ပြီးခဲ့သည့် သြဂုတ်လက ပြင်ဦးလွင်၊ နောင်ချို၊ လားရှိုးနှင့် ကွတ်ခိုင်မြို့များ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး ယင်းလုပ်ရပ်များသည် “တိုင်းရင်းသား အခွင့်အရေးလား” ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေးခွန်းထုတ်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၄ နှစ်ပြည့် အ ခမ်းအနားအဖွင့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “ဒီလို လုပ်ခဲ့တာတွေဟာ သူတို့ တောင်းဆိုနေတဲ့ တိုင်းရင်းသား အခွင့်အရေးလားလို့ ပြန်ပြီး သုံးသပ်စရာတွေ ဖြစ်လာခဲ့ပါတယ်”ဟု ပြောသည်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လမ်း၊ တံတား၊ မြို့ ရွာများ ကို နှောက်ယှက် ဖျက်ဆီးခြင်း၊ ပြင်ဦးလွင်၊ နောင်ချို ၊ လားရှိုးနှင့် ကွတ်ခိုင်မြို့ များကို တိုက်ခိုက်ခြင်းသည် အကြမ်းဖက် တိုက်ခိုက် ခြင်း ဖြစ်ကြောင်း တပ်ချုပ်က ထောက်ပြသည်။
ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) တို့ ပူးပေါင်းထားသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များ၏ အကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချသော်လည်း ငြိမ်းချမ်းရေး တံခါး ဆက်ဖွင့်ထားဆဲ ဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့များဘက်ကမူ AA ကို ရခိုင်ပြည်နယ်တွင် တပ်မတော်က စစ်ရေးအရ ဖိအားပေးလာသဖြင့် စစ်မျက်နှာ ပြောင်းပြန်ဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင်လည်း ARSA ကြောင့် မတည်မငြိမ် ဖြစ်နေချိန်တွင် ရက္ခိုင့် တပ်မတော် (AA) က ၂၀၁၉ ခုနှစ်မှ စ၍ ရဲစခန်းများ ကို အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခြင်းများ ပြုလုပ်လာပြီး နောက်ပိုင်းတွင် အကြမ်းဖက် လုပ်ရပ်များကို အရှိန်မြင့်လာကြောင်း တပ်ချုပ်က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီလုပ်ရပ်တွေဟာ ကျနော်တို့ ဒီနေ့ ကျင့်သုံးတည်ဆောက်နေတဲ့ ဒီမိုကရေစီ စနစ်နဲ့ လားလားမှ မသက်ဆိုင်၊ မထိုက်တန်တဲ့ လုပ် ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီအကြမ်းဖက် လုပ်ရပ်တွေကို တပ်မတော် အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါဘူး”ဟု ပြောသည်။
ထို့ပြင် AA ၊ TNLA ၊ MNDAA တို့ ၃ ဖွဲ့လုံးသည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ရန် ရည်ရွယ်ချက်ရှိပုံ မရကြောင်း တပ်မတော်က ထင်မြင်ယူဆလျက်ရှိသည်။
တရုတ်၏ ကြားဝင် ညှိနှိုင်းမှုကြောင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တို့တွင် အစိုးရနှင့် ယင်း ၃ ဖွဲ့ တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ပေါ်ပေါက်လာ သော်လည်း ရလဒ် မယ်မယ်ရရ ထွက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။
ထို့အတူ ရခိုင်ပြည်နယ်တွင်လည်း တပ်မတော်သည် တိုင်းရင်းသားများကို ARSA ရန်မှ ကာကွယ်ပေးနေရသလို AA ၏ အကြမ်းဖက် လုပ်ရပ်များကိုလည်း ကာကွယ်ပေးနေရကြောင်း ပြောသည်။
ARSA နှင့် AA ၂ ဖွဲ့ စလုံးကို တပ်မတော်က အကြမ်းဖက်အဖွဲ့များ အဖြစ် သတ်မှတ်သဖြင့် တပ်ချုပ်က ယခုလို ပြောဆိုခြင်း ဖြစ် ကြောင်း၊ တိုင်းရင်းသားများသည် မိမိတို့၏ လိုလားချက်များကို တောင်းဆိုရာတွင် လက်နက်ကိုင်ကြသူများ ရှိသလို နိုင်ငံရေး ပါတီ ထူထောင်သူများလည်း ရှိကြောင်း ရခိုင်အမျိုးသား ပါတီ ဗဟိုအလုပ်မှုဆောင် ဦးဖေသန်းက ပြောသည်။
ဦးဖေသန်းက “ကျနော်တို့လည်း ဥပဒေဘောင်ထဲကနေ လုပ်နိုင်သမျှ လုပ်တယ်ပေါ့။ ရည်ရွယ်ချက်ကတော့ အကုန်လုံး ဖက်ဒရယ်ကို သွားချင် တာပဲ။ အကုန်လုံးက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် တောင်းနေကြတာပဲ။ တချို့ကလည်း လက်နက်ကိုင်တိုက်မှ ရမယ် လို့ ယုံကြည်လို့ တိုက်တယ်။ ဦးတည်ချက်ခြင်း တူပေမယ့် နည်းဗျူဟာခြင်း မတူကြဘူး”ဟု ပြောသည်။
AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာမှ စတင်ကာ တပ်မတော် နှင့် AA တို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့ နယ်များတွင် နှစ်ဘက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိသလို ၂ ဖက်စလုံး တွင် ထိခိုက်ကျဆုံးမှုများလည်း ရှိနေသည်။
ARSA မှာမူ ၂၀၁၇ ခုနှစ်မှ စတင်ပြီး ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများကို အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခြင်း၊ အစိုးရ ၏ အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့်မှ လူများကို သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ပြီး ယနေ့ချိန်အထိ ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်း လုပ်ငန်းများကို ပြုလုပ်လျက်ရှိသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို ARSA အဖွဲ့ ၏ ဝင်ရောက် တိုက်ခိုက်ခြင်း အား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
တပ်မတော်၏ တုန့်ပြန် ဆောင်ရွက်မှုများကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု အသစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။
လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမာန် ဒီမိုကရေစီခတ်တွင် နိုင်ငံရေး၊ လူမျိုးရေး၊ တိုင်းရင်းသားရေးအရ ကွဲပြားမှု၊ အယူဝါဒ ကွဲပြားမှုများမှတဆင့် အစိုးရအဆက်ဆက်ကို လက်နက်ကိုင်စွဲ ဆန့်ကျင်ခြင်းသည် ယနေ့တိုင် တည်ရှိနေသည့် လက်နက်ကိုင် ပဋိပက္ခ၏ ဇစ်မြစ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ယနေ့ အခမ်းအနားတွင် ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တပ်မတော် အနေနဲ့ နိုင်ငံတော်နဲ့ အစိုးရရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ အဖွဲ့ အစည်း ပီသစွာ ကာကွယ်နေရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။