မန္တလေးတွင် အမျိုးသမီး ၁ ဦး ဓားထိုးခံရ၍ သေဆုံး
မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် Sky Wall Shopping Mall ၃ လွှာရှိ LCCI သင်တန်း တခုတွင် တက်ရောက်နေသော အမျိုးသမီး ၁ ဦးအား ဝင်ရောက်၍ ဓားဖြင့် ထိုးခဲ့ရာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အမှတ် (၈) မြို့မ ရဲစခန်းက သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၃ ရက် ညနေ ၆ နာရီခွဲခန့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ သေဆုံးသူမှာ မန္တလေးမြို့၂၂ လမ်း၊ ၈၆ x ၈၇ လမ်းကြား နေထိုင်သူ အသက် ၂၁ နှစ်အရွယ် မဂရေစ်အေးမွန်သန့် ဖြစ်ပြီး ကျူးလွန်သူမှာ ၎င်း၏ ရည်းစားဖြစ်သူ မောင်လတ်အောင်(ခ) အောင်အောင် ဖြစ်ကြောင်း မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။
အမှတ်(၈) မြို့မရဲစခန်းမှ တာဝန်ရှိသူ တဦးက “ဖြစ်စဉ် ဖြစ်ပွားခဲ့တာ မှန်ပါတယ်။ စခန်းမှာ အမှု ဖွင့်ထားတယ်။ ဓားနဲ့ထိုး တဲ့သူကိုလည်း ဖမ်းမိထားပါပြီ” ဟု ပြောသည်။
မောင်လတ်အောင်(ခ)အောင်အောင်မှာ အရိုးအသွား ၁၀ လက်မခန့်ရှိ စတီးဓားဖြင့် ထိုးခဲ့သဖြင့် မအေးမွန်သန့်၏ ဝဲဘက် ရင်အုံ၌ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲရင်ညွန့် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၁ ချက် တို့ဖြင့် ဒဏ်ရာ များ ရရှိခဲ့ပြီး မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း မှုခင်းမှတ်တမ်းများတွင် ဖော်ပြ ထားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျုးလွန်သူ မောင်လတ်အောင်(ခ) အောင်အောင်အား ချက်ချင်း ဖမ်းဆီးရမိခဲ့ပြီး အမှတ် (၈) မြို့မ ရဲစခန်း၌ လူသတ်မှု ပုဒ်မဖြစ်သော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။
ဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန် မန္တလေးခရိုင် ရဲတပ်ဖွဲ့၊ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့များထံသို့ ဆက်သွယ် မေးမြန်း သော်လည်း အသေးစိတ် အချက်အလက်များကို ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။
သေဆုံးသူ၏ ရုပ်အလောင်းအား အောက်တိုဘာ၂၅ ရက်တွင် ခရစ်ယာန်သင်္ချိုင်း အေးရိပ်ငြိမ်သုဿန်သို့ ပို့ဆောင် သဂြိုဟ် မည် ဖြစ်ကြောင်းကို မိသားစုဝင်များက ကြေညာထားသည်။