အနိမ့်ဆုံး လုပ်ခလစာနှုန်းထားသစ် ပြောင်းလဲ သတ်မှတ်နိုင်ရေး အတွက် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် စစ်တမ်း ကောက်ယူနေရာ အလုပ်သမားတဦး၏ စားဝတ်နေရေးဆိုင်ရာ ကုန်ကျစရိတ်မှာ ပျမ်းမျှအားဖြင့် တနေ့တာလျှင် ကျပ် ၇ ထောင်မှ ၉ ထောင်ကြား ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (CTUM) က သိရသည်။
CTUM မှ လူတဦးလျှင် တနေ့တာ လိုအပ်ချက် ဖြစ်သည့် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေး အပေါ်တွင် အဓိက ထားကာ စစ်တမ်းကောက်ခံခြင်း ဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်း၊ ကချင်၊ ကရင် ပြည်နယ်တို့တွင် ကွင်းဆင်းပြီး စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီဝင်၊ CTUM ဗဟိကော်မတီဝင်လည်းဖြစ်သူ ကိုဝင်း ဇော်က “ပြည်နယ်နဲ့ တိုင်းတွေမှာ တနေရာနဲ့ တနေရာတော့ မတူဘူး။ လူတဦးရဲ့ အနည်းဆုံး တနေ့တာ ကုန်ကျစရိတ်နဲ့ မိသားစုအလိုက် တလစာ ကုန်ကျစရိတ်ပေါ့။ စစ်တမ်းကို နှစ်မျိုးကောက်တယ်။ စစ်တမ်း ထွက်ရှိလာတဲ့ ပုံစံကတော့ သက် ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်တွေကတော့ ပျမ်းမျှအားဖြင့် တွက်မယ်ဆိုရင်တော့ ၇၀၀၀ နဲ့ ၉၀၀၀ ကြားမှာ ရှိတယ်” ဟု ပြောသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ အဖွဲ့ဝင်များကို၂၀၁၇ နှစ်ဆန်းပိုင်းက ဖွဲ့စည်းခဲ့ပြီး ကော်မတီ သက်တမ်းသည် ၃ နှစ် သတ်မှတ်ထားသည့် အတွက် ၂၀၂၀ ဖေဖော်ဝါရီလတွင် သက်တမ်းပြည့်မည် ဖြစ်သည်။
ထို့ကြောင့် သက်တမ်းမပြည့်မီ ကာလ၌ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ အဖွဲ့ဝင် များကို ပြန်လည် ရွေးချယ်ရမည်လည်း ဖြစ်သည်။
CTUM အဖွဲ့ဝင်အောက်ရှိ စက်မှုကုန်ထုတ် အလုပ်သမား၊ ဆောက်လုပ်ရေး အလုပ်သမား၊ ကုန်တင်ကုန်ချ အလုပ်သမား၊ စိုက်ပျိုးရေး အလုပ်သမား၊ သတ္တုတွင်း လုပ်ငန်း၊ သစ်လုပ်ငန်းတို့မှ အလုပ်သမားများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့နှင့် ပတ်သက်ပြီး တနေ့တာ အနည်းဆုံး ကုန်ကျနိုင်သည့်နှုန်းထားကို ကောက်ခံခြင်း ဖြစ်ကြောင်း CTUM က သိရသည်။
ယခု စစ်တမ်းမှ ရရှိသည့် တိကျသော နှုန်းထားတရပ်ကို နိုဝင်ဘာလတွင် CTUM မှ တရားဝင် ထုတ်ပြန် ကြေညာမည် ဖြစ် ကြောင်းလည်း ဆိုထားသည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေ အတွင်း ရေးမှူး ကိုသက်နှင်းအောင်ကလည်း “မီတာခတွေ တက်ပြီးနောက်ပိုင်းမှာ သေချာတာကတော့ လုပ်ခလစာ မလုံလောက်တော့ဘူး။ ဒါပေမယ့် နှုန်းထားကို မဆွေးနွေးခင်မှာ စစ်တမ်းကို တပုံစံတည်းဖြစ်အောင် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး လုပ်ခလစာ စစ်တမ်းကောက်ယူတဲ့ ပုံစံက အမျိုးမျိုး ကွဲပြားနေတယ်။ CTUM ကလည်း သူကောက်ချင်တဲ့ ပုံစံနဲ့ ကောက်တယ်။ MICS ကလည်း သူကောက်ချင်တဲ့ ပုံစံနဲ့ ကောက်တယ်။ အခြားအဖွဲ့တွေကလည်း သူအဆင်ပြေသလို ကောက်တယ်။ အဲဒါကို တပုံစံတည်း ဖြစ်အောင် စကိုင်တွယ်ရမှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် CTUM မှ စစ်တမ်းကောက်ယူရာတွင် တနေ့တာ ကုန်ကျစရိတ်မှာ ငွေကျပ် ၆၀၀၀ မှ ၆၆၀၀ ကြားသာ ကုန်ကျစရိတ် ရှိခဲ့သည်။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ ပြီး နည်းဥပဒေများကို၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်၌ ပြဋ္ဌာန်းခဲ့သည်။
အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံးအကြိမ် သတ်မှတ်နိုင်ခဲ့ပြီး နေရာ ဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်းဖြင့် တနေ့ အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။
အလုပ်သမား အဖွဲ့အစည်းများက အနိမ့်ဆုံး လုပ်ခလစာကို ကျပ် ၅၆၀၀ တောင်းဆိုထားသော်လည်း အလုပ်သမား အဖွဲ့အစည်း အများအပြား ကန့်ကွက်နေသည့် ကြားမှ ကျပ် ၄၈၀၀ ဖြင့်သာ ၂၀၁၈ ခုနှစ် မေလတွင် အတည်ပြုပေးခဲ့သည်။
အနည်းဆုံး အခကြေးငွေဥပဒေတွင် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂ နှစ် တကြိမ် သုံးသပ် ပြင်ဆင် ပြင်ဆင်ရ မည်ဟု ပြဋ္ဌာန်းထားသဖြင့် တတိယအကြိမ် နှုန်းထား ပြင်ဆင်မှုကို၂၀၂၀ မေလတွင် ပြင်ဆင် သတ်မှတ်ရမည် ဖြစ်သည်။
You may also like these stories:
အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ပြန်လည် ညှိနှိုင်းရန် သဘာတူညီမှုရ
ကျမတို့ အနေနဲ့ ညှိနှိုင်းရေး ယန္တရားတွေ အားကောင်းစေချင်တယ်
တတိယနှစ် ဥပဒေကျောင်းသား အားလုံး လူ့အခွင့်အရေး ဘာသာရပ် မသင်မနေရ စတင်