ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တည်ရှိသည့် တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် (EIA) အစီရင်ခံစာသည် ဘက်လိုက်မှုများ ရှိနေကြောင်း သိရသည်။
E-Guard Environmental Services မှ တာဝန်ယူဆောင်ရွက်ပြီး ထုတ်ပြန်ထားသော ယင်းအစီရင်ခံစာကို မြန်မာ နိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) နှင့် နိုင်ငံတကာ ပတ်ဝန်းကျင် အရေး လှုပ်ရှားသည့်အဖွဲ့များက လေ့လာသုံးသပ်မှု ပြုလုပ်ပြီးနောက် ယင်းသို့ ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတို့မှ အရပ်ဘက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပါဝင်သော ကွန်ရက် တခုဖြစ်သည့် MATA သည် အဆိုပါ E-Guard ၏ အစီရင်ခံစာအား သုံးသပ်ချက်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာ ၂၅ ရက်က ရန်ကုန်မြို့ အိုလံပစ်တာဝါတွင် ပြုလုပ်ခဲ့သည်။
MATA အနေဖြင့် ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသူများ၊ ဒေသခံများနှင့် တိုင်ပင်ကာ E-Guard က ပြုလုပ်ထားသည့် အစီရင်ခံစာသည် မှန်မမှန်၊ ပညာရှင်ရှုထောင့်မှ ကောင်းမွန်ခြင်း ရှိ၊ မရှိ၊ ဥပဒေအရ ညီ ညွတ်ခြင်း ရှိ၊ မရှိတို့ကို သုံးသပ်ခဲ့ကြောင်း MATA ရှမ်းပြည်နယ်အဖွဲ့မှ ကိုမိုး(ခ)ကိုအောင်ကျော်မိုးက ပြောသည်။
ယင်း ကျောက်မီးသွေး စက်ရုံကြောင့် သတ္တုအဆိပ်သင့်မှု မြင့်တက်ခြင်း ရှိသော်လည်း ဒေသခံလူထု ခံစားရသည့် ကျန်းမာရေး ပြဿနာများနှင့် ပတ်သက်၍ ဖောင်ဖြည့်ရုံ မေးမြန်းမှုသာ ပြုလုပ်ခဲ့ပြီး သွေးစစ်မှု၊ ဓာတ်ခွဲ စမ်းသပ်မှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဒေသတွင်း ဒုတိယ အဖြစ်များဆုံး ရောဂါများ အနေဖြင့် အဆုတ်ရောဂါ၊ သွေးတိုး၊ နှလုံး၊ ခေါင်းကိုက် ဝေဒနာ များ ခံစားရသည်ဟု ဒေသခံလူထုက ပြောသော်လည်း မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို အဖြေရှာရန် လျစ်လျူရှု ထားသည်ကိုလည်း အစီရင်ခံစာအရ တွေ့ရှိရသည်ဟု MATA အဖွဲ့က သုံးသပ်ထားသည်။
ထိုဒေသမှ ကလေးများ၏ ဆံပင်များတွင် တွေ့ရသော သတ္တုအဆိပ်သင့်မှုနှင့် ပတ်သက်၍လည်း EIA အစီရင်ခံစာတွင် အသိအမှတ်ပြု ဖော်ပြထားခြင်း မရှိကြောင်းလည်း သိရသည်။
“ဒီစက်ရုံတွေ ကျောက်မီးသွေးမိုင်းတွေ မရှိတုန်းက ဘာတခုမှ ဆိုးကျိုးဆိုတာ မကြားခဲ့ဖူးဘူး။ ဒီစက်ရုံ လည်ပတ် တယ်။ ကျောက်မီးသွေး အညှော်နံ့တွေ ရပြီးနောက် ရေရဲ့ မသန့်ရှင်းမှုကြောင့် ကလေးငယ်တွေမှာ ယားနာတွေ ဖြစ် လာတယ်”ဟု တီကျစ်ဒေသခံ ဒေါ်ခင်မေသန်းက ပြောသည်။
