သတင်း

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်လောင်း အများဆုံး ရွေးချယ်မည်ဟု SNDP ပြော

Want create site? Find Free WordPress Themes and plugins.

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာ၌ အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေးကာ ၄၅ ရာခိုင်နှုန်းခန့် အထိ ရွေးချယ်သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ဥက္ကဌ စိုင်းအိုက်ပေါင်းက ဧရာဝတီသို့ ပြောကြားသည်။

“အမျိုးသမီးနှင့် လူငယ်ကို ဦးစားပေးရမှာပေါ့။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေကို မြန်မာ့နိုင်ငံရေးထဲမှာ ပါစေချင်တယ်။ လူငယ်တွေကိုလည်း လူကြီးတွေအစား နေရာတခု ရစေချင်တယ်”ဟု ကျားဖြူပါတီဟု အများသိကြသည့် SNDP ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။

ရှမ်းပြည်နယ်ရှိ အမျိုးသမီးများသည် နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်မှု နည်းနေသည့်အတွက် အမျိုးသမီးများ ရှေ့သို့ ရောက်ရန် တွန်းအားပေး လုပ်ဆောင်စေလိုခြင်း ဖြစ်ပြီး လူငယ်များက အရာရာတွင် သိလွယ် တတ်လွယ်မှု ရှိခြင်းကြောင့် ကိုယ်စားလှယ်လောင်းများအဖြစ် ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင်မှု ကြိုတင်ရွေးချယ်နေခြင်း မရှိသေးကြောင်း SNDP ပါတီ၏ နမ့်ခမ်းမြို့နယ် ဥက္ကဌ စိုင်းကျော်အုန်းက ရှင်းပြသည်။

“၂၀၁၅ တုန်းကလည်း အမျိုးသမီးတွေကို ဝင်ပြိုင်ခိုင်းပါတယ်။ ဒါပေမယ့် ပါဝင်မှုကတော့ အရမ်းနည်းတယ်။ ကျနော်တို့က တနေရာမှာ သုံးယောက်ဝင်ပြိုင်ရင် အနည်းဆုံး အမျိုးသမီးတယောက် ပါဝင်စေရမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ကျနော်တို့ လူကြီးတွေက ဝင်မပြိုင်ပဲ လူငယ်တွေကို ဦးစားပေး ပြိုင်ခိုင်းမယ်” ဟု စိုင်းကျော်အုန်းက ပြောသည်။

ထို့အပြင် SNDPပါတီအနေဖြင့် ရှမ်းတိုင်းရင်းသားပါတီများ ပူးပေါင်းပြီး ရှမ်းပြည်နယ် အစိုးရ ဖွဲ့နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။

SNDP ပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်နယ် လွှတ်တော် တနေရာသာ ရရှိခဲ့ပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မန္တလေးတိုင်းရှိ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ၌ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သည်။

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်ကာလက ပါတီ ကိုယ်စားလှယ်လောင်း ၂၀၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၃၀ ရာခိုင်နှုန်း အထိ ရရှိခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၃ နေရာ ရရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်လင့်ခ် 

ကျားဖြူနဲ့ ကျားခေါင်း ဘာကြောင့် မပေါင်းစည်းနိုင်သေးတာလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading