NLD အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရှေ့ဆက်မည့် လုပ်ငန်းစဉ် ၃ ရပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမိန့်ခွန်းတွင် ပြောကြား ခဲ့သည်။
ယင်းအခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်က နေပြည်တော်ရှိ MICC 2 တွင်နေ့လည်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အသိပေးသည့် အချက် ၃ ချက်မှာ လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများနှင့် တွေ့ဆုံမှုများကို အရှိန်မြှင့်တင်ခြင်း၊ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၅၁ ချက် ရရှိပြီး ဖြစ်သည့်အတွက် နောက်ထပ်ရနိုင်သမျှ အခြေခံမူများကို စုဆောင်းပြီး အစုအဖွဲ့များကြားတွင် ညှ်ိနှိုင်းဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ အလွန် အဆင့် လိုက် လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုများ သဘောတူညီချက် ရယူပြီး ယင်းလုပ်ငန်းစဉ်များ ပြုလုပ်သွားမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “အခုအချိန်မှာ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်များအနေနဲ့လည်း သမိုင်း ဝင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ ရှေ့ကို ခြေတလှမ်း တက်ပေးကြဖို့ အလေးအနက်မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု တိုက်တွန်းခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုလျော့နည်းသည့် အခြေအနေတရပ်ကို တည်ဆောက်နိုင်ရေး၊ နိုင်ငံရေးစားပွဲဝိုင်း တွင်ပါဝင် နိုင်ရေး၊ NCA ထီးရိပ်အောက်သို့ ပါဝင်သင့်၊ ပါဝင်ထိုက်သူအားလုံး ပါဝင်လာရေး တို့ကို ကြိုးပမ်းသွားမည်ဟု ဆိုသည်။
ပထမ အချက် အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး မူဘောင် သဘောတူညီချက်များ ရယူမည် ဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်များကို ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူ စာချုပ် ပထမ ပိုင်းဖြစ်လာမည် ဖြစ်သည်။
ဒုတိယ အချက်မှာ ဖက်ဒရယ် ဆိုင်ရာ အခြေခံမူ ( ၅၁) ချက် ရရှိပြီး ဖြစ်သည့်အတွက် နောက်ထပ်ရနိုင်သမျှ အခြေခံမူများ ရရှိရန်အ တွက် အစုအဖွဲ့များကြားတွင် ညှ်ိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ယင်းအချက်များကို လာမည့် ၂၁ ရာစုပင်လုံ အစည်း အဝေးတွင် ထည့်သွင်း စတုတ္ထုအစည်းအဝေးမှာ ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူ စာချုပ် ဒုတိယပိုင်း ဖြစ်လာမည် ဖြစ်သည်။
တတိယအချက်အနေဖြင့် ရွေးကောက်ပွဲများအလွန် ဆက်လက်ဖော်ဆောင်မည့် အဆင့်လိုက် လုပ်ငန်းစဉ်များ၊ ဦးစားပေး အစီအစဉ်များ ကို ဘုံသဘောတူညီချက် ရယူမည်ဖြစ်ကြောင်း ၊ ယင်းသဘောတူညီချက်များကို အစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင် စု သဘောတူစာချုပ် တတိယ အပိုင်း ဖြစ်လာမည်ဟု သိရသည်။
အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားသည့် အချက် ၃ ချက်မှာ လက်ရှိ ဆွေးနွေးနေသည့် ကိစ္စရပ်များ ဖြစ်ကြောင်း၊ သီးခြား မဟုတ်ကြောင်း ပအိုဝ်း လွှတ်မြောက်ရေး အဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယနေ့ အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “နိုဝင်ဘာလလောက်မှာ JICM ပြည့်ပြည့် စုံစုံ ခေါ်ရင် လုပ်ငန်းစဉ် ၃ ခုကို တရားဝင် ဆက်ဆွေးနွေးသွားဖို့ အ တွက် လုပ်သွားမှာပဲ။ တရားဝင်ဆက်ဆွေးနွေးသွားဖို့ ညှိထားတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး (Joint Implementation Coordination Meeting – JICM) NCA စာချုပ်လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးဖြစ်သည်။
JICM အစည်းအဝေးမှ နိုင်ငံ ရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေးအတွက် ဦးဆောင်အဖွဲ့ Union Peace Dialogue Joint Committee (UPDJC) နှင့် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန်အတွက် Joint Monitoring Committee – Union Level (JMC – U) တို့ကို ဖွဲ့စည်းပေးခဲ့သည်။ JICM သည် UPDJC နှင့် JMC-U တို့တွင် မဆုံးဖြတ်နိုင်ဘဲ တစ် ဆို့နေသည့် အရေးကိစ္စများကို ဖြေရှင်းပေးရမည့် အစည်းအဝေးလည်းဖြစ်ပါသည်။
ယနေ့ ကျင်းပသည့် NCA ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဖွဲ့ (PPST) တွင် ယာယီ ဥက္ကဋ္ဌ တာ ဝန်ယူထားသည့် ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ(RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ကိုယ်စားလှယ် အဖွဲ့များ ခရီးစဉ် ကိစ္စ အဆင်မပြေသည့် ပြဿနာကြောင့် တက်ရောက်ခြင်း မရှိပေ။
RCSS ဥက္ကဋ္ဌ အပါအဝင် ကိုယ်စားလှယ် ၁၁ ဦးသည် မော်တော်ယာဉ်လေးစီးဖြင့် ရှမ်းပြည်နယ် ဟိုမိန်းမြို့နယ် နားမွန်းနယ်စပ်ဂိတ်မှ တဆင့် လင်းခေး-နမ့်စန်-တောင်ကြီးတို့ကို ဖြတ်ကာ နေပြည်တော်သို့ လာရောက်ရန် စီစဉ်ထားမှုကို လုံခြုံရေးအရ တပ်မတော်က ခွင့်မပြုခဲ့ပေ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အကြောင်း အမျိုးမျိုးပြပြီး မတက်ရောက်နိုင်တဲ့ အဖွဲ့များဟာလည်း ၎င်းတို့ အကြောင်းနဲ့ ၎င်းတို့သာ ဖြစ်လိမ့်မယ်” ဟု ယနေ့ကျင်းပသည့် အခမ်းအနားမိန့်ခွန်း အစပိုင်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပအိုဝ့်အမျိုးသားလွှတ်မြောက်ရေး အဖွဲ့ချုပ် ( PNLO) ၊ကရင်အမျိုးသား အစည်းအရုံး ( KNU) ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး၊ ( LDU) ၊ မွန်ပြည်သစ်ပါတီ ( NMSP) ၊ ရခိုင် လွှတ်မြောက်ရေး ပါတီ ( ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် ( DKBA)၊ ချင်း အမျိုးသား တပ်ဦး ( CNF) ၊ ကရင် အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွှတ် မြောက် ရေး တပ်မတော် ( ငြိမ်းချမ်းရေးကောင်စီ) ( KNU/ KNLA- PC )၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ တနိုင်ငံလုံး အပြစ်ရပ် စာချုပ် ရေးထိုးထား သည့် အဖွဲ့ ၁၀ ဖွဲ့ယင်း အဖွဲ့ ၉ ဖွဲ့ တက်ရောက်ခဲ့သည်။
ကချင် လွတ်လပ်ရေး တပ် (KIO)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် နှစ်ဖက်အပစ်ရပ် သဘောတူညီချက်ရရန် အစိုးရက ကျိုးပမ်းနေသည်။ တချိန်တည်းတွင်ပင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
“ကျမတို့ နိုင်ငံဟာ ငြိမ်းချမ်းရေး ရရှိဖို့ အချိန်တန်နေရုံမကဘူး။ အချိန် အတော်လွန်နေပြီ” ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပဟေဠိ
ရပ်ထဲရွာထဲအထိ ရောက်လာတဲ့ မြေမြှုပ်မိုင်း နဲ့ ကျီးလန့်စာစား ဘဝများ