၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားများ၏ တောင်းဆိုမှု များကို ဦးစားပေး စဉ်းစား ဆောင်ရွက်သင့်သည်ဟု ထင်မြင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် NCA ၄ နှစ်မြောက် အခမ်းအနားတွင် ပြောသည်။
“တပ်မတော် အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ရာမှာ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို ဦးစားပေးအဖြစ် အမြဲ ထည့်သွင်းထားတာ ရှိပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် လက်ရှိကာလ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင်လည်း တိုင်းရင်းသား အဖွဲ့အစည်းများ ပြောဆိုနေသည်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်ကြောင်း၊ ယင်းကိစ္စသည် ဦးစားပေး ဖြေရှင်းသင့်သည့် ကိစ္စ ဖြစ်ကြောင်း လည်း ၎င်းက ထောက်ပြသည်။
သို့သော် ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် ကြိုးပမ်းနေသည့် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်များကိုမူ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီဟု ဆိုကာ တပ်မတော်က အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခုလို ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် တိုင်းရင်းသားများကို ဦးစားပေးရမည် ဖြစ်ကြောင်း ပြောဆိုနေသော်လည်း လက်တွေ့ ဆောင်ရွက်ချက်များမှာ ပြောသည့်အတိုင်း မဖြစ်သေးကြောင်း နေပြည်တော် လွှတ်တော်မှ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်နေကြသည်။
“ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို သူတို့က စိတ်ကောင်းစေတနာနဲ့ ဆောင်ရွက်နေတယ်လို့တော့ သူတို့က ပြောချင်တာပေါ့။ လက်တွေ့မှာက သူတို့ရဲ့ လွှတ်တော်တွင်း ပွတ်တိုက်မှုတွေ ရှိနေပြီး သူတို့က ဒီသဘောထားတွေနဲ့ ဆန့်ကျင်နေတယ်”ဟု ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောသည်။
တပ်ချုပ်သည် ယခင် အစိုးရလက်ထက်က ဖြေလျော့ပေးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်သော နောက်ဆက်တွဲ ဇယားများကို ပြင်ဆင်ပေးထားပြီး ယင်းအခွင့်အရေးများတွင် ပြည်နယ်လွှတ်တော်များက ဥပဒေပြဌာန်း ရေးဆွဲခြင်းကိုပင် မလုပ်နိုင်သေးသည်ကို ထောက်ပြသွားကြောင်း ၎င်းက ပြောသည်။
ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ ချုပ် (SLND) ပါတီဝင်လည်း ဖြစ်သူ ဦးစိုင်းထွန်းအေးက “ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာကတော့ အများကြီးတော့ ကျယ်ပြန့်တာပေါ့။ ဒါပေမယ့် ဒီလွှတ်တော်ထဲမှာ လက်တွေ့ လုပ်ဆောင်ချက် ကတော့ ကျနော်တို့အနေနဲ့ ဘာမှ မမြင်ရသေးဘူးဗျ။ တပ်မတော်ဘက်က ပူးပေါင်းဆောင်ရွက်တာတွေ ဘာတွေလေ။ ၂၆၁ ပြင်ရုံလောက်နဲ့လည်း မရနိုင်သေးဘူး”ဟု ပြောသည်။
တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို လုပ်ပိုင်ခွင့် ပိုမို ရရှိစေမည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်နိုင်ရန် တပ်မတော်နှင့် အတိုက်အခံ ကြံ့ခိုင်ရေးပါတီတို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ် အတွင်းက လွှတ်တော်တွင်း ကြိုးစားခဲ့ကြသည်။
ထို့နောက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်များကသာ တိုက်ရိုက် ရွေးချယ်ခွင့် ရရှိစေရန် ရည်ရွယ်၍ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်သည့် ဥပဒေကြမ်းကို ကြံ့ခိုင်ရေးပါတီမှ ဦးဆောင် တင်သွင်းခဲ့သည်။
သို့သော် NLD ဦးဆောင်နေသည့် လွှတ်တော်က ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ လက ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်းရင်း မဲအသာဖြင့် အတည်ပြုနိုင်ခဲ့ရာ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကိစ္စကို ၎င်းတို့ လုပ်ဆောင်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ လုပ်ငန်းစဉ်အောက်သို့သာ ထည့်သွင်းခဲ့သည်။
ရခိုင်အမျိုးသား ပါတီမှ ဦးဖေသန်းက ယင်းပုဒ်မ ၂၆၁ တခုတည်း ပြင်ဆင်ရုံဖြင့် တိုင်းရင်းသားများ လိုချင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် များ မရရှိနိုင်ကြောင်း၊ အာဏာခွဲဝေခြင်း၊ သယံဇာတ ခွဲဝေခြင်းများ ပြုလုပ်နိုင်ရန် ဗဟိုချုပ်ကိုင်မှု လျော့ချပေးရန် လိုကြောင်း သုံးသပ်သည်။
ဆက်လက်ပြီး ဦးဖေသန်းက“ပြောချင်တာက ပါးစပ်က ပြောနေလို့ မဖြစ်ဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ၂၁ ပင်လုံမှာပဲ ဖြစ်ဖြစ် ဘယ်လောက်အထိ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ခွင့်ပြုနိုင်မလဲဆိုတဲ့ အဖြေအပေါ်မှာပဲ သူ့(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ပြောဆိုချက်ကို မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မည်ဟု ပြောဆိုပြီး၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် NLD သည် အာဏာရပြီး ၃ နှစ် အကြာတွင် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ လက ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်းရင်း မဲအသာဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ တိုင်းပြည်ကို ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်လိုသော်လည်း၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ဖြစ်နိုင်ချေ မရှိတော့ကြောင်း ၎င်း၏ ဂျပန်ခရီးစဉ်အတွင်း ဂျပန် သတင်းဌာနတခုသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုကိစ္စ အတွက် လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးရန် ပူးပေါင်း ကော်မတီတခု ဖွဲ့ထားသော်လည်း “တပ်မတော်က စိတ်အားထက်သန်မှု မရှိ”ကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲနိုင်လျှင် ထိုကိစ္စကို ဆက်လက် ကိုင်တွယ်နိုင်မည့် သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ယင်းလုပ်ရပ်ကို တပ်မတော်က ကြိုတင်သိရှိခဲ့ခြင်း မရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဂျပန်သတင်းဌာနတခုသို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
တပ်မတော်ကမူ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ရပ်တည် နေနိုင်ခြင်းကို မမေ့ရန် လိုကြောင်း၊ ၂၀၀၈ အခြေခံ ဥပဒေ အပါအဝင် တည်ဆဲဥပဒေများကို တိကျစွာ လိုက်နာပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများကိုသာ ထမ်းဆောင်ရန် လွှတ်တော်တွင် သတိပေး ပြောဆိုမှုများ ရှိခဲ့သည်။
လက်ရှိ အချိန်အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာ စိစစ်ရေး ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုနိုင်ခဲ့သော် လည်း တပ်မတော်၏ ထောက်ခံမှု မရသဖြင့် အောင်မြင်နိုင်ရေး မလွယ်ကူသေးသည့် အခြေအနေတွင် ဆက်ရှိနေသည်။
You May Also Like These Stories:
NCA စာချုပ်အပေါ် တိုင်းရင်းသား အဖွဲ့များ မျှော်လင့်ချက် ရှိနေဆဲ ဟုဆို
အကြမ်းဖက် လုပ်ရပ်များက “တိုင်းရင်းသား အခွင့်အရေးလား” ဟု တပ်ချုပ် မေးခွန်းထုတ်
အစိုးရ၏ ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည် အသိပေး