသောက်ဆိုင်တခုတွင် ကိုယ်ဟန်ပြမယ်များအဖြစ် အလုပ်လုပ်ရန် ဖြားယောင်းခေါ်ဆောင်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
“မန္တလေးက စင်တင်မှာ ကိုယ်ဟန်ပြမယ် လုပ်ရင် ငွေအများကြီးရမယ်ဆိုပြီး အင်တာနက်မှာ သူတို့နဲ့ ခင်တဲ့ အမျိုးသားတယောက်က သွေးဆောင်ခဲ့တာ” ဟု မန္တလေးမှ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲအဖွဲ့ ဒုရဲမှူး ဦးမျိုးဇင်ကပြောသည်။
“သူတို့က ကိုယ်ဟန်ပြမယ်အဖြစ် ရက်ပိုင်းပဲလုပ်ရပြီး နောက်တော့ တိုက်ခန်းမှာပိတ်ပြီး ပြည့်တန်ဆာအဖြစ်အတင်းအကျပ် စေခိုင်းခံခဲ့ရတယ်လို့ စစ်ဆေး တွေ့ရှိရတယ်’’ ဟုလည်း သူက ရှင်းပြသည်။
ထိုမိန်းကလေးများသည် သော့ပိတ်ထားသောတိုက်ခန်းမှ စာများချပြီး အတင်းအကျပ်ပြုခံနေရကြောင်း၊ ပြင်ပလောကနှင့် အဆက်ပြတ်နေကြောင်းနှင့် ၎င်းတို့ကို ကယ်တင်ပေးရန် ရေးသားထားသော စာများကို ပစ်ချခဲ့သည်။
“ဒီစာတွေကို တွေ့တဲ့ ရပ်ကွက်ထဲကလူတွေက ဒါက လူကုန်ကူးတာပဲဆိုပြီး ၁၉၉ ကို ဖုန်းဆက်ပြီးတော့ သတင်းပေးလို့ ကျနော်တို့ သူတို့ကို ကယ်နိုင်ခဲ့တယ်” ဟုလည်းသူက ပြောသည်။
ထိုမြရည်နန္ဒာ တိုက်ခန်းများတွင် ထိုနေ့တနေ့တည်းတွင်ပင် တရုတ်ပြည်သို့ သတို့သမီးအဖြစ် ရောင်းစားမည့် အခြားအမျိုးသမီး ၅ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့သည်။
“အဲဒီနေ့မနက်ခင်းမှာပဲ အောင်ပင်လယ်နယ်က ရဲတပ်ဖွဲ့ဝင်တွေက လူကုန်ကူးမှု သတင်းအရ အဲဒီ မြရည်နန္ဒာက တခြားတိုက်ခန်းကို ဝင်စစ်တော့ တရုတ်ပြည်ကို ပို့လုဆဲ အမျိုးသမီး ၅ ဦးကိုကယ်လိုက်နိုင်တာ”ဟု ဒုရဲမှူးဦးမျိုးဇင်က ပြောသည်။
အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိ ထိုအမျိုးသမီး ၅ ဦးတို့သည် တနင်္ဂနွေနေ့ နံနက်ကမှ ရှမ်းပြည်နယ်တောင်ကြီး၊ စစ်ကိုင်းတိုင်းထီးချိုင့်နှင့် ရန်ကုန်တို့မှ မန္တလေးသို့ရောက်ရှိလာခြင်းဖြစ်သည်။
“ဒီအမျိုးသမီးတွေက တရုတ်နယ်စပ်ကိုမသွားခင် အနားယူဖို့ အဲဒီနေ့ မနက်မှာပဲ မန္တလေးကို ရောက်ကာစပဲရှိသေးတယ်။ ဒီအမှုမှာပါတဲ့ လူနှစ်ယောက်ကို ကျနော်တို့ဖမ်းထားတယ်။ နှစ်မှုစလုံးကို စစ်ဆေးနေပြီး ပါဝင်ပတ်သက်တဲ့ ကွင်းဆက်တွေကို ဖမ်းနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်” ဟုလည်း သူကပြောသည်။
ထိုအမျိုးသမီး ၅ ဦးကို တရုတ်ပြည်သို့ သတို့သမီးအဖြစ် ရောင်းချရန်ကြိုးစားသည်ဟူသော စွပ်စွဲချက်အတွက် ကိုသီဟမိုးအောင်နှင့် ကိုမျိုးသန့်တို့ကို စစ်ဆေးနေပြီး မိန်းကလေးသုံးဦးကို ပြည့်တန်ဆာအဖြစ် အတင်းအကျပ်စေခိုင်းမှုအတွက် ဦးဆန်းထွန်း ဆိုသူကို စစ်ဆေးနေသည်။ ထိုသူသုံးဦးကို လူကုန်ကူးမှုဥပဒေဖြင့် အမှုဖွင့်ရန် ရဲတပ်ဖွဲ့က စီစဉ်ထားသည်။
လူကုန်ကူးခြင်းနှင့် ပြည့်တန်ဆာအဖြစ်အတင်းအကျပ်စေခိုင်းခြင်း တို့သည် အနည်းဆုံးထောင် ၁၀ နှစ် တသက်တကျွန်းအထိ ကျခံရနိုင်သော စွဲချက်များဖြစ်သည်။
ထိုအမျိုးသမီးများကို ရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်းများက လုံခြုံသောနေရာတွင် ထားပြီး နှစ်သိမ့်ဆွေးနွေးပညာပေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
(Zarni Mann ၏ Two Human Trafficking Operations Busted in a Single Apartment in Mandalay ကို ဘာသာပြန်သည်)
You may also like these stories:
Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး၏ သား ၂ ဦး ၅ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေး ခံရမည်
ကိုအောင်ကြီး အာမခံ ရရှိရေး လျှောက်ထားချက် ပယ်ချခံရ
ခေးနင်းဆရာတော်အား ပစ္စတိုဖြင့် ပစ်သတ်ခံရခြင်းဖြစ်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ အတည်ပြု