ရခိုင်အသင်း(စင်ကာပူ)အဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံရမှုတွင် နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုး၏ အမျိုးသားစာပေဆုရ “မြောက်ဦးစစ်တမ်း”စာအုပ်ကို သက်သေခံအဖြစ် ယနေ့ တင်ပြရာ ယင်းစာအုပ် အား သက်သေခံအဖြစ် လက်ခံမခံ အောက်တိုဘာ ၃၁ရက်တွင် အမိန့်ချမည် ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၇ရက်နေ့က AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားတွင် စင်ကာပူရှိ ရခိုင်အသင်း (ULA) မှ စစ်ဝတ်စုံများ ဝတ်ဆင်ကာ သရုပ်ဖော်များ ကျင်းပခဲ့သဖြင့် စင်ကာပူ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာ နိုင်ငံသို့ ပြန် ပို့ခံရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် ဖမ်းဆီးတရားစွဲ ခံနေရခြင်း ဖြစ်သည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ ယနေ့ အနောက်ပိုင်းခရိုင် တရားရုံးတွင် AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီတော်သူ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေးနှင့် ကိုတင်ဦးလှိုင်တို့ကို ရုံးထုတ်စစ်ဆေးရာ သူတို့၏ ရှေ့နေ ဦးအောင်ကျော်စိန်က တရားလိုရဲမှူးတင့်ရွှေအား စစ်ဆေးမေးမြန်းပြီး၊ အမျိုးသားစာပေဆုရ “မြောက်ဦး စစ်တမ်း” စာအုပ်ကို သက်သေခံအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
“တိုင်ချက်မှာက ၂၀၁၃ ခုနှစ်ထဲက ULA စင်္ကာပူကိုဖွဲ့စည်းပြီး AA ကိုထောက်ပံ့လာတယ်ဆိုပြီး စွပ်စွဲထားတယ်။ ဦးမောင်မောင်စိုး စာအုပ်မှာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှ ၂၁ ရက်ထိ ပြုလုပ်တဲ့ မျက်နှာစုံညီစည်းဝေးပြီး မှ ULA ဖွဲ့တယ်ဆိုပြီး ရေးထားတယ်၊အဲ့တော့ရှေ့နောက်မညီဖြစ်နေတယ်၊ ဒီစာအုပ်ပါ မှတ်တမ်းက အမှုအတွက် အရမ်းအရေးကြီးတယ်”ဟု ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။
ဦးမောင်မောင်စိုး၏ အမျိုးသားစာပေဆုရ “မြောက်ဦးစစ်တမ်း”စာအုပ်သည် ရခိုင်နိုင်ငံရေးသမိုင်းအား ရေးသား ထားခြင်းဖြစ်ပြီး ရက္ခိုင်စစ်တပ်(AA) ပေါ်ပေါက်လာပုံများအား ဖော်ပြထားသည်။
ယင်းစာအုပ်တွင်ပင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သည့် AA အဖွဲ့အား KIA ထိန်းချုပ်နယ်မြေတွင် စစ်သင် တန်း အပတ်စဉ် ၁ ပြီးဆုံးပြီးနောက် ၂၀၀၉ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် ဖွဲ့စည်းသည်ဟု သတ်မှတ်ထားကြောင်း လည်း ဖော်ပြထားသည်။
ထိုသို့ “မြောက်ဦးမှတ်တမ်း” စာအုပ်အား သက်သေခံတင်သွင်းမှုကို ဥပဒေအရာရှိက ပြန်လည်ကန့်ကွက်ခဲ့သည်။
“သက်သေခံဥပဒေနဲ့မညီလို့ ကန့်ကွက်တာပါ။ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ဝေတယ်ဆိုတဲ့ အထောက်အ ထားမရှိဘူး၊ သက်ဆိုင်ရာဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ သတင်းနှင့် ကောင်စီတို့လို့ အဖွဲ့တွေကို ဆိုလိုချင်းဖြစ်ပါ တယ်” ဥပဒေအရာရှိ ဦးဝင်းထွဋ်က ပြောသည်။
“မြောက်ဦးစစ်တမ်း”စာအုပ်သည် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု(နိုင်ငံရေးစာပေဆု) ရရှိထားသည့် စာအုပ်ဖြစ် ပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်ပါ ၈ ဦးအမှုနှင့် သီးခြား စစ်ဆေးနေသည့် ကိုအောင်မျိုးဝင်းတို့၏ အမှုများတွင် သက်သေခံတင်ထားခြင်းဖြစ်သည်။
ရခိုင်အသင်း(စင်္ကာပူ)အဖွဲ့ဝင်များအနေဖြင့် မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် AA အဖွဲ့ အား ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲထားသည့်အပြင် အခမ်းအနားတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ် နိုင်နှင့် အွန်လိုင်းမှတဆင့် ဗီဒီယို Call ခေါ်ဆိုကာ မိန့်ခွန်းနားထောင်ခြင်းများ ပြုလုပ်သဖြင့် လက်မခံနိုင်ကြောင်း လည်း စင်္ကာပူပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယနေ့တရားခွင်တွင် ရခိုင်အသင်း(စင်္ကာပူ)အဖွဲ့ဝင်များအနေဖြင့် AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့်ပွဲတွင် တပ်မ တော် အပေါ် တော်လှန်သည့် သရုပ်ဖော်ကပြမှုများကို ပြုလုပ်ခဲ့ကြကြောင်း တရားလိုရဲမှူးတင့်ရွှေက ထွက်ဆိုခဲ့ သည်။
အမှုတွင် သက်သေခံများအနေဖြင့် စွပ်စွဲခံရသူများဘက်က အကြမ်းဖက်တိုက်ဖျက်ရေးဗဟို၏ အာဆာ (ARSA) နှင့် တာလီဘန်၊ အယ်ကိုင်ဒါးအဖွဲ့များအား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် ကြေညာချက် နှစ်စောင်နှင့် “မြောက်ဦး စစ်တမ်း” စာအုပ် အမျိုးစာပေဆုရရှိသည့် သတင်းစာကြေညာဖြတ်ပိုင်းတို့ကိုလည်း တင်ပြခဲ့ပြီး တ ရားရုံးက သက်သေခံ အဖြစ် ယနေ့လက်ခံခဲ့သည်။
အမှုတွင် တရားလိုပြသက်သေ ၁၄ ဦးတင်ပြထားပြီး အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက်နေ့တို့တွင် ထပ်မံ ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်-
ရခိုင်အသင်း (စင်ကာပူ) အမှု ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်မည်ဟု ဆို
ရခိုင် အသင်း (စင်ကာပူ) အမှုတွင် ၁၆၀ ကျော် ထပ်ဖမ်းရန် ရှိဟု ဆို
AA ကို ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲ ဖမ်းဆီးထားသူများကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲတင်
ရခိုင်အသင်း ခေါင်းဆောင်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစု မသိရှိရ
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ဖမ်းဆီးခံရ