သတင်း

ငြိမ်းချမ်းရေးလှေ မှောက်သလို ဖြစ်သွားပြီဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော

Want create site? Find Free WordPress Themes and plugins.

အပစ်ရပ် လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် သွားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို တပ်မတော်က တားမြစ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ် လင်းခေးခရိုင် ဟိုမိန်းမြို့နယ် နယ်မြေမှ ဖြတ်သန်းခွင့် မပြုဘဲ တားမြစ် ခံခဲ့ရခြင်း ဖြစ်ပြီး ထိုလုပ်ရပ်သည် ရှေဆက် နိုင်ငံရေးဆွေးနွေးမှုကို ပိုမိုခက်ခဲလာစေအောင် အချက်ပြသည့် သဘော ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

“ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် (ဒေါ်အောင်ဆန်းစုကြည်) တို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) တို့နဲ့ တွေ့ဆုံဖို့ကလည်း ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်ကို ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ ဒီ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ဒီကိစ္စကို ကြိုတင်ပြီး သိထားပြီး ဖြစ်ပါတယ်။ ကျနော်တို့တွေ့ဆုံနိုင်မယ်ဆိုရင် တပ်မတော်ဘက်က ဖြစ်လိုတဲ့ အကြောင်းအရာ၊ ကျနော်တို့ဘက်က လိုလားတဲ့ အကြောင်းအရာတွေကို ကျနော်တို့ ဒူးတိုက် ဆွေးနွေးပြီးတော့ ဖြေရှင်းနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီ အရှေ့အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင် ရဲ့ ကျနော်တို့ရဲ့ ခရီးစဉ်ကို ပိတ်ပင်တားဆီးတဲ့အတွက်ကြောင့်မို့ ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လှေကြီးက မှောက်သွားသလောက်ကို ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ဧရာဝတီသို့ ပြောဆိုသည်။

အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် လေးနှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ရန် အောက်တိုဘာ ၂၅ ရက်က RCSS ဥက္ကဋ္ဌ အပါအဝင် ကိုယ်စားလှယ် ၁၁ ဦးသည် မော်တော်ယာဉ်လေးစီးဖြင့် ရှမ်းပြည်နယ် ဟိုမိန်းမြို့နယ် နားမွန်းနယ်စပ်ဂိတ်မှ တဆင့် လင်းခေး-နမ့်စန်-တောင်ကြီးတို့ကို ဖြတ်ကာ နေပြည်တော်သို့ လာရောက်ရန် စီစဉ်ထားသော်လည်း ဟိုမိန်းမြို့ကို ဖြတ်သန်းသွားခွင့်မပြုကြောင်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကန့်ကွက်သဖြင့်၊ နားမွန်းနှင့်နယ်စပ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဘက်အခြမ်းမှ လှည့်ပြန်လာခဲ့ရသည်ဟု သိရသည်။

RCSS ဥက္ကဋ္ဌက “အမှန်ဆို ကျနော်တို့ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ညှိနှိုင်းထားပြီးပြီ။ ၂၃ ရက်နေ့ကလည်း စာပို့ပြီး အတိအလင်း အကြောင်းကြားတယ်။ အမှန်ဆို အကယ်၍ ဒီလမ်းက သွားခွင့်မပေးနိုင်ဘူးဆို သူတို့ ချက်ချင်း အဖြေပေးလို့ ရပါတယ်။ ၂၄ ရက်နေ့ ညနေအထိ ကျနော်တို့ ဟိုမိန်းဘက်က သွားမယ့် ခရီးစဉ်ကို အားလုံးအဆင်ပြေပါတယ်။ ချောမွေ့ပါတယ်ဆိုတာတောင် သူတို့အကြောင်းပြန် လာပါသေးတယ်။ ဟိုမိန်းဘက်လမ်းက သွားဖို့ခွင့်မပြုဘူးဆိုတာ (၂၄ ရက်နေ့) ည ၁၀ နာရီလောက်မှ ပြန်အကြောင်းကြားလာတာ ဖြစ်ပါတယ်။ သူတို့ချက်ချင်း လက်ငင်းကြီးကို ပြောင်းလဲသွားတာ ဖြစ်ပါတယ်” ဟု ၎င်း၏ စကားပြန်မှတဆင့် ရှင်းပြသည်။

RCSS အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုဌာန (NRPC)၊ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် တပ်မတော်ကိုယ်စားလှယ်များနှင့် ခရီးစဉ် လမ်းကြောင်း အတွက် ကြိုတင် ညှိနှိုင်းထားသော်လည်း အစိုးရ၏ NRPC, PC နှင့် တပ်မတော်တို့အကြား အပြန်အလှန် ညှိနှိုင်းမှုမရှိသည့်အတွက် ယခုကဲ့သို့ အခက်အခဲ ကြုံရခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

NCA သဘောတူညီချက် စာချုပ်ကို ယခင် အစိုးရ၊ တပ်မတော်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များက ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ နှစ်စဉ် အောက်တိုဘာက ၁၅ ရက်နေ့တိုင်း နှစ်ပတ်လည် အခန်းအနား ကျင်းပသော်လည်း ယခုနှစ်တွင် နောက်ကျ ကျင်းပခြင်း ဖြစ်သည်။

ထို့သို့ NCA အထိမ်းအမှတ် ပွဲကို ပါဝင် တက်ရောက်နိုင်ခြင်း မရှိသကဲ့သို့ နောက်ဆက်တွဲ ကျင်းပရန် စီစဉ်ထားသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) လည်း မဖြစ်နိုင်ကြောင်း၊ တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် RCSS ဥက္ကဋ္ဌ က အောက်တိုဘာ ၂၇ ရက် တွင် သတင်းမီဒီယာများကို ပြောဆိုသည်။

ထိုအတွက်ကြောင့် အနာဂတ်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုနှင့် ဆွေးနွေးမှု အများအပြား ပြုလုပ်ရမည်ဖြစ်ပြီး ထိုသို့ မဆွေးနွေးနိုင်ပါက ငြိမ်းချမ်းရေးဖော်ဆောင်မှု ပျက်ပြားကာ ပြည်ထောင်စု ပြိုကွဲသွားနိုင်ကြောင်း ၎င်းက ဆိုသည်။

“ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာလည်း အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ကြဖို့ လိုပါတယ်။ ကျနော်တို့ တပ်မတော်ဘက်ကို ပြန်လှန် သုံးသပ်မယ်ဆိုရင် ယုံကြည်မှုမပြောနဲ့။ ငြိမ်းချမ်းရေးကိုမပြောနဲ့ ပိုမိုပြီးသွေးကွဲမှုကိုပဲ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါက ရှေ့ဆက်တော့ ပိုမိုအခက်ခဲရှိနိုင်တဲ့ အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

တပ်မတော်ပြောရေးဆိုခွင့်ရှိသူများ၏ အောက်တိုဘာ ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် RCSS ယာဉ်တန်းအား ဖြတ်သန်းသွားခွင့်မပြုခြင်းမှာ နယ်မြေလုံခြုံရေးစိတ်မချရသည့်အတွက် ကိုယ်စားလှယ်အဖွဲ့အား တာချီလိတ်မှ နေပြည်တော်သို့ လေယာဉ်ဖြင့် လာရောက်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

ထို့အတူ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဗိုလ်ချုပ်ကြီးယွက်စစ် ထံသို့ စာရေးသား ပေးပို့ခဲ့ပြီး၊ RCSS ဘက်က အဆိုပြုထားသည့် ခရီးလမ်းအတိုင်း မဖြစ်နိုင်သော်လည်း RCSS ဥက္ကဋ္ဌ အနေဖြင့် နေပြည်တော်သို့ လာရောက်နိုင်ရေး အတတ်နိုင်ဆုံး စဉ်းစားဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံထားသည်။

ဒေါက်တာတင်မျိုးဝင်း၏ စာထဲတွင် “RCSS ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် NCA ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အခန်းအနား တက်ရောက်ရန်သာမက ယာယီရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုပေါင်း များစွာဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှ ရရှိလာခဲ့သည့် JICM အစည်းအဝေးသို့တက်ရောက်ရန် လာရောက်ခြင်း ဖြစ်၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အထူးအရေးကြီးသည့် ခရီးစဉ်ဖြစ်ကြောင်း ယုံကြည် လက်ခံထားပါသည်” ဟု ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးယွက်စစ် က “ဒေါက်တာတင်မျိုးဝင်းတို့ပေးပို့လာတဲ့ စာကတော့ အရေးကြီးတဲ့အချက်တွေ။ ပြီးတော့ သူတို့ဆောင်ရွက်လိုတဲ့အချက်တွေကိုပဲ ရေးလာပါတယ်။ ဒါပေမယ့် ကျနော်တို့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ပြဿနာ ဖြေရှင်းဖို့ကိစ္စတွေ မပါပါဘူး။ ဒေါက်တာ တင်မျိုးဝင်းတို့ပေးပို့လာတဲ့ စာထဲမှာ သူတို့ကလည်း တာချီလိတ်ကနေ လေယာဉ်ပျံနဲ့သွားဖို့ ပေးပို့လာတာ။ ဒါပေမယ့် ကျနော်တို့ဘက်က အခက်အခဲကိုတော့ သူတို့ မမြင်ဘူးပေါ့” ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်းတို့ကိုယ်တိုင် တန်းဖိုးထားသည့် အရေးကြီးသည်ဟု မှတ်ယူသည့် NCA ၄ နှစ်ပြည့်ပွဲသို့ အဖွဲ့အစည်း အစုံ မတက်ရောက်နိုင်ဘဲ ကျင်းပရမည်ဆိုပါက လေးနက်မှု လျော့ပါးရသည် ဟု ဆိုသည်။

ထို့အတူ တပ်မတော်က RCSS ခရီးလမ်းကြောင်းအား တားမြစ်ခြင်းကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္တအကြိမ် အစည်းအဝေးများ ကျင်းပနိုင်ရန် လမ်းဖွင့်ပေးနိုင်သည့် JICM အစည်းအဝေး နှောင့်နှေးရခြင်းမှာလည်း တပ်မတော်၏ NCA စာချုပ်ပါ အချက်များအပေါ် အလေးမထား တန်းဖိုးမထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“JICM အစည်းအဝေးက အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကနေ ကျနော်တို့ကို သွားခွင့်မပေးတာ ကျနော်တို့ကို ဟန့်တားတာ ဆိုတာက သူတို့က ဒီအစည်းအဝေးကို မဖြစ်စေချင်လို့လို့ ကျနော်တို့မြင်ပါတယ်။ တပ်မတော်အနေနဲ့ NCA သဘောတူညီချက် စာချုပ်ကို ဖျက်သိမ်းလိုတယ်ဆိုတဲ့ သူ့ရဲ့လက္ခဏာ တခု ပြနေတယ်လို့ကျနော်တို့ မြင်ရတယ်။ သူတို့က NCA ကို ဘယ်လိုချိုးဖောက်လဲ ဆိုတော့ လွတ်လပ်စွာ သွားလာခွင့်တို့ လူထုတို့ တခြားနိုင်ငံရေးပါတီတို့နဲ့ တွေ့ဆုံခွင့်တို့ ဒီကိစ္စတွေက အားလုံး ကျနော်တို့ကို ပိတ်ပင်တယ်ဆိုတာ ဒါက NCA ကို ချိုးဖောက်ရာ ကျတာပေါ့” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

၈ ကြိမ်မြောက် ပြုလုပ်ရန် ရည်ရွယ်ထားသည့် JICM အစည်းအဝေးမှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းဝေးများ ကျင်းပနိုင်ရန် လမ်းဖွင့်ပေးနိုင်ပြီး ထိုမှတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္တ အစည်းအဝေး ကျင်းပနိုင်မည် ဖြစ်သည့်အတွက် အရေးတကြီးနှင့် အဆောတလျင် ဆောင်ရွက်ရန် လိုအပ်နေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများက ရှုမြင်ထားသည်။

အောက်တိုဘာ ၂၅ ရက်နေ့တွင်ပင် JICM အတွက် အကြို ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်တွင် အစိုးရနှင့် EAOs ကိုယ်စားလှယ်များ ပြုလုပ်ခဲ့ကြသေးသည်။

NRPC ဥက္ကဋ္ဌ ဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်တက်ရောက်သည့် ငြိမ်းချမ်းရေး ဦးဆောင်ဆွေးနွေးသူများ၏ JICM အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက နောက်ဆုံး ကျင်းပခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading