တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်း သား အဖွဲ့များက မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် NCA ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောဆိုကြသည်။
ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွ့ဲချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “NCA လမ်းကြောင်းက မျှော်လင့် ချက် အများကြီး ရှိတယ်။ ဘာလို့လဲဆိုတော့ NCA လမ်းကြောင်း ပျက်ရင် ငြိမ်းချမ်းရေးလည်း ပျက်ပြီ” ဟု ပြောသည်။
NCA လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရပ်တန့်နေခြင်း မဟုတ်ဘဲ၊ နှေးကွေးနေခြင်းသာ ဖြစ်ကြောင်း၊ တရားဝင် တွေ့ဆုံခြင်း များ ရှိသကဲ့သို့ တရားမဝင် တွေ့ဆုံ ညှိနှိုင်းမှုများလည်း ပြုလုပ်နေကြကြောင်း၊ ယခုကဲ့သို့ တရားဝင် ကျင်းပသည့် ပွဲများ တွင် ချည်းကပ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ရလဒ်ကောင်းများ မျှော်လင့်၍ ရကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆို သည်။
NCA အပေါ် ခံယူထားသည့် နားလည်မှုလွဲသည့် အချက်များ ရှိနေသောကြောင့် လက်မှတ်ထိုးပြီးသား အဖွဲ့များက NCA အပေါ်ပို၍ တာဝန်ရှိသဖြင့် NCA တိုးတက်ဖြစ်ပေါ်လာရန် အတွက် လုပ်ပြနိုင်ရန် လိုအပ်ကြောင်းကိုလည်း ကရင်အမျိုးသား အစည်းအရုံး (KNU) မှ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး က မှတ်ချက်ပြု ပြောဆိုသည်။
ပဒိုစောတာဒိုမူး က “ကျနော်တို့ မကြိုးစားနိုင်ဘူး ဆိုတဲ့ အနေအထားမျိုးကို ရောက်နေတဲ့ အခါကြတော့ တဖက်မှာ မထိုး ရသေးတဲ့ အဖွဲ့တွေ အတွက်လည်း စဉ်းစားစရာတော့ ဖြစ်တာပေါ့။ ဒါကြောင့် တစိုက်မတ်မတ်နဲ့ လိုချင်တဲ့ ပန်းတိုင်ကို ဆက်သွားနိုင်ဖို့ လိုပါတယ်” ဟု ဆက်လက် ပြောသည်။
NCA ၏ ၄ နှစ်ပြည့် ရလဒ်မှာ ခရီးတထောက် ဖြစ်ကြောင်း၊ မတူူညီသည့် စနစ် အမျိုးမျိုးမှ ဖြတ်သန်းခဲ့ရသည့် လူ့ အဖွ့ဲ အစည်း ဖြစ်ပြီး နှစ်ပေါင်း ၇၀ အတွင်း တခါမှ မရှိခဲ့ဖူးသည့် နိုင်ငံရေး ဆွေးနွေးပွဲ စကားဝိုင်းများ ဖြစ်ပေါ်လာကြောင်း၊ ဖက်ဒရယ် ဆိုသည့် အယူအဆများကို လက်ခံလာကြောင်း၊ မတူညီသည့် အခြေခံများကို လက်ခံကျင်းပရန် စဉ်းစား လာကြသည်မှာ တိုးတက်သည့် အခြေအနေ ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အဆိုပါ နှစ်ပတ်လည်ပွဲသို့ NCA လက်မှတ် ရေးထိုးထားသည့် ၁၀ ဖွဲ့ကို ဖိတ်ကြားထားသော်လည်း ၉ ဖွဲ့သာ တက်ရောက် လာသည်ကို တွေ့ရသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဖွဲ့ (PPST) တွင် ယာယီ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင် စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှာ လမ်းခရီးစဉ် အခက်အခဲကြောင့် မတက်ရောက်နိုင်ကြောင်း သိရသည်။
NCA သည် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး တခုတည်း မဟုတ်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်ကဲ့သို့ အကောင် အထည် ဖော်ဆောင်ရွက်ရမည် ဆိုသည်ကို တိတိကျကျ စာချုပ် ဖြစ်သကဲ့သို့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေးကို မည်သည့် လမ်းကြောင်းမှ သွားမည် ဆိုသည်ကို တိတိကျကျ ဖော်ပြထားသည့် နိုင်ငံရေး လမ်းကြောင်း တခု ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ သက်ဆိုင်သူ ခေါင်းဆောင်တွေ အားလုံး အနေနဲ့ NCA ပါ သဘောတူညီချက်တွေကို အကောင်အထည် ဖော်ရာမှာ ကတိသစ္စာ တည်ကြဖို့ အင်မတန်မှ အရေးကြီးတယ် ဆို တာကို အားလုံး နားလည်ပြီး ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
ချင်းအမျိုးသား တပ်ဦး (CNF) ဒု ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ကလည်း “NCA စာချုပ် အကောင်အထည် ဖော်မှုကို ကျနော်တို့ ပြန်ပြီး သုံးသပ်မယ်။ ဖက်ဒရယ်မူ အခြေခံတွေကို ရအောင် ကြိုးစားမယ်။ ၂၀၂၀ အလွန်မှာလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်ပြီး ဆောင်ရွက်ဖို့ ကြိုးစားမယ် ဆိုတာ ပြင်ဆင်ထားတာ ရှိပါတယ်” ဟု ဆိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တပ်မတော် အနေနဲ့ NCA အပေါ်မှာပဲ ရပ်တည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြော ကြားသွားသည်။
၂၁ ရာစု ပင်လုံသည် တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးဆန္ဒကို ဦးစားပေးပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကို ခွဲခြားမြင်မှသာ လက်တွေ့တွင် အလုပ်ဖြစ်နိုင်မည်ဟု ယုံကြည်ကြောင်း လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
NCA မှာ မြန်မာ့ သမိုင်းကြောင်းတွင် ပထမဦးဆုံးသော ပြီးပြည့်စုံသည့် သဘောတူညီချက် စာချုပ်ဖြစ်ကြောင်း၊ အပစ် အခတ် ရပ်စဲရေးနှင့် ပတ်သက်ပါက အပစ်အခတ် ရပ်စဲရေးကို မည်ကဲ့သို့ ဆောင်ရွက်မည်ကိုလည်း ရေးသား ဖော်ပြထား ကြောင်း၊ အစုအဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများကိုလည်း မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်မည်ကို ရေးသား ဖော်ပြထား ပြီး ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ အင်စတီကျူမှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
၎င်းက “မြန်မာနိုင်ငံမှာ ဖက်ဒရယ်ကို သွားမယ် ဆိုပြီးတော့ အတိအလင်း ရေးထားတဲ့ တခုတည်းသော စာချုပ်က NCA ဖြစ်တယ်။ ဒါကြောင့်မိုလို့ ဒီ NCA ရဲ့ တန်ဖိုးက ကျနော်တို့ တိုင်းပြည်မှာ အများကြီး ကြီးတယ်။ တိုင်းပြည်ရဲ့ အနာဂတ် အတွက်လည်း အရေးကြီးတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်လည်း အရေးကြီးတယ်” ဟု ဆက်လက် ပြောဆိုသည်။
NCA နှစ်ပတ်လည် အခမ်းအနားသို့ လက်မှတ် ထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့မှ ၁ ဖွဲ့ တက်ရောက်နိုင်ခြင်း မရှိခြင်းမှာ မလာချင် ၍ မဟုတ်ကြောင်း၊ လာချင်သော်လည်း တစုံတခုသော အခက်အခဲကြောင့်သာ ပျက်ကွက်ရခြင်း ဖြစ်ကြောင်း၊ ထို့သို့ မလာ ဖြစ်သည့် အဖွဲ့အတွက်ပါ ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး ခွန် ဥက္ကာက ဆက်ပြောသည်။
ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ထိုးခဲ့ပြီး၊ NLD အစိုးရ လက်ထက်တွင် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ ၂ ဖွဲ့ အပစ်ရပ် လက်မှတ်ရေးခဲ့ခြင်း ဖြစ်သည်။
ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ မွန်ပြည်သစ် ပါတီ (NMSP) ၊ ရခိုင်ပြည် လွတ်မြောက် ရေး ပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ချင်း အမျိုးသား တပ်ဦး (CNF) ၊ ကရင် အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) ( KNU/ KNLA- PC )၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး စသည့် ၉ ဖွဲ့ တက်ရောက်ခဲ့သည်။
လက်ရှိတွင် ကချင် လွတ်လပ်ရေးတပ် (KIO)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့် စစ်တပ်(AA) တို့ ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် နှစ်ဖက် အပစ်ရပ် သဘောတူညီချက် ရရန် အစိုးရက ကြိုးပမ်းနေသည်။
သို့သော်လည်း လက်ရှိအချိန်အထိ ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။