ဘားအံမြို့အနီး ကျေးရွာအချို့ သောက်သုံးရေကန်များထဲတွင် မဲညစ်နေသည့်ရေများ ဝင်ရောက်မှုကို ဌာနဆိုင်ရာ အသီးသီးနှင့် အသေးစိတ် စစ်ဆေးနေဆဲဖြစ်ပြီး ရလဒ် အသေးစိတ်မထွက်သေးကြောင်း ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောဘိုဘိုက ပြောသည်။
အဆိုပါ ရေညစ်ညမ်းမှုများရှိနေခြင်းကို အတည်ပြုရန်အတွက် ဘိလပ်မြေစက်ရုံ၏ ရေသန့်စင်စနစ်၊ စီးဆင်းမှုစနစ်၊ စွန့်ထုတ်မှုများအပါအဝင် ကျေးရွာသုံးကန်များ၊ ရေဝပ်အင်းများအပါအဝင် နေရာပေါင်း ၂၀ ကျော်မှ ရေနမူနာများကို ရယူပြီး ကရင်ပြည်နယ်အစိုးရက ဌာနပေါင်း ၇ ခုခန့်ဖြင့် စစ်ဆေးနေ ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
ဦးစောဘိုဘို က “ပြည်နယ်အစိုးရ အနေနဲ့ ဒီရွာသုံးရွာမှာ ရှိတဲ့အင်းတွေ၊ ကန်တွေကို စစ်ဆေးမှုတွေ လုပ်နေတယ်။ ဘိလပ်မြေစက်ရုံထဲမှာရှိတဲ့ ကျောက်မီးသွေးနဲ့ ထားတဲ့ နေရာတွေမှာရှိတဲ့ Draining System တွေကို စစ်တယ်။ ပြီးတော့ Draining System ကနေ အောက်ကို ဆင်းလာပြီး ရေစစ်တဲ့ ရေကန် ၂ ကန်ကိုစစ်တယ်။ အဲဒီရေကန်က နေပြီး အင်းထဲကို ဝင်တဲ့ ရေနမူနာတွေကို စစ်ထားတယ်” ဟု ပြောသည်။
ကရင်ပြည်နယ် ဘားအံမြို့နီးရှိ နတ်ကုန်း၊ ရေတွင်းကုန်း၊ ငှက်ပျောတော ကျေးရွာတို့တဝိုက် ရေကန်များ၊ အင်းများတွင် ရေမဲများ ဝင်ရောခြင်းကြောင့် ရေများညစ်ညမ်းလျက်ရှိကြောင်း အောက်တိုဘာလ ဒုတိယပတ်က သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင် ကလည်း “ရေအအရောင်ပြောင်းတာ သိတဲ့ နောက်နှစ်ရက်လောက်မှာ ကျမတို့ သွားပြီးတော့ ကြည့်ပါတယ်။ ရေကတော့ တကယ်လည်း မဲနေပါတယ်။ အဲဒါကို သုံးလို့ရအောင် ရေသန့်စက်တွေနဲ့ လုပ်ပေး နေတာပေါ့ အစိုးရအဖွဲ့ကနေ လောလောလတ်လတ် သုံးလို့ရအောင်ဆိုပြီးတော့ ရေကတော့ ဓာတ်ခွဲခန်းကို ပို့ထားတုန်းရှိသေးတယ်။ ရက်အတိအကျကိုတော့ မပြောထားသေးဘူး ထုတ်ပြန်ပေးမယ်လို့ပဲ ပြောထားတာ ရေအဖြေလည်း မသိရသေးဘူး” ဟု ပြောသည်။
အဆိုပါ ရေညစ်ညမ်းမှု ပြဿနာကြောင့် ၎င်းတို့ စိုက်ပျိုးသီးနှံများကို ဝယ်သူမရှိသဖြင့် စားဝတ်နေရေးပါ အခက်အခဲကြုံနေရကြောင်း မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ တာဝန်ခံ စောသာဘိုးက ပြောသည်။
စောသာဘိုး က “တခြားစိန်ခေါ်မှုက စီးပွားရေး။ သူတို့စိုက်တာ သူများ ဝယ်မစားတော့ဘူး။ စိုက်ပျိုးလက်စဟာတွေ ကလည်း စိုက်ပြီးရင် ဝယ်မယ့်သူမရှိဘူး။ စိုက်လက်စဟာတွေ ထားခဲ့ရပြီး ဒုက္ခရောက် တာပေါ့။ နောက်သောက်သုံးရေ ပြဿနာလည်း ဆိုးရွားနေတာပေါ့နော်”ဟု ပြောသည်။
လက်တလောတွင် ဘားအံမြို့အနီးရှိ နတ်တွင်းကုန်း၊ ရေတွင်းကုန်း၊ ငှက်ပျောတော ကျေးရွာအချို့တွင် ရေညစ်ညမ်းမှုများကို စစ်ဆေးနေပြီး ရလဒ်မသိရှိသေးသဖြင့် ဘားအံမြို့ပေါ်မှ သောက်သုံးရေများကို အဆိုပါကျေးရွာများသို့ ဖြန့်ဖြူး ပေးလျက်ရှိကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ယင်းရွာအနီးတွင် ကျောက်မီးသွေးဖြင့် လည်ပတ်သည့် ဘိလပ်မြေ စက်ရုံတရုံ ရှိနေသဖြင့် ယင်းစက်ရုံကိုလည်း စစ်ဆေးလျက်ရှိကြောင်းနှင့် စက်ရုံနှင့်သက်ဆိုင်မှု ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
လူမှုရေးဝန်ကြီး ဦးစောဘိုဘို က “ဆန်းစစ်တဲ့ကာလပေါ့။ ကျောက်မီးသွေးဟုတ်၊ မဟုတ်၊ Chemical Effect ဘယ်လိုရှိ၊ မရှိ၊ စိုက်ပျိုးမြေနဲ့ ပတ်သက်ပြီး စမ်းသပ်တယ်။ လောလောဆယ်မှာ သုံးဖို့အဆင်မပြေတော့ သောက်သုံးရေ ဖြန့်ဖြူးပေး နေပါတယ်”ဟု ပြောသည်။
ထို့ပြင် ငှက်ပျောတော ကျေးရွာတွင်လည်း တစ်နာရီလျှင် ၂၀ လီတာဆံ့သည့် ရေသန့်ဘူး ၁၅၀ ခန့် ထုတ်လုပ်နိုင်ပြီး ၂၄ နာရီ ထုတ်လုပ်နိုင်သည့် ရေသန့်စက်တပ်ဆင်ထားပြီး အိမ်တိုင်ရာရောက် ရေသန့်ဖြန့်ဖြူးပေးနေကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ ကျေးရွာအချို့ရှိလူအများ ယားနာဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနက စစ်ဆေးရာ ရေကြောင့်မဟုတ်ဘဲ အခြားဒေသအခြေခံ ပြဿနာများကြောင့် ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။