သတင်း

တရားခံအစစ်ကို ဖော်ထုတ်မည့်အတွက် အမှုဖွင့်ခံရဟု ကိုအောင်ကြီး ရှေ့နေပြော

Want create site? Find Free WordPress Themes and plugins.

ဗစ်တိုရီးယား အမှုတွင် တရားခံ အစစ်ကို ဖော်ထုတ်နိုင်ရန် အတွက် တာဝန်ယူလိုက်ခြင်းကြောင့် ယခုကဲ့သို့ အမှုဖွင့်ခံ ရခြင်း ဖြစ်ကြောင်း တရားခံဟု စွပ်စွဲခံရသည့် ကိုအောင်ကြီး ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဖြစ်သူ ဒေါ်ဥမ္မာလှိုင်က စက်တင်ဘာ ၂၆ ရက်တွင် ဗစ်တိုရီးယား၏ ဖခင်အပါအဝင် ဖခင်၏ အစ်ကိုနှင့် အစ်မ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ သံသယ တရားခံ အဖြစ် ဖမ်းဆီးခံထားရသည့် ကိုအောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်၊ ယခုအမှုကို လိုက်ပါ ဆောင်ရွက်နေသူ သက္ကမိုးညို (ဒေါက်တာ ဝင်းကိုကိုသိန်း) တို့ ၆ ဦးကို ကလေး သူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ (က) (၂) ဖြင့် အမှု ဖွင့်ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေ ဦးခင်မောင်ဇော်က “ရှေ့နေ အလုပ်လုပ်တဲ့ နေရာမှာ ရှေ့နေအလုပ်သက်သက် မဟုတ်ဘဲနဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ဆိုတဲ့ တာဝန်ကိုပါ ယူလိုက်တဲ့ အတွက်ကြောင့် ဒီလိုတွေ ဖြစ်လာတာပါ။ တကယ် အပြစ်ရှိသူက ဘယ်သူဆိုတာ အတတ်နိုင်ဆုံး ဖော်ထုတ်မယ်။ ဘာကြောင့် ကိုအောင်ကြီးကို ထိုးချလဲ၊ ဘယ်သူတွေ ထိုးချလဲ။ ဒီအချက် ၃ ချက်ပဲ” ဟု သတင်းထောက်များကို ပြောသည်။

ထိုသို့ အမှုဖွင့်ခံထားရ၍ ရှေ့နေ ဦးခင်မောင်ဇော်က မည်သည့် အကြောင်းအရာဖြင့် ဖွင့်ထားသည်ကို သိရှိလိုသဖြင့် ယနေ့ မနက်ပိုင်း၌ ပုဗ္ဗသီရိမြို့နယ် ပတ္တာရဲစခန်းသို့ ပထမ သတင်းပေးတိုင်ချက် (FIR- First Information Report) ကို သွား ရောက် ဖတ်ရှုပြီးနောက် ရဲစခန်းရှေ့တွင် သတင်းထောက်များကို အထက်ပါအတိုင်း ပြောခြင်း ဖြစ်သည်။

ထို တိုင်ကြားချက်၌ တရားခွင်အတွင်း စစ်ဆေးမှု ပြုလုပ်ပြီးသည့် အခါတွင် စစ်ဆေးချက်များကို မီဒီယာများအား ပြန်လည် ဖြေဆိုခြင်းမှာ နစ်နာခြင်း ရှိသဖြင့် တိုင်တန်းရခြင်း ဖြစ်ကြောင်း ပါရှိသည်ဟု ဦးခင်မောင်ဇော်က ပြောပြသည်။

ထို့နောက် ထိုသို့ တိုင်တန်းချက်များမှာ ဥပဒေနှင့် မညီဘဲ ဒေါ်ဥမ္မာလှိုင်၏ သုံးသပ်ချက် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ယခု ၎င်းတို့အား ဖွင့်လှစ်ထားသည့် အမှုမှာ ကလေးသူငယ် ဥပဒေနှင့် ကိုက်ညီခြင်း မရှိသည့်အတွက် အဆိုပါ ရဲစခန်းသို့ စာပြန်တင်သွားမည်ဟု ဦးခင်မောင်ဇော်က ပြောဆိုသည်။

ပတ္တာရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိ တဦးကလည်း “ကျနော်တို့က အမှုလာဖွင့်ရင် စိစစ်ပြီး အမှုဖွင့်ပေးရတာ။ တရားစွဲ တင်ဖို့ မတင်ဖို့က ဥပဒေ အကြံပြုချက်နဲ့ပဲ ဆိုင်ပါတယ်” ဟု ပြောသည်။

