သတင်း

အဝေးသင်ပညာရေး စနစ်သစ် အလိုမရှိကြောင်း မန္တလေးကျောင်းသားများ ဆန္ဒပြ

၂၀၂၀ ခုနှစ်တွင် ပြောင်းလဲ ကျင့်သုံးမည့် အဝေးသင်ပညာရေး သင်ကြားမှု စနစ်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ ရတနာပုံ တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။

အနီးကပ်သင်တန်းများအတွက် ယခင်က ၁၀ရက်တက်ရသော်လည်း ယခုပြောင်းလဲလိုက်သည့် စနစ်တွင်မူ ၅လပိုင်း တွင် သင်ကြားမှု ၅ ရက်တကြိမ်၊ ၁၀လပိုင်းတွင် သင်ကြားမှု ၅ ရက်တကြိမ်၊ နှစ်ကြိမ်ခွဲကာ တက်ရမည်ဟု သတ်မှတ်ရာ ကျောင်းသားများ အတွက် အဆင်မပြေသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်း ဟု သိရသည်။

“ကျနော်တို့ ကျောင်းသားတွေ အနေနဲ့ လက်မခံဘူး။ သဘော မတူပါဘူးဆိုတဲ့ အနေနဲ့ အခုလို ဆန္ဒပြတာ၊ နောက်ပြီး ကျောင်းနှစ်ခါ ခွဲတက်ရတဲ့ အတွက် ကုန်ကျစရိတ် များလာမယ်၊ ဝန်ထမ်းတွေ ဆိုရင် ခွင့်ပြဿနာတွေနဲ့ အဝေးက ကျောင်းသားတွေဆိုရင် အဆောင်အခက်အခဲတွေရှိလာမယ်၊ အဲဒီအတွက် ကျနော်တို့က လက်မခံတာပါ” ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သည့် ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ အဝေးသင်တာဝန်ခံ ကိုသူရိန်မိုး က ပြောသည်။

အဆိုပါ စနစ်သစ်မှာ လက်ရှိကျင့်သုံးနေသည့် အနီးကပ်သင်တန်း ၁၀ ရက် သင်ကြားသည့် ပုံစံမဟုတ်တော့ဘဲ၂၀၂၀ မေလတွင် ပထမအသုတ် ၅ ရက် နှင့် စာမေးပွဲမတိုင်မီ ဒုတိယ အသုတ် ၅ ရက် တက်ရမည့် ပုံစံသို့ ပြောင်းလဲ ကျင့်သုံး မည် ဖြစ်ကြောင်း၊ ယင်းစနစ်သစ်ကို ရန်ကုန်တက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ် ၂ခု၌ ရှေ့ပြေးစီမံကိန်းအဖြစ် စတင် ကျင့်သုံးမည်ဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နေပြည်တော်တွင် အောက်တိုဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ပါမောက္ခချုပ်များ ကော်မတီအစည်းအဝေး၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ၌  ပြောကြားခဲ့သည်ဟု သိရသည်။

“အခုလို လုပ်မယ်ဆိုတာကို ကြိုတင် ကြားသိတဲ့အတွက် ကမ်ပိန်းတွေလည်း လုပ်တယ်၊ ဆာဗေးတွေ ကောက်ခဲ့တယ်၊ ကျောင်းသား သမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေကလည်း ကန့်ကွက်ကြတယ်၊ အရင်ကတည်းက ကျောင်းသားထုကရော ဆရာသမဂ္ဂတွေကပါ သဘောမတူပါဘူး ဆိုတဲ့ ကြားထဲကနေ ပညာရေးဝန်ကြီးက အဝေးသင်ပညာရေး စနစ်သစ်ကို ၂၀၂၀ မှာ စမယ်လို့ ပြောတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ကြရတာ ဖြစ်တယ်”ဟု ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ကိုနိုင်လင်းအောင်က ရှင်းပြသည်။

အဝေးသင်စနစ်သစ် ပညာရေး လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ယခုနှစ် ဇွန် ၄ရက်က ကျောင်းသားသမဂ္ဂများမှ အဆင့်မြင် ပညာ ဦးစီးဌာနမှ ဒေါက်တာသိန်းဝင်းနှင့် တွေ့ဆုံကာ အဝေးသင် စနစ်သစ်ပညာရေးနှင့် ပတ်သက်၍ ကျောင်းသားထု၏ သဘောထားဆန္ဒသည် အရေးကြီးကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

