ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်တွင် လူ ၂၅ ဦး တင်ဆောင်လာသည့် ဘုရားဖူး Light Truck ကားတစီး ယမန်နေ့ ည ၇ နာရီခန့်က ချောက်အတွင်း ထိုးခဲ့ရာ လူ ၁၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသည်။
“ကျနော်တို့ ည ၇ နာရီဝန်းကျင်မှာ ကားကျတယ်ဆိုတဲ့ သတင်းကြားတယ်။ ကယ်ဆယ်ရေးတွေလုပ်ပြီးသွားပြီ။ ၁၅ ဦး ဆုံးပါတယ်။ ၁၀ဦး ဒဏ်ရာ ရပါတယ်။ ချောက်က တော်တော်နက်တယ်ဗျ။ အဲဒီအထဲကို ကားအစီးလိုက် ထိုးကျ သွားတာ”ဟု ရွာငံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ပြောသည်။
အဆိုပါ ဘုရားဖူးယာဉ်မှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ခွန်တောင်ကြီး ကျေးရွာအုပ်စု သစ်ဆိပ်ကြီး ကျေး ရွာမှ ဖြစ်ပြီး တောင်ကြီးမြို့မှအပြန် ရွာငံမြို့နယ် ယုန်တောင်ကျေးရွာအနီးရှိ ပေ ၁၀၀၀ ခန့် နက်သည့်ချောက်အတွင်း ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။
“ရွာငံကနေ ဟံမြင့်မိုရ် ကျောက်ဆည် မန္တလေး အဲဒီဘက်ကိုဆင်းဖို့ ဒီလမ်းကနေ ပြန်လာတာဗျ။ လမ်းက အဆင်းလမ်း ဆိုတော့ အကွေ့အကောက်တွေ များတယ်လေ၊ မိုးချုပ်ခါနီးလည်း ဖြစ်တော့ လမ်းကြော မကျွမ်းကျင်တော့ အဲဒီလို ဖြစ်သွားတာပေါ့။ ချောက်က တော်တော်နက်တယ် လူဆယ်ဖို့တောင် ကျနော်တို့ မနည်းဆယ်ရတာ။ ဆယ်ဖို့ကို မလွယ်တာ။ အခု အသက်ရှင်တယ် ဆိုတဲ့လူတွေက အပေါ်ပိုင်းမှာ သစ်ပင်နဲ့ငြိပြီးကျန်ခဲ့တဲ့ လူတွေပဲရှင်တာ။ အောက်ပိုင်း ကျသွားတဲ့လူတွေကတော့ မရှင်တော့ဘူး။ ထိခိုက်ဒဏ်ရာလည်းများသလို သူတို့ကို ကယ်ဖို့ဆိုတာလည်း မလွယ်ဘူး” ဟု ၎င်းက ရှင်းပြသည်။
သေဆုံးသူ ၁၅ ဦးမှာ ဆရာတော်တပါး အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၂ ဦးတို့ဖြစ်ပြီး အသက် ၉ နှစ်အရွယ်နှင့် ၁၁ အရွယ် ယောက်ျားလေး ၂ ဦး၊ အသက် ၃၅ နှစ်အောက် အမျိုးသမီး ၉ ဦးနှင့် အသက် ၄၅ နှစ်နှင့် ၅၀ ကြား အမျိုးသမီး ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ၁၀ ဦးတွင်လည်း ၉ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိ၍ စိုးရိမ်ရလူနာများဖြစ်ပြီး ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး တို့အား မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုများ လုပ်ခဲ့ရပြီး ကျန် ၇ ဦးမှာ ရွာငံမြို့နယ်ပြည်သူဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း သိရသည်။