ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးကိုကိုမှာ စခန်းမှ စစ်တွေသို့ အသွား လမ်းခရီးတွင် အမည်မသိ လူတစုက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။
ဒုရဲအုပ်မျိုးကိုကိုသည် အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက အပေါက်ဝကားဂိတ်မှ စစ်တွေသို့ ခရီးသည်တင် ကားဖြင့် လိုက်ပါသွားရာမှ လမ်းခရီးတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ကျောက်တော် မြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။
ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်တဦး က “မနေ့က မနက်ပိုင်းမှာ စစ်တွေကို သက်သေခံ ပစ္စည်းတွေ သွားပို့ဖို့ ကားနဲ့လိုက်သွားတယ်လို့ သိရပါတယ်။ နေ့လည်ပိုင်း လောက်မှာ သူ့ကို ဆက်သွယ်လို့ မရတော့ဘူး။ စစ်တွေကိုလည်း ရောက်မလာဘူး။ နောက်ပိုင်း ကျနော်တို့ ထပ်စုံစမ်းသလောက်တော့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ပန်းနီးလာနဲ့ ကြံခင်းရွာ ကြားမှာ သတ်ပြီးတော့ လမ်းမှာ ပစ်ထားခဲ့တယ်လို့ ကြားတယ်။ အဲဒီနေရာကို စုံစမ်း တော့လည်း အလောင်းလည်း မတွေ့ဘူးလို့ပြောတယ်။ အခုထိတော့ အဆက်အသွယ် မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းအလောင်းတွေ့ရှိသည် ဆိုသည့် ကျေးရွာများမှ တာဝန်ရှိသူများထံ ရဲတပ်ဖွဲ့က ဆက်သွယ် စုံစမ်းခဲ့ရာ ယင်းသတင်းမှာ မဟုတ်ကြောင်း၊ အမည်မသိ လူ ၃ ဦးက ကားကို ရပ်တန့်ကာ ဒုရဲအုပ်မျိုးကိုကိုအား ကားပေါ်မှ ခေါ်ဆောင်သွားသည်ကို စုံစမ်း သိရှိရကြောင်း ကျောက်တော် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်တဦး က ပြောသည်။
၎င်းက “ကားသမားကို စစ်ဆေးတော့ ဆိုင်ကယ်နဲ့ ရှေ့ကား ပိတ်တားပြီး လူတယောက်ကို ကားပေါ်ကနေ ခေါ်ယူသွားတယ်လို့ ပြောတယ်။ လောလော ဆယ်တော့ ဖမ်းသွားတယ်လို့ ယူဆရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဒုရဲအုပ်မျိုးကိုကို ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ မည်သည့် အဖွဲ့က ဖမ်းဆီးသွား သည်ဆိုကိုတော့ ရဲတပ်ဖွဲ့က တိတိကျကျ ထုတ်ဖော်ပြောကြားမှု မရှိပေ။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ အပေါက်ဝ ရဲစခန်းမှူး ရဲအုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
လက်ရှိတွင် ဒုရဲအုပ်မျိုးကိုကို စီးနင်းလိုက်ပါလာသော ကျောက်တော်မြို့နယ်၊ ပိုက်သည် ရပ်ကွက်နေ ကားသမား ဦးမောင်ထွန်းရွှေကို သတင်းထိန်ချန်မှု အပါအဝင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတို့ဖြင့် ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
အောက်တိုဘာ ၂၆ ရက်နေ့ကလည်း စစ်တွေ- ဘူးသီးတောင် သို့ ပြေးဆွဲနေသော ရွှေနဒီ အမြန်ရေယာဉ်ကို ရသေ့တောင်မြို့ အလွန်တွင် ရက္ခိုင့်တပ်တော် ( AA ) အဖွဲ့က ဟန့်တားကာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦးနှင့် အကျဉ်း ဦးစီးဌာနမှ ၂ ဦး စုစုပေါင်း ၄၅ ဦးကို ဖမ်းဆီးခဲ့သေးသည်။
ထိုအနက်မှ ၁၄ ဦးကို ရှာဖွေ ကယ်တင်နိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။