တပ်မတော်အရာရှိများ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်တပ်ဖွဲ့များကို တပ်မတော်မှ ရဟတ်ယာဉ် ၃စီးဖြင့် လိုက်လံတိုက်ခိုက်ရာ ဖမ်းဆီးခံရသူတချို့နှင့် AA တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှု ရှိ ကြောင်း AA သတင်းပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
စစ်တွေ- ဘူးသီးတောင် သို့ ပြေးဆွဲနေသော ရွှေနဒီ အမြန်ရေယာဉ်ကို အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်က ရသေ့တောင်မြို့ အလွန်တွင် ရက္ခိုင့်တပ်တော် ( AA ) အဖွဲ့က ဟန့်တားကာ တပ်မတော်သား ၁၄ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦးနှင့် အကျဉ်း ဦးစီးဌာနမှ ၂ ဦး စုစုပေါင်း ၄၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ကျနော်တို့ ထိန်းသိမ်းထားတဲ့ လူတွေကို အန္တရာယ်ကင်းတဲ့ နေရာကို ခေါ်ယူတဲ့ နေရာမှာ စစ်တပ်က ရဟတ်ယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တယ်။ စက်လှေ ၃ စီးမှာ ၂ စီးက လုံးဝ နစ်သွား တယ်။ ၁ စီးက ပျက်စီးသွားတယ်။ အဲဒီမှာ ရှိတဲ့ ပါတဲ့ လူအားလုံး ကိုယ်လွတ် ရုန်းပြီး ထွက်ပြေးရတာ ရှိတယ်။ လူတွေ တချို့လည်း လွတ်မြောက်သွားတာ ရှိနိုင်တယ်။ အဖမ်းခံရသူတွေထဲက အခုတော့ ဘယ်နှစ်ယောက် သေတယ်။ ဘယ်နှစ် ယောက် လွတ်သွားတယ်။ ကျနော်တို့ တပ်တွေနဲ့အတူ ဘယ်နှစ်ယောက် ကျန်ခဲ့တယ်ဆိုတာ စိစစ်နေတုန်းပဲ ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် တပ်မတော်သည် ရဟတ်ယာဉ် ၃ စီးဖြင့် မရပ်မနား လှည့်ပတ်ကာ အခြားနေရာများသို့လည်း ဗုံးကြဲတိုက်ခိုက် သဖြင့် ကျည်ကွယ် မရှိသည့် နေရာတွင် ရှိနေသော စစ်ဆေးရန် ခေါ်ယူလာသူ အများအပြားမှာ သေဆုံးခဲ့ရသလို ၎င်းတို့ကို လုံခြုံရေး တာဝန် ယူထားသည့် AA တပ်ဖွဲ့ဝင် တချို့မှာလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း AA အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
AA မှ ဖမ်းဆီးခေါ်ဆောင်လာသူများထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြင် မသင်္ကာဖွယ်ရာ အရပ်သားများ လည်း ပါဝင်နေကြောင်း၊ လက်ရှိအချိန်တွင် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ၊ AA အဖွဲ့နှင့်အတူ ကျန်နေခဲ့သူ စသည့် လူအရေအတွက်ကို စိစစ်လျှက် ရှိရာ အသေးစိတ်ကို ဆက်လက် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်းလည်း ခိုင်သုခက ဆက်လက်ပြောကြားသည်။
ယနေ့တွင် AA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ထံ ထပ်မံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့သဖြင့် အတည်ပြုချက် ရယူနိုင်ခြင်း မရှိပေ။
တပ်မတော် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် နောက်ပိုင်းတွင် ရသေ့တောင်မြို့နယ် အတွင်းရှိ ရေမျက် တောင်၊ ကျောက်တန်း၊ ရေပုတ်တောင် စသည့် ကျေးရွာအနီး တောင်တန်းများကို တပ်မတော်က ရဟတ်ယာဉ် ၄ စီးဖြင့် ပျံဝဲ တိုက်ခိုက်ခဲ့သလို ယနေ့တွင်လည်း ကျောက်တန်းကျေးရွာ အနီးဝန်းကျင် တောင်တန်းများကို လာရောက် တိုက်ခိုက်မှု များ ရှိကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
AA သည် ယမန်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိန်းသိမ်း ဖမ်းဆီးခဲ့ပြီးနောက် ကျန်ခရီးသည်များနှင့် ရေယာဉ်ကို ဘူးသီးတောင်မြို့သို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်က အဆိုပါ ရေယာဉ်မှာ ဘူးသီး တောင် ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်းလည်း မြို့ခံများထံမှ သိရသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း AA အဖွဲ့မှ ဖမ်းဆီးသွားသူများထဲတွင် တပ်မတော်မှ အရာရှိ ၁ ဦး၊ အခြားအဆင့် ၁၄ ဦး ၊ ရဲတပ်ဖွဲ့မှ အရာရှိ ၁၅ ဦး၊ အခြားအဆင့် ၁၄ ဦး၊ အကျဉ်းဦးစီးဌာနမှ အရာရှိ ၁ ဦးနှင့် အခြားအဆင့် ၁ ဦး စုစုပေါင်း ၄၅ ဦး ဖြစ်ကြောင်း ယမန့်နေ့ ညနေပိုင်းက ဧရာဝတီသို့ အတည်ပြု ဖြေကြားသည်။
ထိုသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီးသည့်နောက် နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့နေရာများ လုပ်ဆောင်ခဲ့ရာ ယမန်နေ့ ညနေ ပိုင်းတွင် အခင်းဖြစ်ပွားရာ ရွာ၏ အရှေ့ဘက်တွင် ထိတွေ့ တိုက်ပွဲ ၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုနေရာတွင် ချောင်းကူးရန် ပြင်ဆင်နေသည့် AA တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကိုလည်း ရဟတ်ယာဉ်ဖြင့် ကင်းထောက်ပြီး ခြေလျင်တပ်များဖြင့် အရှေ့ အနောက် ပိတ်ဆို့ကာ နယ်မြေ ရှင်းလင်းရေးများကို ဆောင်ရွက်ခဲ့ကြောင်း သူက ဆက်လက် ရှင်းပြသည်။
၎င်းတို့၏ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ခရီးသွားပြည်သူများကို ဖမ်းဆီး ခေါ်ဆောင်သွား သည့် လုပ်ရပ်များ ကြောင့် တပ်မတော်အနေဖြင့် ပုတီးစိပ်ပြီး မနေနိုင်ဘဲ ဗုံးကြဲ တိုက်ခိုက်သင့်လျှင် တိုက်ခိုက်ရမည် ဖြစ်ကြောင်း ယမန်နေ့ က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာ များသို့ ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ နှစ်ဘက် ဖြစ်ပွားနေသော တိုက်ပွဲများမှာ တနှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်ပြီး တပ်မတော်သည် AA အဖွဲ့အား ကြည်း၊ ရေ၊လေ တပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်။
မတ်လ အတွင်းက ဖြစ်ပွားခဲ့သော ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ် အစပ် ဗုဒ္ဓေါရွာ အနောက်ဘက် တောင်တန်းများ တိုက်ပွဲနှင့် ဧပြီလ ၉ ရက်နေ့ ညက မြောက်ဦးမြို့နယ်အတွင်း ရဲတပ်ရင်းနှင့် လေးမြို့မြစ်ကမ်းအနီး တပ်မတော် ယာယီ လက်နက်ကြီး စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ ဖြစ်စဉ်များတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် Jet Fighters ဂျက်တိုက်လေယာဉ်များ သုံးကာ တပ်မတော်က တိုက်ခိုက်ခဲ့သည်။
ရခိုင်တိုက်ပွဲကာလအတွင်း အစိုးရအဖွဲ့မှ AA စစ်ဦးစီးချုပ် မိသားစုဝင်များကို ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုမှုများ ရှိသလို AA အဖွဲ့မှလည်း အောက်တိုဘာလ ၁၁ ရက်နေ့က မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး အပါအဝင် ကားပေါ်တွင် လိုက်ပါသည့် လူ ၃၁ ဦးကို မြောက်ဦးမြို့ အလွန်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
ဆက်စပ်လင့်ခ်
ရခိုင်တိုက်ပွဲများအတွင်း အရပ်သားသေဆုံးထိခိုက်မှု စုံစမ်းရေးအဖွဲ့ ဖွဲ့ရန် လွှတ်တော် အတည်ပြု
ရွှေနီဒီရေယာဉ်ပေါ်မှ AAက ဖမ်းဆီးသွားသူများတွင် တပ်မတော်သားများလည်းပါဝင်နေ
ဘူးသီးတောင်တွင် နယ်ခြားစောင့် ရဲယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ ၂ ဦးသေ၊ ၇ ဦးဒဏ်ရာရ
ပုဏ္ဏားကျွန်းတွင် တပ်မတော်က AAကို ရဟတ်ယာဉ်သုံး တိုက်ခိုက်