နေပြည်တော်- ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၂၀ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံ အကြားတွင် ယနေ့ မနက်ပိုင်းက အိမ်စီးကား ၁ စီး အရှိန်လွန် တိမ်းမှောက်သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မနက် ၆ နာရီ ၃၀ မိနစ်ခန့်က နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် Alphard အမျိုးအစား အဖြူရောင် ယာဉ်သည် မိုင်တိုင် ၂၀ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး Guard rails တန်း ကို ဝင်တိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ် ၁၁ ဦးအနက် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းထုတ် ပြန်ထားသည်။
ထို့ပြင် ယနေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်က အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၇၁ နှင့် ၇၂ ကြားတွင် Light truck အဖြူရောင် ယာဉ်မောင်းမှာ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်း ကာထားသည့် ဘယ်ရီယာတုံးများအား ဝင်တိုက်မိရာမှ ယာဉ်ထက်ပိုင်းကျိုး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း သေဆုံးပြီး လူ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း သိရသည်။
ဆက်စပ်လင့်ခ်
၂၀၁၈ အတွင်း အမြန်လမ်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိ