ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း အောက်တိုဘာ ၁၁ရက်က မီးသတ်များနှင့်အတူ ဖမ်းဆီးခြင်းခံရသည့် အရပ် သား ၁၂ဦးကို ရက္ခိုင့်တပ်မတော် (AA)မှ ယမန်နေ့က ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီက မန္တလေးကနေ စစ်တွေမြို့သို့ စတင် ထွက်ခွာ လာ ရာ အောက်တိုဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် မြောက်ဦးမြို့နယ် မိုင်တိုင် ၁၂၇ သို့ အရောက်တွင် AA အဖွဲ့မှ တားဆီး၍ ကားပေါ်ပါ အခြေခံမီးသတ် သင်တန်းဆင်း သင်တန်း သား ၁၈ ယောက်၊ အရပ်သား ၁၂ ယောက်၊ မီးသတ် ဦးစီးမှူး တယောက် စုစုပေါင်း ၃၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
အဆိုပါ ပြန်လွတ်ပေးသည့်လိုက်သည့် အရပ်သား ၁၂ ဦးမှာ ပန်းရံအလုပ် လုပ်ကိုင်သူ ၉ ဦး ၊ ကား သမား ၃ ဦးတို့ ဖြစ်ကြောင်း AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။
ခိုင်သုခက “ကျနော်တို့ မနေ့က ညနေပိုင်းက သူတို့ကို ပြန်လွတ်ပေးလိုက်တယ်။ အခု ပြန်လွှတ်ပေးလိုက်တဲ့ ၁၂ ဦး ဟာ ဗမာ လူမျိုးတွေ ဆိုပေမဲ့ အရပ်သား စစ်စစ် ဖြစ်ကြောင်းကို စိစစ်တွေ့ ရှိရတဲ့အတွက် ဘေးကင်း လုံခြုံစွာနဲ့ပဲ မြောက်ဦးမြို့ပေါ် အရောက်ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအရပ်သားများနှင့် အတူ ဖမ်းဆီးခံရသည့် မီးသပ်တပ်ဖွဲ့ဝင် ၁၉ ဦးမှာ ပြင်ဦးလွင်မြို့နယ် ၊ ဇီးပင်းကြီးကျေးရွာရှိ ဗဟိုမီးသတ်သင်တန်း ဆင်းလာသူများဖြစ်ပြီး၊ ထိုသူများအား လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး မကြာမီ ပြန်လည် လွှတ်ပေးရန် စီစဉ်ထားရှိကြောင်း ခိုင်သုခက ဆက်လက်ပြောကြားသည်။
မီးသတ်တပ်ဖွဲ့ဝင်များ လွတ်မြောက်မလာသေးခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကို ဆက်သွယ်မေးမြန်းခဲ့ရာ တစုံတရာမှတ်ချက်ပေး ပြောကြားခြင်းမရှိပေ။
အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း စစ်တွေ- ဘူးသီးတောင်သို့ ပြေးဆွဲနေသော ရွှေနဒီ အမြန်ယာဉ်ကို ရသေ့တောင်မြို့အလွန်တွင် ရက္ခိုင့်တပ်တော် ( AA ) အဖွဲ့က ဟန့်တားကာ တပ်မတော်သား ၁၄ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦးနှင့် အကျဉ်းစီးစီးဌာနမှ ဝန်ထမ်း ၂ ဦး စုစုပေါင်း ၄၅ ဦးကို ဖမ်းဆီးခဲ့သည်။
ထိုဖမ်းဆီးခံရသူ များထဲမှာ ၁၄ ဦးကို ရှာဖွေကယ်တင်နိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှု့ရန်
မန္တလေး- စစ်တွေယာဉ်လိုင်းမှ ခရီးသည် ၃၁ဦးကို မြောက်ဦးအနီး AA ဖမ်းဆီးဟုဆို
AA ဖမ်းဆီးမှု ရခိုင်ပြည်နယ် ဒု ပြည်နယ် မီးသတ် ဦးစီးမှူး နှင့် တွေ့ဆုံမေးမြန်းခြင်း
ပေါက်ဝ ရဲစခန်းမှ ရဲအရာ ရှိ ၁ ဦး ဖမ်းဆီးခံရ
AA ဖမ်းဆီးသွားသူများမှ ၁၄ ဦးကို တပ်မတော် ပြန်ကယ်တင်နိုင်
တပ်မတော်မှ တိုက်ခိုက်သဖြင့် ဖမ်းဆီးခံတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိဟု AA သတင်းထုတ်ပြန်
ရွှေနီဒီရေယာဉ်ပေါ်မှ AAက ဖမ်းဆီးသွားသူများတွင် တပ်မတော်သားများလည်းပါဝင်နေ
ရွှေနဒီ အမြန်ရေယာဉ်ကို AA က ဖမ်းဆီး