သတင်း

လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦး အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုဖြင့် သေဒဏ် ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့ကို သက်ညှာခွင့်ပေးရန် အတွက် ထိုင်းဘုရင်ထံ အသနားခံစာ ယနေ့တင်သွင်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ အသနားခံစာကို ကိုဇော်လင်း၊ ကိုဝင်းဇော်ထွန်းတို့၏ မိသားစုဝင်များနှင့် အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းရှေ့နေများကောင်စီ တို့က ယနေ့ မနက် ၁၁ နာရီခန့်က တင်ပို့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့် က “အသနားခံစာ ထဲမှာတော့ ကလေး တွေက ငယ်ရွယ်သူတွေ ဖြစ်တယ်။ ပြီးတော့ မုဆိုးမမိခင်ကြီးတွေကို လုပ်ကျွေး နေကြရတဲ့ သူတွေ ဖြစ်တယ်။ ဒါကြောင့် သေဒဏ်ကို သက်ညှာဖို့ ဆိုပြီးတော့ ပါပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုအယူခံလွှာကို ယခုလ ၂၁ ရက်နေ့တွင် ထိုင်းဘုရင်ထံ တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကနဦး ထုတ်ပြန်ခဲ့သော်လည်း နန်းတွင်း အသုံးအနှုန်းများ ဖြစ်၍ ထိုင်းရှေ့နေများကောင်စီနှင့် ညှိနှိုင်းရာတွင် ရက်အနည်းငယ် ကြာမြင့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုင်းဘုရင်မင်းမြတ်ထံ လျှောက်တင်သော ထို အသနားခံစာနှင့် ပတ်သက်ပြီး အလွန်ဆုံး သေဒဏ်မှ လျှော့ပေါ့ ခံစား နိုင်ခြေသာ ရှိပြီး ကွင်းလုံးကျွတ် လွတ်မြောက်ရန် မလွယ်ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ တည်ထောင်သူ ဦးထူးချစ် က ရှင်းပြသည်။

ဦးထူးချစ် က “အဲဒီလို ဘုရင်ဆီ အသနားခံစာ တင်လို့ရှိရင် ကွင်းလုံးကျွတ် လွတ်မယ်လို့ ထင်နေကြတယ်။ ဒါမျိုး တွေက တခါမှ မကြားဘူးတာဗျ။ ဥပမာ ကျနော်တို့ အခုရမယ့် ကိစ္စသည် အလွန်ဆုံး သေဒဏ်က နေပြီးတော့ တသက်တကျွန်း၊ တသက်တကျွန်း သို့မဟုတ် နှစ်ရှည်ထောင်ဒဏ်ပေါ့။ ထိုင်းနိုင်ငံရဲ့ ဥပဒေ သမိုင်းမှာတော့ ကွင်းလုံးကျွတ်လွှတ်တာ မတွေ့ဖူးသေးဘူး” ဟု ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။

ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ချမှတ်ခံထားရသည့် သေဒဏ်ကို သက်ညှာ စဉ်းစားပေးရန် အတွက် ထိုအမှုကို စိတ်ဝင်စားသူများနှင့် လူမှု အဖွဲ့အစည်းတချို့က ထိုင်းဘုရင်မင်းမြတ်ထံ တောင်းဆိုပွဲကို အောက်တိုဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ပြုလုပ်သွားရန် သက်ဆိုင်ရာသို့ စာတင်ထားကြောင်းလည်း သိရသည်။

ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား နှစ်ဦးကို သတ်မှုဖြင့် တရားစွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။

ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသား နှစ်ဦး ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေများ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံးက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထပ်မံ ပယ်ချခြင်း ခံခဲ့ရသည်။

ထိုအမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) ထံသို့ နောက်ဆုံး အယူခံ တင်သွင်း ထားချက်ကိုလည်း ယခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ပယ်ချ ခံခဲ့ရသဖြင့် နောက်ဆုံး မျှော်လင့်ချက် အဖြစ် ထိုင်းဘုရင်မင်းမြတ်ထံ သေဒဏ်မှ သက်ညှာပေးရန် အသနားခံစာ တင်လျှောက်ခြင်း ဖြစ်သည်။

လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ကနဦးထုတ်ပြန် ကြေညာခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခဲ့ခြင်းကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူးလွန်ကြောင်း ထွက်ဆိုထားသည်။

ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့လည်း အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading