ရခိုင်ပြည်နယ်ပြဿနာကို လူမျိုးစုသုတ်သင်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဘာကူးတွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု (NAM) ဝန်ကြီးအဆင့်အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြားခဲ့ခြင်းကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ကန့်ကွက်လိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြဿနာအပေါ် ပြောကြားချက်ကို တုန့်ပြန်ရာတွင် ရခိုင်ပြဿနာသည် မှားယွင်းစွပ်စွဲထားသည့်အတိုင်း လူမျိုးစု တခုကို နိုင်ငံပြင်ပသို့ မောင်းထုတ်ခြင်းမရှိကြောင်း လွန်ခဲ့သောတပတ်က ကျင်းပသည့် အထက်ပါအစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် ဦးကျော်တင်က NAM ဝန်ကြီးများအားပြောကြားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
NAM နိုင်ငံနှင့် အစိုးရအကြီးအကဲများ၏ ၁၈ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်သည့် ဝန်ကြီးအဆင့် အစည်းအဝေးကို အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူးတွင် နှစ်ရက်ကြာ ကျင်းပပြီး အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ NAM တွင် ဖွံ့ဖြိုးဆဲကမ္ဘာမှ နိုင်ငံပေါင်း ၁၂၀ ပါဝင်သည်။
ရခိုင်ပြည်နယ်အကျပ်အတည်းသည် ဗြိတိသျှ ကိုလိုနီခေတ်မှ စတင်သည့် နယ်စပ်ဖြတ်ကျော်မှု ပါဝင်ပတ်သက်သည့် နိုင်ငံရေး၊ စီးပွားရေး ပြဿနာဖြစ်ကြောင်း ဦးကျော်တင်က ပြောသည်။ ထိုသို့ နယ်စပ်ဖြတ်ကျော်မှုသည် ဆင်းရဲနွမ်းပါးမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ဒေသတွင်းလုံခြုံမှုကင်းမဲ့ခြင်းတို့ကြောင့် အခြေအနေ ပိုမိုဆိုးရွားလာပြီး သမိုင်းတွင်အမြစ်တွယ်နေသော တင်းမာမှုများ၊ ဒေသခံလူမျိုးစု လူမှုအသိုင်းအဝန်းများနှင့် ဝင်ရောက်အခြေချသော လူမှုအသိုင်းအဝန်းအကြား အပြန်အလှန် ယုံကြည်မှု ကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့မှုတို့လည်း ရှိနေသည်ဟု သူက ရှင်းပြသည်။
ရခိုင်အကျပ်အတည်းသည် လွန်စွာရှုပ်ထွေးပြီး လူမှုအသိုင်းအဝန်းများအနေဖြင့် ယုံကြည်မှု တည်ဆောက်ရန်နှင့် သဟဇာတဖြစ်မှု တည်ဆောက်ရန် အခြေအနေနှင့်အချိန်အခါ လိုကြောင်း သူက ရှင်းပြပြီး နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များနှင့်အညီ ထိုပြဿနာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံက အသင့်ရှိကြောင်း သူက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်နေသောကိစ္စသည် တနိုင်ငံလုံးကို ကိုယ်စား မပြုကြောင်းလည်း သူက ပြောသည်။ တိုင်းပြည်၏ ကျန်နေရာများတွင် ဘာသာမတူသူ များသည် သဟဇာတဖြစ်စွာ နေထိုင်နေကြောင်းလည်း သူက ပြောသည်။
ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေသော ထိုဖြိုခွင်းမှုသည် အကြမ်းဖက်တိုက်ခိုက်မှုကို တုန့်ပြန်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထိုနေ့ကပင် တိုကျိုတွင် Nikkei Asian Review သို့ပြောသည်။ နိုင်ငံတကာ၏ လူ့အခွင့်အရေးအတွက် ပူပန်မှုများကို သူနားလည်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝန်းသည် ရခိုင်ပြဿနာမှ အကြမ်းဖက်မှု အစိတ်အပိုင်းများကို အာရုံစိုက်မှုနည်းသောကြောင့် စိတ်ပျက်ရကြောင်းလည်း သူက ပြောသည်။
