နိုင်ငံ့ဝန်ထမ်းများ လစာတိုးမည်ဟု လူမှုကွန်ရက်တွင် သတင်းများ ပျံနှံ့နေခြင်းလျက်ရှိရာ ယင်းကိစ္စမှာ မဟုတ်မှန်ဘဲ ကောလာဟလ သာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့နံနက်က နေပြည်တော် NRPC တွင် သတင်းထောက်များကို ပြောသည်။
” စီမံဘဏ္ဍာကလည်း မသိဘူး။ သူတို့လုပ်ထားတာ မရှိဘူး။ အဲဒီတော့ ကျနော်တို့ သမ္မတရုံးနဲ့အစိုးရ အဖွဲရုံးကလည်း ပြန်ကြားထားတာရှိလား ဆိုတော့ မရှိဘူး။ ဆိုတော့ ဒါကတော့ ပြောနိုင်တာက ကောလာဟလပဲရှိတယ်။ ကျနော်တို့ သိသမျှကတော့ အစီအစဉ် မရှိပါဘူး” ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
မကြာမီ ရက်ပိုင်းမှ စတင်ကာ လူမှုကွန်ရက်ထက်တွင် ဝန်ထမ်းများ လစာတိုးမည်၊ ထောက်ပံ့ကြေး ၅၄၀၀၀ ကျပ် ရမည်ဟု သတင်းများ ပျံ့နှံနေရာ ထိုကိစ္စအပေါ် သမ္မတရုံးက ဖြေရှင်း ပြောကြားခြင်းဖြစ်သည်။
လစာတိုးပေးမည်ဆိုပါက အစိုးရအဖွဲ့ အစည်းအဝေး အတည်ပြုချက် ရယူခြင်း၊ ဘတ်ဂျက်လျာထားခြင်းများ မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး လက်ရှိတွင် ယင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ထားခြင်း မရှိဟု ဦးဇော်ဌေးက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းပေါင်း ၁၀ သိန်းကျော်ရှိပြီး နိုင်ငံ့ဝန်ထမ်းလစာများကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် တကြိမ်၊ ၂၀၁၈ ခုနှစ် တွင် တကြိမ် တိုးမြှင့်ပေးခဲ့သည်။
၂၀၁၅ ခုနှစ်က နိုင်ငံ့ဝန်ထမ်း လစာများကို အခြေခံအနိမ့်ဆုံး လစာ ကျပ် ၇ သောင်းခွဲမှ ၈ သောင်း ရရှိသည့် ဝန်ထမ်းများသည် ၁ သိန်း ၂ သောင်း မှ ၁ သိန်း ၃ သောင်း အထိ ရရှိခဲ့ပြီး ရာထူး အဆင့်ဆင့်တိုးမြှင့်၍ အမြင့်ဆုံး ၂ သိန်း ၅ သောင်း နှင့် ၂ သိန်း ၆ သောင်း အတွင်း ရရှိသည့် ဝန်ထမ်းများသည် ၅၀၀၀၀၀ အထိလည်းကောင်း တိုးမြှင့်ခဲ့သည်။
ထို့နည်းတူ ၂၀၁၈ ခုနှစ် ဧပြီလမှ စပြီး နိုင်ငံ့ဝန်ထမ်းလစာများကို အလုပ်သမားတဦး၏ တရက်လုပ်အားခ အနည်းဆုံး ၄၈၀၀ ကျပ်နှုန်းနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် အမှုထမ်း လစာများကို ၂၀ ရာခိုင်နှုန်းနှင့် အရာထမ်း လစာ များအားလုံးကို ၁၀ ရာခိုင်နှုန်း ထပ်မံ တိုးမြှင့်ပေးခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် –
အစိုးရ၏ လစာ တိုးမြှင့်ပေးမှု အပေါ် အမြင်များ
၀န်ထမ်း လစာ မတိုးမီ ကုန်ဈေးနှုန်းနှင့် ဒေါ်လာဈေး ထိန်းညှိရန် လွှတ်တော်၌ ဆွေးနွေး