အောက်တိုဘာ ၂၃ ရက် ညနေပိုင်းကလည်း တခြား စွပ်စွဲခံရသူ ၆ ဦးအဖွဲ့ထဲမှ တရားလို ဗစ်တိုးရီးယား၏ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင် အပါအဝင် ကလေး၏ ဖခင်၊ သက္ကမိုးညို တို့ကလည်း ပတ္တာ ရဲစခန်းသို့ လာရောက်၍ FIR ဖတ်ခဲ့ကြောင်း ပတ္တာနယ်မြေ ရဲစခန်းက သိရသည်။

ဗစ်တိုးရီးယားအမှုတွင် စွပ်စွဲခံရသည့် ကိုအောင်ကြီးဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်၊ ဦးနေ တူးနှင့် အထက်တန်းရှေ့နေ ဦးသဲမောင်မောင် တို့က လိုက်ပါ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ဦးခင်မောင်ဇော်က ဆက်လက်၍ “ကိုအောင်ကြီး အပြစ်မရှိဘူး ဆိုတဲ့ ကိစ္စက စစ်တိုင်း စစ်တိုင်းမှာ ပါတယ်။ မနေ့ကဆိုရင် ပထမ ၅ မိနစ်မှာ ကျောင်းဘက်က ဆရာမလေး စစ်လိုက်တယ်။ မေးခွန်း ၆ ခွန်းလောက်နဲ့ ကိုယ်လိုချင်တာ ရသွားပြီ။ ကိုအောင်ကြီးနဲ့ ပတ်သက်လို့ ရှင်းသွားပြီ။ နောက်၂ နာရီလောက် မေးတာက အမှန်တရား ဖော်ထုတ်ဖို့ဗျ” ဟု ပြောပြ သည်။

အလားတူ တရားစွဲ ခံထားရသူ သက္ကမိုးညို (ဒေါက်တာဝင်းကိုကိုသိန်း)က “ကျနော့်ကို တိုင်တာကတော့ စတုတ္ထရုံးချိန်းပြီး တဲ့နောက် Facebook မှာ ကိုကို၊ ညီညီ နဲ့ ပတ်သက်တာတွေ ရေးမိခဲ့လို့ တိုင်တာ။ ဗစ်တိုးရီးယားရဲ့အဖေကိုကျတော့ မမှန်မကန် သက်သေကို ဖန်တီးပြီး တရားရုံး ကို တင်သွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်တယ်။ ကလေးအဖေရဲ့ အစ်ကိုနဲ့ အစ်မကတော့ ဗစ်တိုးရီးယားကို မေးမြန်းနေ တဲ့ ဗီဒီယိုထဲမှာ ပါလာလို့ တိုင်တယ်လို့ ထင်ပါတယ်။ သူတို့ကတော့ တခြား ဘာမှလုပ်ခဲ့တာတော့ မရှိဘူး” ဟု ဧရာဝတီကို ပြောသည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ကလေးငယ်တဦးသည် မေ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့် ခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ တရားလို၊ တရားခံဘက်မှ ရှေ့နေများ အပါအဝင် စုစုပေါင်း ၇ ယောက်ကို ဒေါ်ဥမ္မာလှိုင်က အမှု ဖွင့်တိုင်ကြားခဲ့ပြီး ဒေါ်စုဒါလီအောင်ကို ပုဒ်မ ၁၀၁ (က) (၂) ဖြင့် စွဲဆိုသည့်အမှုမှာ တရားရုံးသို့ စွဲတင်ထားပြီး ဖြစ်သည်။

ထိုသို့ တရားရုံးသို့ စွဲတင်ထားသည့် အမှုနှင့် ပတ်သက်၍ ဒေါ်ဥမ္မာလှိုင် ရုံးချိန်း ပုဗ္ဗသီရိနယ်မြေ ရဲစခန်းသို့ လာရောက်စဉ် တရားရုံး၏ အဖြေကို စောင့်ကြည့်ရန်နှင့် သားများ၏ အမှန်တရားအတွက် တကန့်ချင်းစီ ချပြသွားမည်ဟုလည်း သတင်း ထောက်များကို ပြောကြားထားသည်။

You May Also Like These Stories:

ကိုအောင်ကြီး အာမခံ ရရှိရေး လျှောက်ထားချက် ပယ်ချခံရ 

Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး၏ သား ၂ ဦး ၅ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေး ခံရမည် 

ဗစ်တိုးရီးယားအမှုတွင် သား၂ ဦးကို သက်သေအဖြစ် မစစ်ရန် ဒေါ်ဥမ္မာလှိုင် အသနားခံစာတင် 

အမှန်တရားကို တရားရုံးတွင် ချပြမည်ဟု Wisdom Hill ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading