ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ ၏ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖတို့ကို ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ခြင်းမှာ ပြီး ခဲ့သည့်လက မန္တလေးမြို့တွင် ဖမ်းမိခဲ့သည့် ဖောက်ခွဲရေး ပစ္စည်းများနှင့် ဆက်စပ်မှု ရှိကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက မနေ့က နေပြည် တော်တွင် ပြောသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညမ မမိုးနှင်းဖြူ၊ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အောက်တိုဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း သက်ဆိုင်ရာက သတင်းထုတ်ပြန်မှု တစုံတရာ မရှိသေးသဖြင့် မနေ့က နေပြည်တော်တွင် ဧရာဝတီက ယင်း ကိစ္စကို မေးခွန်းထုတ်ရခြင်း ဖြစ်သည်။
“မန္တလေးမှာ AA ကနေပြီးတော့ ဖောက်ခွဲပစ္စည်းတွေ မိတယ်ဆိုတဲ့ အမှုနဲ့ ဆက်စပ်ပါတယ်”ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်တွင် AA လက်နက်ကိုင် အဖွဲ့ဝင်များ ရောက် ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ ယမ်းတုံးဟု ယူဆရသော အထုပ် ၂၈ ထုပ်၊ ဒီတိုနေတာ ၁၀၀ ထုပ်ပါ ၁၀ ခု၊ ဖယောင်း ချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ ၃ ထုပ်၊ ယမ်းဖြူဟု ယူဆရသောအိတ် ၅ အိတ်နှင့် စက္ကူညို ၁ ထုပ်နှင့်အတူ Satellite Phone အသစ် အလုံးရေ ၄၀၊ ရုရှား နိုင်ငံလုပ် မှန်ပြောင်း အခု ၃၀ ခု၊ (GPS+GLONASS) ၂၅ လုံးတို့ကို ရှာဖွေ သိမ်း ဆည်းရမိ ခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိခဲ့သူ ၄ ဦး ရှိပြီး ၃ ဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း ဖြစ်ကြောင်း၊ အဖမ်းခံ ရသူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ)ဖြင့် အမှုဖွင့်ခဲ့ပြီး ၂၀၁၄ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၁(ဂ)၊ ၅၂(က)နှင့် ကျင့်-၅၁၂တို့ဖြင့် မန္တလေးခရိုင်တရားရုံးသို့ တင်ပို့ထားပြီး လာမည့် ရုံးချိန်းကို အောက်တိုဘာ ၂၂ ရက်နေ့တွင် စစ်ဆေးခဲ့သည်။
၎င်းတို့သည် AA နှင့် ဆက်စပ်မှု ရှိကြောင်း ရဲတပ်ဖွဲ့ ထံတွင် အထောက်အထား အခိုင်အမာ ရှိသည်ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ပြောဆိုဖူးပြီး ဖမ်းဆီးရမိသည့် ပစ္စည်းများသည် တချု့ိ ထင်ကြေးပေးနေကြသည့် ကျောက်မိုင်းခွဲရန် ဆိုသည်မှာ လုံးဝ မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ယခု ဖမ်းဆီးရမိသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖတို့မှာလည်း ထိုင်းနိုင်ဘက်ခြမ်းနှင့် AA အဖွဲ့ ဝင်များနှင့် တွေ့ ဆုံခဲ့ကြောင်း၊ ထို့နောက် ချင်းမိုင်မှ ရန်ကုန်မြို့သို့ ပြန်လာသဖြင့် လေဆိပ်တွင် ဖမ်း၍ စိစစ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။
“ဖမ်းတာတော့ ၂ ယောက်ပေါ့နော်။ တယောက်က အဲဒီမှာ တက္ကစီမောင်းနေတယ်။ သူ့ရဲ့ယောက်ဖနဲ့ သူ့ရဲ့ ညီမကို ဖမ်းဆီး ထားတာ ဖြစ်တယ်။ တယောက်က စက်ချုပ်တယ်။ တယောက်က တက္ကစီမောင်းတယ်လို့ ပြောတယ်။ တချို့ အချက်အလက်တွေ ကလည်း ထိုင်းရဲတပ်ဖွဲ့ မှာ ရှိပါတယ်”ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ နှင့် ပူးပေါင်းကာ ရရှိထားသည့် သက်သေခံ အထောက်အထားများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဟု သိရသည်။
ထို့ပြင် AA မှ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့် တခြား လူငယ်တချို့ကိုလည်း AA အဖွဲ့ နှင့် ဆက်စပ် သည်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရဲက ဖမ်းဆီးခဲ့ပြီး ယခုအခါ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားပြီး ဖြစ်သည်။
၎င်းအမှုနှင့် ဆက်စပ်၍ AA အတွက် ရန်ပုံငွေ ရှာဖွေပေးသည်ဆိုသော စွပ်စွဲချက်ဖြင့် အခြားလူ ပုဂ္ဂိုလ် ၁၆၀ ကျော်ကိုလည်း ရဲတပ်ဖွဲ့ က ရှာဖွေ ဖမ်းဆီးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – မန္တလေးတွင် AA နှင့် ဆက်စပ်သည်ဟုဆိုသူ ၆ ဦးကို ရုံးထုတ်စစ်ဆေး
အမျိုးသားစာပေဆုရ “မြောက်ဦးစစ်တမ်း”စာအုပ် သက်သေခံဝင်မဝင် ဆုံးဖြတ်မည်
ရခိုင်အသင်း (စင်ကာပူ) အမှု ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်မည်ဟု ဆို
ရခိုင် အသင်း (စင်ကာပူ) အမှုတွင် ၁၆၀ ကျော် ထပ်ဖမ်းရန် ရှိဟု ဆို
AA ကို ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲ ဖမ်းဆီးထားသူများကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲတင်
ရခိုင်အသင်း ခေါင်းဆောင်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစု မသိရှိရ
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ဖမ်းဆီးခံရ