EIA အစီရင်ခံစာပါ တိုင်းတာချက် ကိန်းဂဏန်းများအရ စက်ရုံဝန်းကျင်တွင်ရှိသည့် လေထု အရည်အသွေးသည် သတ်မှတ် စံနှုန်းများထက် ကျော်လွန်နေသည်ကို တွေ့ရကြောင်း၊ စက်ရုံမှ ထုတ်လွှတ်လိုက်သည့် မီးခိုးထဲတွင် လူကို အန္တရာယ်ဖြစ်စေသည့် PM 2.5 အမှုန်အမွှားများကို စနစ်တကျ နမူနာယူ လေ့လာသုံးသပ်ထားမှု မရှိခြင်းကလည်း စိုးရိမ်စရာ ကောင်းကြောင်း Greenpeace အဖွဲ့မှ ပညာရှင် ဒေါက်တာ Aidan Farrow ကလည်း ပြောဆိုသည်။
တီကျစ် ဒေသခံ တဦးဖြစ်သည့် စိုင်းစံငြိမ်း ကလည်း“မိုင်းခွဲခြင်းကြောင့် နေအိမ် ဘုရားစေတီတွေ ကွဲအက်ပြိုကျတာ ရှိတယ်။ ကျနော်တို့က တောင်သူတွေ စိုက်ပျိုးရေး လုပ်စားကြတာ။ ရေအရင်းအမြစ် ခမ်းခြောက်ပြီး စိုက်ပျိုးဖို့ အဆင် မပြေဘူး။ သဘာဝ ပတ်ဝန်းကျင်ကို အများကြီး ထိခိုက်တယ်။ ကျနော်တို့ တီကျစ်ဒေသက လူတွေဟာ အစမ်းသပ်ခံ လူသားတွေ မဟုတ်ပါဘူး။ ကိုယ်ချင်းစာတရား ထားရှိပြီးတော့ ကျနော်တို့ ဒေသခံ ပြည်သူလူထုကို အမြန်ဆုံး ကယ် တင် ကြပါလို့ ပြောလိုပါတယ်”ဟု ပြောသည်။
၂၀၁၅ တွင် ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ စီမံကိန်း တခုမစခင် သို့မဟုတ် ပြန်လည် စတင်တော့မည်ဆိုပါက ဆိုးကျိုးများ သိနိုင်ရန်နှင့် ထိုအရာများကို လျှော့ချနိုင်ရေး နည်းလမ်းများ စဉ်းစားနိုင်ရန် EIA ကို ပြုလုပ်ပြီး ECC (Environmental Compliance Certificate) လက်မှ ရရှိပြီးမှသာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
သို့သော် တီကျစ်စီမံကိန်းတွင် EIA ဆောင်ရွက်နေစဉ် အဆင့်၌ စက်ရုံကို စမ်းသပ် လည်ပတ်ခွင့်ပြုခဲ့သလို ယခုအခါ နောက်ထပ် ၃ နှစ်အထိ အစိုးရက သက်တမ်းတိုးပေးထားသည်ကို တွေ့ရကြောင်း ကိုအောင်ကျော်မိုးက ပြောသည်။
ထိုကဲ့သို့ ဥပဒေ လုပ်ထုံးလုပ်နည်းအရ မှားယွင်းနေခြင်းအား Third party ဖြစ်သည့် E-Guard အနေဖြင့် နိုင်ငံတော်ကို ပြောပြရမည့် ကိစ္စဖြစ်သော်လည်း EIA အစီရင်ခံစာတွင် မတွေ့ရှိရခြင်းက ကျင့်ဝတ် မရှိသည်ကို ညွှန်ပြနေကြောင်း လည်း ၎င်းက ပြောဆိုသည်။
“Third party ပီပီသသနဲ့ နိုင်ငံတော်ကနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် အကြံပြုထားခြင်း မရှိပါဘူး။ တကယ်ကို မှားယွင်းနေတဲ့ အစီရင်ခံစာ၊ လွဲမှားစွာ တင်ပြထားတဲ့ ကျင့်ဝတ်မဲ့တဲ့ လုပ်ရပ်တခုပါ”ဟုလည်း ကိုအောင်ကျော်မိုး က ဆိုသည်။
E-Guard ၏ အစီရင်ခံစာကို အများပြည်သူ အကြံပြုချက်များ ပေးနိုင်ရန်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီး ဌာနက လာမည့် အောက်တိုဘာ ၃၀ ရက်အထိ နောက်ဆုံးထား ပေးပို့ရန် ဖိတ်ခေါ်ထားသည်။
တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို စစ်အစိုးရ လက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ဒီဇင်ဘာတွင် လည်ပတ်မှု ရပ်ဆိုင်းခဲ့ကြောင်း၊ ထို့နောက် ၂၀၁၅ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စက်ရုံကို ပြန်လည်ပတ်ရန် တင်ဒါခေါ်ခဲ့ရာ တရုတ်ကုမ္ပဏီတခု ဖြစ်သည့် Wuxi Huagaung Electric Power Engineering က လုပ်ပိုင်ခွင့် ၂၂ နှစ် အတွက် လိုင်စင်သက်တမ်း ရရှိခဲ့ကြောင်း သိရသည်။
Wuxi ကုမ္ဗဏီအနေဖြင့် စက်ရုံ ပြန်လည်ပတ်မည်ဆိုလျှင် EIA လုပ်ဆောင်ရန် လိုအပ်သည့်အတွက် E-Guard ကုမ္ဗဏီ ကို Third party အဖြစ် အခကြေးငွေပေးကာ ငှားရမ်းခဲ့ကြောင်း၊ E-Guard ၏ အစီရင်ခံစာကို ၂၀၁၉ ဇူလိုင်တွင် ထုတ်ပြန် ထားကြောင်းလည်း သိရှိရသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ E-Guard ကုမ္ဗဏီအား မေးမြန်းရန် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် တင် ထားသည့် ရုံးဖုန်းနံပါတ်ကို ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။
ဆက်လက်ပြီး ကိုအောင်ကျော်မိုးက“E – Guard ဟာ Third party လုံးဝ မပီသပါဘူး။ သူဟာ ကျောက်မီးသွေးနဲ့ ပတ် သက်လို့ ကောင်းမွန်တဲ့ EIA လုပ်ဖို့ အတွေ့အကြုံ လုံးဝမရှိသေးတဲ့ ကုမ္ဗဏီတခုလို့ပဲ ပြောချင်တယ်။ ဒီ အစီရင်ခံစာ ဟာ နိုင်ငံတော်က ဆုံးဖြတ်ချက် ချနိုင်တဲ့သူတွေကို ဝေဝါးအောင်လုပ်တယ်။ ပညာရပ်ဆိုင်ရာ ကိစ္စတွေဟာ တမင် ထိန်ချန် ထားတာလား။ သိသိကြီးနဲ့ ဖုံးကွယ်ထားတာလား။ သူတို့ပဲ သိပါလိမ့်မယ်”ဟု ပြောဆိုသည်။
MATA အနေဖြင့် အဆိုပါ ကုမ္ဗဏီအား အမည်ပျက်စာရင်း တင်သွင်းရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တိုက်တွန်း သွားမည်ဟုလည်း ၎င်းက ပြောသည်။
E-Guard ၏ EIA အစီရင်ခံစာတွင် ထိခိုက်မှုများကို သေချာစွာလေ့လာဖော်ပြမှု မရှိခြင်း၊ စီမံကိန်းမှ ညစ်ညမ်းမှုအဆင့် မည်မျှအထိ ထုတ်လွှတ်နေသည်ကို ရှာဖွေတင်ပြရန် ပျက်ကွက်ခြင်းတို့ကြောင့် တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ စမ်းသပ်လည်ပတ်နေမှုအား ရပ်တန့်ပေးရန်လည်း MATA အဖွဲ့က သဘာဝပတ်ဝန်းကျင် ထိန်း သိမ်း ရေးဝန်ကြီးဌာန (MONREC)နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန(ECD)တို့အား တောင်းဆိုထား ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် –
တီကျစ်ဒေသဖွံ့ဖြိုးမှုနောက်ကွယ်က မမြင်ရတဲ့အန္တရာယ်