ရန်ကုန်မြို့တော်ကြီး ဆေးလိပ်ငွေ့ ကင်းစင်သည့် နယ်မြေဖြစ်ရန် ၅ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်နေသည်ဟု ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ဧရာဝတီသို့ ပြောသည်။
ယနေ့ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းရုံးတွင် ပြုလုပ်သည့် “တဆင့်ခံ ဆေးလိပ်ငွေ့သည် လူသတ်သည်” ဆိုသော မီဒီယာမှ တဆင့် လူထုလှုံ့ဆော် လှုပ်ရှားပွဲ စတင်ခြင်း အခမ်းအနားတွင် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
ဒေါက်တာ သန်းစိန်က “မြန်မာနိုင်ငံမှာ ဆေးလိပ်ကို ၂၅ နှစ် အထက်ဆိုရင်၂၃ ရာခိုင်နှုန်း ဆေးလိပ်သောက်တယ် ဆို တော့ တနည်းအားဖြင့် လူ ၁၀ သန်းလောက်က ဆေးလိပ်သောက်နေတယ်။ ကျန်တဲ့ ဆေးလိပ်မသောက်တဲ့ သန်း ၄၀ ကျော်က ဒီဆေးလိပ်ငွေ့ကို ရှူရှိုက်နေကြရတဲ့အတွက် ဒါကို အကာအကွယ်ပေးဖို့ ဒီလို လုပ်ငန်းတွေ ဆောင်ရွက်ရခြင်း ဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ၂၀၀၆ ခုနှစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေအရ အများပြည်သူပိုင် နေရာ များ ဖြစ်သော ရုံး၊ ဌာန၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အများပိုင် သယ်ယူပို့ဆောင် ရေး နေရာများ၊ ဆေးရုံ၊ ကျောင်းနှင့် ကုန်စုံဆိုင်များတွင် ဆေးလိပ် မသောက်သုံးရန် တားမြစ်ထားသော်လည်း ဟိုတယ်နှင့် စားသောက်ဆိုင်တချို့က လိုက်နာမှု အားနည်းနေသေးကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်း အနေဖြင့် လူထု လှုံ့ဆော်လှုပ်ရှားပွဲကို ရန်ကုန်မြို့ရှိ မြို့နယ် ၃၃ ခု အနက် မြို့နယ် ၁၀ ခု ကို ပထမ ဦးစားပေး ပြုလုပ်သွားမည် ဖြစ်ပြီး ထိုစီမံကိန်း အောင်မြင်ပါက မြန်မာနိုင်ငံ၏ တခြား မြို့ကြီးများတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မီဒီယာများမှ တဆင့်လူထုလှုံ့ဆော် လှုပ်ရှားပွဲတွင် ရုပ်မြင်သံကြား ဇာတ်လမ်းတို၊ ရေဒီယို ဇာတ်လမ်းတို၊ ပိုစတာများ၊ ဆို ရှယ်မီဒီယာနှင့် ရုပ်မြင်သံကြားမှ စကားဝိုင်းများလည်း ပါဝင်မည် ဖြစ်သည်။
ဆေးလိပ်ငွေ့သည် ဆေးလိပ်သောက်သူများကိုသာ အန္တရာယ် ဖြစ်စေသည် သာမက တခြားသူ သောက်လိုက်သည့် ဆေး လိပ်ငွေ့ကို ရှူရှိုက်မိခြင်းကြောင့် ကင်ဆာဖြစ်စေနိုင်ပြီး အသက်အန္တရာယ် ရှိကြောင်း ဒေါက်တာ သန်းစိန်က ဆိုသည်။
“တဆင့်ခံ ဆေးလိပ်ငွေ့ဟာ လူကို သေစေလောက်တဲ့ ရောဂါတွေ ဖြစ်စေတယ်။ အဲဒီတော့ ဆေးလိပ်မသောက်တဲ့သူတွေ အထူးသဖြင့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေက ဆေးလိပ်ငွေ့တွေနဲ့ ပြည့်နေတဲ့ အခန်းနဲ့ ဆေးလိပ်ငွေ့ ရှိတဲ့ နေ ရာမှာနေမယ် ဆိုရင် အန္တရာယ် ရှိနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိပါက ချောင်းဆိုး၊ ရင်ကြပ်၊ မောပန်းခြင်း၊ ပန်းနာရင်ကြပ် ဖြစ်ခြင်း၊ နာတာရှည် အသက်ရှူ လမ်းကြောင်း ကျဉ်းရောဂါ ဖြစ်နိုင်ပြီး ကိုယ်ဝန်ဆောင် မိခင်များက ပေါင်ချိန် မပြည့်သောကလေးများ မွေးဖွားခြင်း အပြင် အဆုတ်ကင်ဆာ၊ နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ ဆေးလိပ်ငွေ့ကင်းစင်ရေး စီမံချက်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး၂၀၂၂ ခုနှစ်တွင် မြို့တော်တခွင်လုံး ဆေးလိပ်ငွေ့ ကင်းစင်မြို့တော်ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းက ဆိုထားသည်။
ကမ္ဘာကျန်းမာရေး အဖွဲ့အစည်း(WHO)က ထုတ်ပြန်ချက် အရ ကမ္ဘာတဝှမ်း ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှုကြောင့် နှစ်စဉ် သေဆုံးသူပေါင်း ၈ သန်းကျော် အနက် တဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် သေဆုံးသူ ၁ ဒသမ၂ သန်း ရှိသည်ဟု သိရ သည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကလည်း ရန်ကုန်မြို့တွင် ဆေးလိပ်ငွေ့ ကင်းစင် စီမံကိန်းသည် ဆေးလိပ် သောက် သုံးသူများ၏ ကိုယ်ပိုင် အခွင့်အရေးကို တားမြစ်ပိတ်ပင်နေခြင်း မဟုတ်ပါဟု ထောက်ပြပြောဆိုခဲ့သည်။
၎င်းက “ဒီစီမံကိန်းဟာ ပြည်သူလူထု အတွက် ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ကျန်းမာရေး အတွက် သင့်တော် သာယာတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးခြင်းဖြင့် အများပြည်သူကို မိမိမသောက်သုံးဘဲ ရှူရှိုက်ရမယ့် တဆင့်ခံ ဆေးလိပ်ငွေ့တွေကနေ ကာကွယ်ပေးဖို့ ရည်ရွယ်ပါတယ်” ဟု ဆက်ပြောသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၆၈ နိုင်ငံ လက်မှတ် ထိုးထားသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံကလည်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် လက်မှတ်ရေး ထိုးထားသည်။