၂၀၁၇ ခုနှစ် သြဂုတ်လတွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) က လုံခြုံရေးတပ်စခန်းများကို ချိန်ကိုက်တိုက်ခိုက်ပြီးနောက် ပြုလုပ်သော တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ ၇၃၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည်။ ARSA သည် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ကြောင်း အစိုးရကကြေညာသည်။ ကုလသမဂ္ဂက ထိုအကျပ်အတည်းသည် လူမျိုးစုသုတ်သင်မှု ဖတ်စာအုပ်ဥပမာအဖြစ် ဖော်ပြပြီး နိုင်ငံတကာလေ့လာသူများက လူမျိုးတုံးသတ်ဖြတ်မှုဟု ခေါ်သည်။ မြန်မာနိုင်ငံက ထိုစကားလုံး နှစ်မျိုးစလုံးကို ပယ်ချသည်။
ဘာကူးတွင်ကျင်းပသည့် ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် ရခိုင်ပြဿနာ ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို စိတ်ပျက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကဖော်ပြကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ရေးသားကြသည်။
ထိုသတင်းများအရ နိုင်ငံခြားရေးဝန်ကြီး အေကေ အဗဒူ မိုမန်က မြန်မာနိုင်ငံသည် ကတိပြုထားသော်လည်း ရိုဟင်ဂျာများကို ပြန်လည်ခေါ်ယူရန်အတွက် သင့်တော်သော အခြေအနေများ ဖန်တီးထားခြင်း မရှိကြောင်းပြောသည်ဟု သိရသည်။
ရိုဟင်ဂျာအကျပ်အတည်း ထပ်မံမဖြစ်ပေါ်ရေးအတွက် ရိုဟင်ဂျာများအပေါ် ရာဇဝတ်မှု ကျူးလွန်သူများကို အရေးယူသင့်ကြောင်းလည်း သူက ပြောသည်။
တုန့်ပြန်သည့်အနေဖြင့် ဦးကျော်တင်က ဘင်္ဂလားဒေ့ရှ်အနေဖြင့် နေရပ်မပြန်လိုသည့် ARSA အကြမ်းဖက်သမား အုပ်စုများနှင့် သဘောထားတင်းမာသူများ ကော့ဗဇားရှိ စခန်းများတွင်ရှိနေသည်ကို လျှစ်လျှူရှုမထားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြောသည်။
ထိုသူများသည် ၎င်းတို့၏ နိုင်ငံရေးအစီအစဉ်ကို ရှေ့တန်းတင်ရန်အတွက် နိုင်ငံတကာ ဖိအားပေးရန်ကိုသာတောင်းဆိုပြီး နေရပ်ပြန်ရေးအား ထောက်ခံသူများ ကိုလည်း ခြိမ်းခြောက်နေကြသည်။ ရိုဟင်ဂျာစစ်သွေးကြွများသည် စခန်းများတွင် လှုပ်ရှားနေပြီး ၎င်းတို့ကို အာခံသူများကို ခြိမ်းခြောက်နေကြောင်း ဂျာမန် ရုပ်သံဌာန DW က လွန်ခဲ့သောလက သတင်းဖော်ပြခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ စခန်းများတွင် ARSA မရှိကြောင်း ပြောသည်။
“အိမ်နီးချင်းနှစ်နိုင်ငံအကြား အရေးကြီးတဲ့ကိစ္စက ပြန်လည်ပို့ဆောင်ရေးကို အဟန့်အတား ဖြစ်စေမယ့် အတားအဆီးတွေကို ဖယ်ရှားဖို့ သဘောတူထားတဲ့ ယန္တရားအတိုင်း အတူတကွ လုပ်ဆောင်ဖို့ပဲဖြစ်တယ်” ဟု ဦးကျော်တင်က ပြောသည်။
မြန်မာနိုင်ငံက အကြိမ်ကြ်ိမ် တောင်းဆိုသော်လည်း နေရပ်ပြန်ရန် အထိအလင်း ပြောကြားထားသည့် ဟိန္ဒူ နေရပ်စွန့်ခွာ ၄၄၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်ပေးပို့ခြင်းမရှိကြောင်းလည်း သူက ပြောသည်။
ယခုအချိန်အထိ အင်္ဂါနေ့က ပြန်လာသူ လူ ၄၀၀ အောက်သာ နှစ်နိုင်ငံ သဘောတူထားသည့် လုပ်ငန်းအဆင့်ဆင့်အရ မဟုတ်ဘဲ ရခိုင်ပြည်နယ်သို့ ဆန္ဒအလျှောက် ပြန်လာကြသည်။ ထိုရိုဟင်ဂျာများသည် လှေဖြင့်ဖြစ်စေ၊ ခြေလျှင်ဖြစ်စေ နယ်စပ်ကို ဖြတ်ကျော်ပြန်လာကြသည်ဟု မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အဆိုအရ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
တဖက်နိုင်ငံရောက် ဘင်္ဂါလီ ၂၉ ဦး ၎င်းတို့ဆန္ဒအရ ပြန်ဝင်လာ
ငပုတောတွင် ဖမ်းမိသည့် ဘင်္ဂါလီ၂၉ ဦးကို ပြစ်ဒဏ် ၂ နှစ်စီ ချမှတ်
င်္ဂလားဒေ့ရ်ှမှ ပြန်လာသူ ၂၆ ဦးတွင် ARSA အဖွဲ့ဝင် ၁ ဦးပါလာ