ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ အနောက်ပိုင်းရပ်ကွက်တွင် အောက်တိုဘာလ ၂၄ ရက်နေ့ ညပိုင်းက အမည်မသိ ဆိုင်ကယ်သမား ၂ ဦးမှ အက်စစ်ဖြင့်ပက်ကာ တိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပန်းတနော်မြို့ အနောက်ပိုင်း ရပ်ကွက်နေ မခင်ဥမ္မာလင်းနှင့် မလဲ့လဲ့ဝင်းတို့မှာ ထိုနေ့ည ၁၁ နာရီ ၃၀ မိနစ်အချိန်က စိတ္တ သုခလမ်းပေါ်၌ လမ်းလျှောက်နေစဉ် အမည်မသိ ဆိုင်ကယ် သမား ၂ ဦးမှ အက်စစ်ဖြင့် ပက်ခဲ့သည့်အတွက် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အမျိုးသမီး ၂ ယောက် အက်စစ်နဲ့ အပက်ခံရတယ်ဆိုလို့ သတင်းကြားတာနဲ့ သွားတဲ့အခါမှာ မခင်ဥမ္မာလင်းနဲ့ မလဲ့လဲ့ဝင်း တို့ ၂ ယောက် အက်စစ်နဲ့ အပက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်၊ နှစ်ဦးလုံး ရရှိတဲ့ဒဏ်ရာတွေ ပြင်းထန်ပါတယ်။ အဲဒါ နဲ့ ပန်းတနော်ဆေးရုံကို ချက်ခြင်းပို့တော့ ဆေးရုံက ရန်ကုန်ဆေးရုံကြီးကို လွဲှဖို့ပြောတာနဲ့ ညတွင်း ချင်းပဲ ရန်ကုန်ဆေးရုံ ကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်”ဟု ပန်းတနော်မြို့၊ အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်း က ဧရာဝတီကို ပြောသည်။
အက်စစ်ဖြင့် အပက်ခံရသည့်အတွက် မလဲ့လဲ့ဝင်းတွင် မျက်နှာတပြင်လုံး၊ လည်ပင်း၊ ရင်ဘတ်နှင့် လက်မောင်း များတွင် အက်စစ်လောင်သည့်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး မခင်ဥမ္မာလင်းတွင် ရင်ဘတ်၊ လက်မောင်းနှင့် ခန္ဓာကိုယ် ဘယ်ဘက် တခြမ်း၌ အက်စစ်လောင်ကျွမ်းသည့်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အက်စစ်ဖြင့် အပက်ခံရသည့် အမျိုးသမီး ၂ ဦး မှာ တလမ်းတည်း နေထိုင်သည့် အိမ်နီးချင်းများ ဖြစ်ကြောင်း သိရသည်။
အက်စစ်ဖြင့်အပက်ခံရသူ မခင်ဥမ္မာလင်း၏ ပြောဆိုချက်အရ အခင်းဖြစ်ပွားသည့် ညက မလဲ့လဲ့ဝင်းနှင့် အိမ်ရှေ့တွင် မတ်တပ်ရပ် စကားပြောပြီးနောက် မလဲ့လဲ့ဝင်းကို အိမ်သို့ လိုက်ပို့စဉ် လမ်းထောင့်အမှောင်ထဲမှ ယောက်ျားလေး ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ အက်စစ်ထုပ်ဖြင့် ပစ်ပေါက်ခြင်းဖြစ်ကြောင်း သိရသည်။
“မလဲ့လဲ့ဝင်း ပြန်မယ်ဆိုလို့ သူ့ အိမ်ဘက်လိုက်ပို့တုန်း လမ်းထောင့်ကနေ ဆိုင်ကယ်တစီး ဖြေးဖြေး မောင်းလာပြီး အက်စစ် ထုပ်နဲ့ လှမ်းပစ်တာ။ ပစ်သွားတဲ့သူတွေက ယောက်ျားလေး ၂ ယောက်ပါ။ လူမြင်ရင် မှတ်မိပါတယ်။ မလဲ့လဲ့ဝင်းက မျက်နှာ ကိုအက်စစ်ထိတယ်။ ကျမက ရင်ဘတ်ပေါ်ကို အက်စစ်တွေကျလို့ အင်္ကျီဆိုရင် အက်စစ်စားပြီး အရည်ပါပျော် ကျတယ်။ ခန္ဓာကိုယ် ဘယ်ဘက်တခြမ်းလုံးလည်း အက်စစ် ထိသွားခဲ့တယ်”ဟု သူမက ပြောသည်။
အက်စစ်ဖြင့် အပက်ခံရသည့် မခင်ဥမ္မာလင်းနှင့် မလဲ့လဲ့ဝင်းတို့ ၂ ဦးမှာ လက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ အတွင်းလူနာ အဖြစ်တက်ရောက် ကုသနေရပြီး အက်စစ်ကြောင့် လောင်သွားသည့် အသားများကို ခွဲစိတ်ကုသမှုများ ခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။
“အက်စစ်နဲ့ ပက်တယ်ဆိုတာ အရမ်းကို လူမဆန်တဲ့လုပ်ရပ်ပါ။ ကျမတို့မှာ အက်စစ်နဲ့ ပက်ခံရတဲ့ ဒဏ်ကြောင့် အရမ်း နာ ကျင် ခံစားရပါတယ်။ ကျမခန္ဓာကိုယ် ဘယ်ဘက်ခြမ်းက အသားတွေဆိုရင် အရေခွံတွေပါ ကွာကုန်တာ။ အခု ခွဲစိတ် ကုသ မှု ခံယူနေရပါတယ်။ ဒါက တမင်ကို ကြိုတင်ကြံစည်ပြီး လုပ်တာပါ။ တရားခံတွေကို ရဲတပ်ဖွဲ့အနေနဲ့ ထိရောက်စွာ ဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု အက်စစ်ဖြင့် အပက်ခံရသူ မခင်ဥမ္မာလင်းက ပြောသည်။
အက်စစ်ဖြင့်အပက်ခံရသည့်ကိစ္စနှင့်ပတ်သတ်၍ မခင်ဥမ္မာလင်း၏အဒေါ်ဖြစ်သူ ဒေါ်မြစိန်က တရားလိုပြုလုပ်၍ ပန်းတနော် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။ ပန်းတနော်မြို့တွင် အက်စစ်ဖြင့်ပက်သည့် ဖြစ်စဉ် ယခင်က ဖြစ်ပွား ခဲ့ခြင်း မရှိခဲ့ဘဲ မခင်ဥမ္မာလင်းနှင့် မလဲ့လဲ့ဝင်းတို့ အက်စစ်ဖြင့်ပက်ခံရမှုမှာ ပထမဆုံး အကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
အက်စစ်ဖြင့် ပက်ခံရပြီး ၈ နှစ်ကြာ ပိတ်လှောင်ခံခဲ့ရသည့် အိမ်အကူအမှု လူကုန်ကူးမှုဖြင့်သာ စွဲချက်တင်
မန္တလေး၌ အိမ်အကူကို ၈ နှစ်ကြာပိတ်လှောင်နှိပ်စက်သူ၂ ဦးအား ထောင် ၁၅ နှစ်စီချမှတ်