မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်တွင် ဗုဒ္ဓဟူးနေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA) တပ်ဖွဲ့ဝင် တဦးသေဆုံးခဲ့သည်။
ထိုတိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့တို့ တိုက်ခိုက်မှုရပ်ရန် သဘောတူကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး မကြာမီ ထိုတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။
MNLA ခေါင်းဆောင်ပိုင်းက တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီခန့်တွင် KNLA နှင့် တိုက်ပွဲအတွင်း ထို တပ်ဖွဲ့ဝင် သေဆုံးကြောင်း အောက်ခြေမှ တပ်ဖွဲ့ဝင်များကပြောသည်။ KNLA က MNLA စခန်းကို တိုက်သည်ဟု MNLA ကပြောကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
အပစ်အခတ်ရပ်ရန် နှစ်ဖက်သဘောတူပြီးမကြာမီ ရေးမြို့နယ်တောင်ပိုင်းတွင် MNLA နှင့် တိုက်ပွဲငယ်တခုဖြစ်ကြောင်း KNLA တပ်မဟာ ၆ မှ ဒုတိယဗိုလ်မှူးကြီး စောရွှေဝင်းက အတည်ပြုသည်။
ထို လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုတို့သည် အနည်းဆုံး အချက် ၃ ခုတွင် သဘောတူညီမှုရကြောင်း ကြေညာသည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သောကြေညာချက်အရ သိရသည်။ ထို ၃ ချက်တွင် နှစ်ဖက်ခေါင်းဆောင်များ ၎င်းတို့တပ်များတိုက်ခိုက်မှုရပ်ရန် အမိန့်ပေးရေး၊ တိုက်ပွဲထပ်မံဖြစ်လျှင် အဖြေရှာရန် ငြိမ်းချမ်းဆွေးနွေးပွဲ ကျင်းပရေးနှင့် တိုက်ပွဲများကြောင့် ထွက်ပြေးရသော ဒေသခံများ ပြန်လာနိုင်ရန်တွက် ယုံကြည်မှု တည်ဆောက်ရေးတို့ပါဝင်သည်။
KNLA သည် သဘောတူညီချက်ကို မလေးစားမလိုက်နာဘဲ ချိုးဖောက်ရန် စိတ်ပြင်းပြနေကြောင်း ယခုတိုက်ခိုက်မှုက ပြသနေသည်ဟု ယုံကြည်သောကြောင့် မွန်တိုင်းရင်းသား အများအပြားမှာ ထိုသတင်းကြောင့် တုန်လှုပ်ကြရသည်။
နှစ်ဖက်တပ်ဖွဲ့များသည် တပ်မှူးများ၏ လုပ်ပိုင်ခွင့်နှင့် မွန်နှင့်ကရင်ကျေးရွာများအကြား သတ်မှတ်ထားသော နယ်နိမိတ်ကို လေးစားရန်လိုကြောင်း ဒုဗိုလ်မှူးကြီး စောရွှေဝင်းက ပြောသည်။
အထက်ပါ အဖွဲ့နှစ်ဖွဲ့သည် ဘုရားသုံးဆူ မြို့နယ်ရှီ ထီဘဒေါ့နှင့် ဘလက် ဒွန် ဖိုက် ကျေးရွာများအနီးတွင် နယ်နိမိတ်ပိုင်နက် အငြင်းပွားမှုဖြစ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။
“တိုက်ခ်ိုက်မှု ရပ်ရေးအတွက် နှစ်ဖက်လုံးက ကျနော်တို့တပ်တွေ နယ်နိမိတ်ဖြတ်ကျော်တာကို တားဆီးဖို့ ကျနော်တို့သဘောတူထားတယ်” ဟု ဒုဗိုလ်မှူးကြီး စောရွှေဝင်းက ပြောသည်။
ပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းရန် ကျေးရွာနှစ်ခုမှ လူမှုအသိုင်းအဝန်း ခေါင်းဆောင်များ တွေ့ဆုံခွင့်ပြုရန် MNLA နှင့် KNLA တို့ သဘောတူထားကြောင်း၊ ထိုကိစ္စသည် လက်နက်ကိုင်အဖွဲ့များ၏ တာဝန်မဟုတ်ကြောင်း နှစ်ဖက်သဘောတူထားကြောင်းလည်း သူ၏ အဆိုအရသိရသည်။
တိုက်ခ်ိုက်မှုရပ်ရန် အားထုတ်မှုများသည် နှစ်ဖက်စလုံးမှ ဒေသခံများအပေါ် မူတည်ကြောင်းလည်း သူကပြောသည်။
“ပြေလည်မှုက ရွာနှစ်ရွာအနေနဲ့ တရွာနဲ့ တရွာဘယ်လိုနားလည်လဲ ဆိုတာအပေါ် မူတည်နေတယ်။ အောက်ခြေတပ်ဖွဲ့တွေ ထပ်မတိုက်ဖို့ ကျနော်တို့ အမိန့် ထုတ်ထားတယ်” ဟုလည်း သူကပြောသည်။
ဧရာဝတီသတင်းဌာနသည် ထိုသဘောတူညီချက်အတွက် မေးမြန်းရန် MNLA ကို ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပါ။
KNLA တပ်ဖွဲ့များက MNLA စခန်းတခုကိုတိုက်ခိုက်ပြီး တပ်ဖွဲ့ဝင်တဦး သေဆုံးစေသည့် အောက်တိုဘာလမှ စတင်ပြီး နှစ်ဖက်အကြားတင်းမာမှု မြင့်မားနေသည်။
ထီဘဒေါ့မှ ကရင်နှင့်မွန် နယ်နိမိတ်ကို ပိုင်းခြားထားသည့်မျဉ်းပေါ်မှ MNLA စခန်းရှေ့တွင်ထောင်ထားသော KNLA အလံကို MNLA က ဖျက်ဆီးပြီးနောက် တိုက်ပွဲဖြစ်ပွားကြောင်း ဘုရားသုံးဆူမှ KNLA ခေါင်းဆောင် စောအက်ဒဝပ်ကပြောသည်။
ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး KNLA ကသတင်းထုတ်ပြန်ခြင်း မရှိသော်လည်း အောက်တိုဘာလ ၁၇ ရက်နေ့တိုက်ပွဲနောက်ပိုင်း KNLA တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ကရင် အရပ်သားတဦးသေဆုံးကြောင်း Karen Information Center ကဖော်ပြသည်။
ထီဘဒေါ့ရှိ MNLA စခန်းကိုတိုက်ခိုက်စဉ်အတွင်း KNLA တပ်ဖွဲ့ဝင် အနည်းဆုံး နှစ်ဦး ဒဏ်ရာရကြောင်း ဒေသသတင်းရင်းမြစ်များကပြောသည်။ ၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ်အနီး ကွေ့မြစ်ခရစ်ယာန်ဆေးရုံတွင် ကုသမှုခံယူနေသည်ဟု ဆိုသည်။
( Lawi Weng ၏ Mon Soldier Killed in Fighting One Day After Peace Agreement ကို ဘာသာပြန်သည်။)
You may also like these stories:
အငြင်းပွား နယ်မြေသို့ ကရင်နှင့် မွန်ကိုယ်စားလှယ်များ ပူးတွဲသွားရောက်
ကျောက်တော် အမြောက်တပ်ကို AA တိုက်ခိုက်