“အဲဒီတုန်းက ကန့်ကွက်တာတွေ များတဲ့အတွက်ကြောင့် မလုပ်တော့ဘူးဆိုတဲ့ အကြောင်း ဒေါက်တာသိန်းဝင်း လက်မှတ်နဲ့ စာထွက်လာတယ်၊ ဒါကိုပဲ အဝေးသင်ပညာရေး စနစ်သစ်ကို Pilot Project အနေနဲ့ ၂၀၂၀ ကစပြီး ရန်ကုန် တက္ကသိုလ် နဲ့ ရတနာပုံတက္ကသိုလ်တွေမှာ ကျင့်သုံးမယ်ဆိုပြီး နေပြည်တော်မှာ ပညာရေးဝန်ကြီးကနေ ပြောခဲ့တယ်၊ ဒီကိစ္စကို ကျောင်းသားတွေအနေနဲ့ သဘောမတူပါဘူး ဆိုတဲ့ ကြားထဲက လုပ်ဆောင်မယ်ဆိုတာကြောင့် အခုလို ဆန္ဒပြကြရ တာပါ”ဟု ကိုနိုင်လင်းအောင်က ဆက်လက်ပြောပြသည်။

ယနေ့ ဆန္ဒထုတ်ဖော်ရာတွင် ကျောင်းသားထု ဆန္ဒမပါသော အဝေးသင်ပညာရေး စနစ်သစ် အလိုမရှိ၊ အာဏာရှင် ဆန်သော ပညာရေး ပြုပြင်ပြောင်းလဲမှုများ အလိုမရှိ၊ ၅ ရက် ၂ ခါ ခွဲတက်ရမည့် အဝေးသင် ပညာရေး စနစ်သစ် အလိုမရှိ၊ ကျောင်းသားထု၏ သဘောထားများ အလေးထားပေးရေး ဒို့အရေး၊ အစမ်းသပ်ခံ ပညာရေး အလိုမရှိ စသည့် ကြွေးကြော် သံ များဖြင့် ရတနာပုံ တက္ကသိုလ်ကျောင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

အဝေးသင် တက္ကသိုလ် သင်ကြားရေး စနစ်ရှိသည့် တက္ကသိုလ်ပေါင်း ၃၉ ခုမှ ကျောင်းသားများ သမဂ္ဂများသည် အဝေးသင် ပညာရေး စနစ်သစ်ကို ပြောင်းလဲကျင့်သုံးမည်ဟု မေလခန့်ကတည်းက သတင်းများ ကြိုတင် ကြားသိခဲ့ ကြရသဖြင့် ကမ်ပိန်းများ ပြုလုပ်ခြင်း၊ ဆာဗေးများ ကောက်ခံခြင်းများ ပြု လုပ်ခဲ့ရာ တက္ကသိုလ် ၃၈ ခုမှ ကန့်ကွက်ကြောင်း အဖြေများ ရရှိခဲ့ကြောင်း၊ ရတနာပုံတက္ကသိုလ် ဆရာများ သမဂ္ဂ တခုတည်းသာ ထောက်ခံကြောင်း ရလဒ် ရရှိခဲ့ပြီး ယင်းရလဒ်များကို ပညာရေး ဝန်ကြီး ဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနသို့ ဇွန်လအတွင်းက တင်ပြခဲ့ကြောင်း သိရသည်။

ထို ဆန္ဒပြမှုနှင့်ပတ်သက်၍ မေးမြန်းရန် ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်ထံသို့ ဧရာဝတီက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရခဲ့ပါ။

အဝေးသင်ကျောင်းသားအများစုသည် အလုပ်တဖက်နှင့် ကျောင်းတတ်သည့်သူများ ဖြစ်ပြီး ၅ ရက် ၂ ကြိမ် ခွဲပြီး တက်ရမည် ဆိုပါက အဆောင်စရိတ်များ ကုန်ကျခြင်းနှင့် အလုပ်ခွင်တွင် အလုပ်ရှင်နှင့် အဆင်မပြေခြင်းများ ဖြစ်နိုင် ခြင်းကြောင့် ထို စနစ်သစ်နှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်မှုများ ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်သလို အခြားတက္ကသိုလ်များမှ သမဂ္ဂများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသ) ထံက သိရသည်။

Loading