၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ မော်တော်ယာဉ် ပိုင်ရှင်တိုင်း အခွန် ပေးဆောင်နိုင်ရန် အခွန် သက်သာခွင့် ပေးထားချိန် ယာဉ်အမည်ပေါက် အမှန်ပြောင်းလဲရမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) က ကြေညာချက် ထုတ်သည်။
မော်တော်ယာဉ်၏ လက်ရှိ ပိုင်ရှင်အမည်၊ နေရပ်လိပ်စာများကို တိကျ မှန်ကန်စွာ ပြောင်းလဲ မှတ်ပုံတင်ရမည်ဟု ယမန်နေ့ က ထုတ်သည့် ကြေညာချက် က ဆိုသည်။
ယခင်က မော်တော်ယာဉ်တစီး အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ဝင်ငွေအခွန်နှုန်းသည် အနိမ့်ဆုံး ၁၅ ရာခိုင်နှုန်း မှ အမြင့်ဆုံး ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားရာမှ ယခုတွင် အနိမ့်ဆုံး ၃ ရာခိုင်နှုန်းခန့်သာ ပေးဆောင်ရတော့မည် ဖြစ်ရာ အခွန်သက်သာခွင့် ကန့်သတ်ကာလအတွင်း ယာဉ်ပိုင်ရှင်တိုင်း အနေဖြင့် မိမိအမည်ပေါက် အမှန်ကို ပြောင်းလဲကြရန် အခွင့် အလမ်းကောင်း တခုဖြစ်ကြောင်းလည်း ကညနက ပြောကြားထားသည်။
ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က“အခုကိစ္စက နိုင်ငံအတွက်လည်း အခွန်တွေ ဝင်သွားသလို၊ တခုခုဖြစ်လို့ခက်ခဲပြီး တရားခံကိုဖမ်းရတဲ့ဟာ တရားဥပဒေ စိုးမိုးရေး အတွက်လည်း အများကြီး အထောက် အကူ ဖြစ်သလို ကျနော်ထင်တယ် လိပ်စာနဲ့ ကားတွေလွဲနေတာ နိုင်ငံတွေ သိပ်အများကြီး မရှိပါဘူး”ဟု ဧရာဝတီသို့ ပြော သည်။
၎င်း ဆက်လက်၍“အခွန်ဥပဒေအရလည်း ကိုယ့်အမည်မှန် ပြောင်းထားတဲ့ ကားကို နောင်မှာ ရောင်းပြီး နောက်တစီး ဝယ် ရင် ဝင်ငွေခွန်ထပ်ပြီး ဆောင်စရာလည်း မလိုတော့ဘူး”ဟု ပြောဆိုသည်။
၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေ ပုဒ်မ ၂၅ အရ စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေများအပေါ် ဝင်ငွေ ခွန် သက်သာခွင့်သည် ၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ၂၀၂၀ စက်တင်ဘာလကုန် အထိ အကျူံးဝင် မည် ဖြစ်ပြီး စက်တင်ဘာလ နောက်ပိုင်းတွင် မည်သည့်ရာခိုင်နှုန်းဖြင့် ပြန်လည် ပေးဆောင်ရမည်ကိုမူ မသိရှိရသေးပါ။
ယင်းသတ်မှတ်ကာလ အတွင်း နာမည် အမည်ပေါက် အမှန် မပြောင်းလဲပါက ၂၀၁၅ မော်တော်ယာဉ် ဥပဒေနှင့် လက်ရှိ အချိန်တွင် ပြင်ဆင်ရေးဆွဲနေသော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးသိန်းထွဋ္ဋ်က ပြောဆိုသည်။
AYK ကားအာမခံ ဝန်ဆောင်မှု ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ကိုအရည်ကြိုက“ဒါကတော့ ၂၀၁၅ မော်တော်ယာဉ် ဥပဒေ မှာ ကတည်းက ဒီလိုမျိုး အမည်အမှန်နဲ့ လုပ်ရမယ်ဆိုပြီး ပါပြီးသားပါ။ အရင်ကတော့ အခွန်ပေးရမှာ များတဲ့အတွက် မပြောင်း ကြတာ များတယ်။ အခုက အခွန် လျှော့လိုက်တော့ ပြောင်းကြမှာပါ”ဟု ပြောသည်။
သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာ၌ ယာဉ်အမည်ပေါက် ပိုင်ဆိုင်သူ မှန်ကန်မှသာ သက်တမ်းတိုး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
လက်ရှိအချိန်တွင် ကားပိုင်ရှင် အများစုသည် မိမိနေထိုင်ရာ တိုင်းဒေသကြီး လိုင်စင် မဟုတ်ဘဲ အခြားတိုင်းဒေသကြီး မော်တော်ယာဉ် လိုင်စင်များဖြင့် ကားများကို လက်ဝယ် ပိုင်ဆိုင်ထားကြပြီး ယင်းလူများတွင်မူ မော်တော်ယာဉ် အမည် ပေါက် ပြောင်းလဲရာတွင် အခက်အခဲရှိနိုင်ကြောင်း ကားဝယ်ရောင်း လုပ်ဆောင်နေသူ တဦးက ပြောသည်။
၎င်းက“အခုက ရန်ကုန်လိုင်စင်က မပေးဘူးလေ၊ အဲဒီတော့ အခု ကိုယ့်ကားက Mdy(မန္တလေး) လိုင်စင်နဲ့ ဖြစ်မယ် မန္တလေး မှာ နေတာ မဟုတ်ဘူးလေ။ ရန်ကုန်လိပ်စာနဲ့ အမည်ပေါက် ပြောင်းလို့ ရမှာလား၊ ဒါမှမဟုတ် ရန်ကုန်လိုင်စင် အတွက် တခြားစရိတ်တွေ ထပ်ပေးရဦးမှာ ဘယ်လိုလုပ်လို့ရမလဲ ဆိုတာတွေ မေးစရာရှိတယ်”ဟု ဆိုသည်။
ယခု လုပ်ဆောင်ခြင်းသည် မော်တော်ယာဉ်ပိုင်ဆိုင်မှု အမည်မှန်ကို ပြောင်းလဲကြရန် လုပ်ဆောင်ခိုင်းဖြစ်ပြီး မော်တော် ယာဉ် မှတ်ပုံတင်ခြင်း ကိစ္စနှင့် သက်ဆိုင်မှု မရှိကြောင်း ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က“အခုက ဒီကားတစီးကို လက်ရှိ ဘယ်သူက ပိုင်ဆိုင်ထားလဲ ဆိုတာကို စာရင်းအမှန် သိချင် တာ။ သူ့ကား လိုင်စင်ကို Mdy ကနေ Ygn တို့ ပြောင်းမှာ မဟုတ်ဘူး။ ကားလိုင်စင် ဝင်တဲ့ အခါကြရင် သူ့ကား လိုင်စင်ရဲ့ တိုင်းဒေသကြီးမှာပဲ လိုင်စင်သွားဝင်ရမှာ”ဟု ရှင်းပြသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ ကားအစီးရေ ၁ သန်းခန့် ရှိသော်လည်း တဝက်ခန့်မှာ ကုမ္ပဏီ အမည်ပေါက် (သို့မဟုတ်) လက်လွဲှ ရောင်းချထားသူများ၏ အမည်များ အတိုင်းသာ ဆက်လက် အသုံးပြုလျက် ရှိကြကြောင်း သိရသည်။