Facebook-
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဖွဲ့ (PPST) တွင် ယာယီ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ(RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော်သို့ ကုန်းလမ်းဖြင့် လာမည့်ခရီးစဉ်အား လုံခြုံရေး စိတ်မချသည့်အတွက် ကန့်သတ်ရခြင်းဖြစ်ဟု တပ်မတော် သတင်းမှန် ပြန်ကြား ရေးအဖွဲ့ အတွင်းရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယမန်နေ့က သတင်းထာက်များအား ပြောသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်သည် မနက်ဖြန် အောက်တိုဘာ ၂၈ရက် နေပြည်တော်တွင် ပြုလုပ်မည့် တနိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် အောက်တိုဘာ ၃၀ ရက်နေ့တွင် ကျင်းပမည့် တနိုင်ငံလုံး ပစ်ခိုက်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်အဝေး ( JICM) တို့ကို တက်ရောက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှုူးချုပ် ဇော်မင်းထွန်းက “ကုန်းလမ်းခရီးက လာလို့ တခုခု ဖြစ်သွားရင် ကျနော်တို့ နယ်မြေထဲကို ဝင်လာပြီး ဖြစ်ပါ တယ်။ လုံခြုံရေးကို ဘယ်သူကတာဝန်ယူလဲဆိုတော့ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူတာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့က တာချီလိတ်ကနေ လေယာဉ်နဲ့ လာဖို့ အားလုံးစီစဉ်ပြီး ဖြစ်တယ်” ဟု ယမန်နေ့က ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် များကိုပြောသည်။
တာချီလိတ်မှ နေပြည်တော်သို့ လာရန်အတွက် NRPC အနေဖြင့် လေယာဉ် စီစဉ်ထားပေးပြီး ဖြစ် ကြောင်း၊ ကုန်းလမ်းမှ လာပါက ၎င်း တို့ လာမည့် လမ်းကြောင်းမှာ လွယ်တိုင်းလျန် မှဟိုမိန်း – လင်းခေး- တောင်ကြီး လမ်းအတိုင်း ဖြစ်ပြီး၊ ဖြတ်သန်းရမည့် နေရာများမှာ ပြဿနာ အချို့ ရှိနေကြောင်း သူက ရှင်းပြသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “နောက်တခုက ရလခ နယ်မြေ အတွင်းမှာ ကျနော်တို့ ထိတွေ့ တိုက်ပွဲ မရှိဘူးဆိုပေမယ့် မူးယစ်ဆေးဝါး ဖမ်းဆီးခဲ့တာ ရှိတယ်။ အဲဒီမှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေ ရှိတယ်။ အဲဒါကြောင့် ဒီကုန်းလမ်းခရီးက လုံခြုံရေး အရက တော်တော်ကို စိတ်မချရတဲ့ အနေအထား ရှိပါတယ်။ ကုန်းလမ်းခရီးက လာလို့ တခုခု ဖြစ်သွားရင် ကျနော်တို့ နယ်မြေထဲကို ဝင်လာပြီး ဖြစ်ပါတယ်။ အဓိက တာဝန်ရှိမှာက ဘယ်သူလဲ ဆို တော့ လုံခြုံရေး အဖွဲ့တွေ ပဲ ဖြစ်တယ်” ဟု ဆိုသည်။
ထို့ကြောင့် တာချီလိတ်ဘက်မှ လေယာဉ် ခရီးစဉ်ဖြင့် လာရောက်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ လက်ခံခြင်း၊ လက်မခံခြင်းမှာ ၎င်းတို့၏ အပိုင်းသာ ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော်လာမည့် ခရီးစဉ်ကိစ္စ အဆင်မပြေမှုမှာ ခရီးစဉ် အဆင်မပြေသည့် ကိစ္စသာ ဖြစ် ကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုများနှင့် NCA လမ်းကြောင်းများမှာ ပုံမှန်အတိုင်း ဆက်ရှိနေမည် ဖြစ်ကြောင်း၊ ညှိနှိုင်း ဆွေးနွေးမှုများမှာ ဆက်ရှိနေဦးမည် ဖြစ်ကြောင်း ပအိုဝ်းလွှတ်မြောက်ရေး အဖွ့ဲ ( PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အခါတိုင်းကတော့ ဒီအဖွဲ့ ခေါင်းဆောင်က တာချီလိတ်ကနေ လေကြောင်းနဲ့ လာလေ့ ရှိပါတယ်။ အမြဲတမ်း လိုလိုပေါ့လေ။ ဒီတခေါက်တော့ သူဘယ်လိုစိတ်ကူးရလည်းတော့ မသိဘူး။ ကျနော်တို့လည်း ဒီအစီအစဉ်ရှိတာ မသိလိုက်ဘူး။ JICM ကို တက်နိုင်ဖို့ ဆိုတာ ညှိနှိုင်း ဖို့လိုပါတယ်။ ညှိနှိုင်းပြီး အဖြေရှာကြတာပေါ့။ ဒါကတော့ လွယ်မယ်လို့ ထင်ပါတယ်။ ဒီလောက်ကြီး ခက်ခဲတဲ့ ပြဿနာတော့ မဟုတ်ပါဘူး” ဟု ဆက်ပြောသည်။
JICM အစည်းအဝေးသည် အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ( သို့) ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် တို့ကိုယ် နိုင်ငံ့အကြီးအကဲများ ကိုယ်တိုင် တက်ရောက်ကြသည့် NCA တွင် အမြင့်ဆုံး အစည်းအဝေးလည်း ဖြစ်သည်။
နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်းကလည်း “ဒါတွေက အဆင်ပြေအောင် သေချာ လုပ်ပေးရမှာ ဖြစ်တယ်။ ဟိုဘက် ကတောင်မှ ကုန်းလမ်းကနေ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လာမယ်လို့ ဆုံးဖြတ်ထားတာပဲ ဒီဘက်က တာဝန် ယူမပေး နိုင်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ယခုကဲ့သို့ ဖြစ်စဉ်မျိုး တခုမက တွေ့နေရခြင်းမှာ အစိုးရနှင့် တပ်မတော် တက်ညီ၊ လက်ညီ မရှိခြင်းကြောင့် ဖြစ်ရကြောင်း၊ ယခင် အစိုးရက ငြိမ်းချမ်းရေး ကိစ္စ တွေ့မည်၊ ပြောမည် ဆိုပါက အစိုးရ အဖွဲ့ခေါင်းဆောင် သမ္မတ ပြီးပါက တပ်မတော် ဘက်မှလည်းပြီးကြောင်း၊လက်ရှိမှာ တယောက် တပေါက် ဖြစ်နေသည်ဟု မြင်ကြောင်းလည်း ဦးရဲထွန်းက ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒီလိုမျိုးပွဲမှာ ခရီးမပင်ပန်းဘဲနဲ့ အနှောက်အယှက် ကင်းကင်း နဲ့ တက်နိုင်အောင် ဆောင်ရွက် ပေးတာ ဖြစ်တယ်။ ဒီမှာ အားလုံးက နားလည်မှု ရှိရှိနဲ့ ပူးပေါင်ဆောင်ရွက်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေး အတွက် အကျိုး ဖြစ် ထွန်းစေမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( PPST) သည်အစိုးရနှင့် တနိုင်ငံလုံး အပြစ်ရပ် စာချုပ် ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့မှ NCA အကောင်အထည်ဖော်နေမှုများကို သုံးသပ်ရန်အတွက် စာချုပ်အရ ဖွဲ့စည်းထားသည့် အဖွဲ့လည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
တပ်မတော်၏ အပစ်ရပ်ပြီးဆုံးမည့် ကာလအတွက် ကြိုပြင်ထားရန် ဗိုလ်ချုပ်ကြီး ယွက်စစ် သတိပေး
တရုတ်အထူးကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးယွက်စစ်ကို ဘာကြောင့်တွေ့တာလဲ
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိုက်သင့်သလောက် ခရီးမပေါက်နိုင်သေးဟု RCSS ပြော
TNLA ၏ ပလောင်ပြည်နယ်ရရေး ကြိုးပမ်းမှု အပေါ် ဗိုလ်ချုပ်ယွက်စစ် ဝေဖန်